Tuesday, October 29, 2013

ဂုဏ်ထူးဆောင်ရောမမြို့သူဆု ဒေါ်စု လက်ခံယူ

 ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုရ ဒေါ်အောင်ဆန်းစုကြည်။ (အောက်တိုဘာ ၂၇၊ ၂၀၁၃)

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ရောက်ရှိနေပြီး ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို လက်ခံ ရယူသလို တနင်္လာနေ့မှာ အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့
 တွေ့ဆုံမှာဖြစ်တဲ့အပြင် ပုပ်ရဟန်းမင်းကြီးနဲ့လည်း သီးခြား တွေ့ဆုံဖို့ ရှိပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို တနင်္ဂနွေနေ့မှာရောက်ပြီးတော့ ညပိုင်းမှာတော့ ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ရောမမြို့ကနေပေးတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံယူခဲ့တာပါ။ ညပိုင်းပွဲမှာ
တော့ ဒေါ်အောင်ဆန်းစုကြည်ကို ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignazio Marino - နိုင်ငံခြားရေး ၀န်ကြီး (Emma Bonino) နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ကြိုဆိုပြီးတော့ ဂုဏ်ထူးဆောင် မြို့သူဆုကို ချီးမြှင့်လိုက်
တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီ ဂုဏ်ထူးဆောင် မြို့သူဆုကို ၁၉၉၄ ခုနှစ်တုန်းက ရောမမြို့တော်ဝန် (Rutelli) ရဲ့လက်ထက်မှာ ချီးမြှင့်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရတာမို့ ဆုကို ကိုယ်တိုင် မယူနိုင်ခဲ့ပါဘူး။

အခု ဒီဆုကိုလက်ခံယူတော့ သူ့အနေနဲ့ ဒီဆုနဲ့ပတ်သက်ပြီးတော့ ဝမ်းမြောက်စွာနဲ့ လက်ခံယူတဲ့အကြောင်း ဒီဆုယူပြီးတဲ့မိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမအတွက်ကတော့ ဂုဏ်ယူစရာကောင်းရုံတင်မဟုတ်ပါဘူး။ ရောမမြို့သူဖြစ်ရတာကို  ပျော်ရွှင်ဝမ်းသာ
မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ငယ်ငယ် ကလေးဘဝကတည်းက ရောမမြို့အကြောင်းကိုသင်ဖူး၊
ကြားဖူးခဲ့လို့ပါပဲ။ ဒါကြောင့် ရောမမြို့သူဖြစ်ရတာ တကမ္ဘာလုံးရဲ့ မြို့နိုင်ငံသားလို့လည်း ပြောလို့ရပါတယ်
ရှင်။”

ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino ကလည်း ဒီဆု မချီးမြှင့်ခင်မှာ သူတို့အနေနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို တန်ဖိုးထားသလဲဆိုတာကို အခုလို ပြောသွားပါတယ်။

“ရောမမြို့အတွက်ရော အီတလီနိုင်ငံသားတွေအတွက်ပါ ခင်ဗျားဟာ ဥပဒေစံနမူနာ-ပါ။ ဒီမိုကရေစီ တောင်းဆိုကြတဲ့ နိုင်ငံတိုင်းအတွက်၊ နောက် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ရမယ်လို့ ယုံကြည်တဲ့လူတိုင်းအတွက် အခြေခံကတော့ သိက္ခာရှိတဲ့ နေထိုင်မှု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား- အဲဒီအတွက် ခင်ဗျားဟာ စံပြပါပဲ” ဆိုပြီးတော့ မြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino က အီတလီဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချီးမွမ်းပြောဆိုကြလို့မဟုတ်ဘဲ သူ့အနေနဲ့ ယုံကြည်ချက်
အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်-ဆိုပြီးတော့ မိန့်ခွန်းထဲမှာလည်း သူက ပြောသွားပါတယ်။

“လူတွေက ကျမကို သိပ်သတ္တိရှိတယ်၊ ဒါမှမဟုတ် သိပ်ကို မြင့်မြတ်တာတွေ လုပ်ခဲ့တယ်လို့ ပြောကြတယ်။ အဲလိုပြောတဲ့အခါတိုင်းမှာ ကျမအတွက် တွေးစရာ၊ အံ့သြစရာတွေ ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမအနေနဲ့ သာမန်လုပ်ရိုးလုပ်စဉ်ထက် ပိုပြီးတော့ လုပ်ခဲ့တာရှိတယ်လို့ မယူဆပါဘူး။ ကျမ ယုံကြည်တာ
ကိုပဲ လုပ်ခဲ့တာပါ။ ကျမ ယုံကြည်တဲ့လမ်းကြောင်းကိုပဲ ရွေးခဲ့တာပါရှင်။”

လာမယ့် ကြာသာပတေးနေ့ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါးမားမြို့ကချီးမြှင့်မယ့် ဂုဏ်ထူးဆောင်မြို့သူဆုကို ထပ်မံလက်ခံ ရယူဖို့ ရှိပါတယ်။ ကမ္ဘာ့သမိုင်း အမွေအနှစ်တွေ ကြွယ်ဝလှတဲ့ ဒီရောမမြို့ကြီးရဲ့ ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် အခုလို လက်ခံရယူတာနဲ့ ပတ်သက်ပြီးတော့ အီတလီနိုင်ငံမှာနေထိုင်တဲ့ ကိုနိုင်လင်းအောင်က ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

“ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူမဆုံး
ဖြစ်မိတယ်။ ဒီဆုကလည်း ပေးထားတာတော့ ကြာပါပြီ။ ကျနော်လည်း အရင်တုန်းက မျှော်လင့်ထား
တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့နေ့ကျရင် လာနိုင်ပါစေ-လို့ မျှော်လင့်ထားတာပေါ့နော်။ အဲဒီအတွက်ကို ကျနော် ဝမ်းသာမဆုံး ဖြစ်မိပါတယ်။”

အီတလီနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦး တုံ့ပြန်ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မနက်ပိုင်းမှာ အီတလီဝန်ကြီးချုပ်နဲ့ တွေ့အပြီး အီတလီသမ္မတ Giorgio Napolitano ကို သွားရောက်တွေ့ဆုံမှာ ဖြစ်သလို အီတလီ နိုင်ငံခြားရေးဝန်ကြီး (အန်းမား ဘိုးနီးနို့)နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ဖို့ ရှိပါတယ်။

နေ့လည်ပိုင်းမှာတော့ အီတလီအထက်နဲ့အောက် လွှတ်တော် (၂) ရပ်လုံးကို သွားရောက်လေ့လာပြီး ညပိုင်းမှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌ Pietro Grassoနဲ့ တွေ့ဆုံမှာ ဖြစ်သလို အီတလီ တရားရေးဌာန အကြီးအကဲ မစ္စ ဘိုဒရီနီ (Laura Boldrini) နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ရောမ ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံရယူခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ
အောက်တိုဘာ (၃၀) ရက် ဗုဒ္ဓဟူးနေ့၊ စိန့်လူစီးယား Saint Lucia ခန်းမမှာ လူထုပရိသတ်ကို မိန့်ခွန်းပြော
ကြားဖို့ ရှိပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်း အော်လာ မက်ဂ်နာ (Aula Magna)မှာ ဂုဏ်ထူးဆောင် တွေးခေါ်
ပညာရှင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး - ဗွီအိုအေ

SEA Games ကာလ မန္တလေးမှ နေပြည်တော် အထူးယာဉ်များ ၂၄ နာရီပြေးဆွဲမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကာလအတွင်း အားကစား ဝါသနာရှင်များနှင့် ဧည့်ပရိသတ်များ ပြိုင်ပွဲများ ကြည့်ရှုရာတွင် သွားလာရေး အဆင်ပြေစေရန်အတွက် မန္တလေးမှ နေပြည်တော်သို့ တစ်နာရီလျှင် တစ်စီးနှုန်းဖြင့် အထူးမှန်လုံ ယာဉ်ကြီးများ ၂၄ နာရီ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မန္တလေးမြို့တော် ပြည်ကြီးတံခွန် မြို့နယ်ရှိ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းမှ နေပြည်တော်နှင့် မန္တလေး တို့သို့ လက်ရှိ ယာဉ် ၂၇ စီး ပြေးဆွဲလျက်ရှိရာ ပွဲတော် ကာလအတွင်း အသွား ၂၄ စီး၊ အပြန် ၂၄ စီး စုစုပေါင်း ယာဉ် ၄၈ စီးဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း၊ ခရီးသည် လိုက်ပါ စီးနင်းမှု အခြေအနေအရ လိုအပ်ပါက ထွက်ခွာချိန်နှင့် ယာဉ်စီးရေ ထပ်မံတိုးမြှင့် စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမှ နေပြည်တော်သို့ ပြေးဆွဲနေသော ယာဉ်လိုင်း အရေအတွက် ၁၁ ခု ရှိပြီး ပွဲတော်ကာလအတွင်း ကားလက်မှတ်ခမှာလည်း အသွား ၄၅၀၀ ကျပ်၊ အပြန် ၄၅၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ ထပ်မံသိရသည်။
“နေပြည်တော်မှာ ပြုလုပ်မယ့် ပြိုင်ပွဲတွေကို သွားကြည့်ရမှာ အဆင်ပြေ သွားတာပေါ့။ ကားခကလည်း ၁၀၀၀ လောက် သက်သာတယ်။ ပြီးတော့ တစ်နာရီခြား တစ်စီးထွက်မှာဆိုတော့ နေပြည်တော်ကို ပြိုင်ပွဲ သွားကြည့်ဖို့ အဆင်ပြေသွားတယ်။ ကိုယ်ကြည့်ချင်တဲ့ ကစားနည်းပြိုင်ပွဲ စမယ့်အချိန်ကို ဒီကနေချိန်ပြီး သွားလို့ ရတာပေါ့” ဟု အားကစားဝါသနာ ရှင်တစ်ဦးဖြစ်သူ မန္တလေးမြို့ခံ အသက် ၂၅ နှစ်အရွယ်ရှိ ဦိးရဲထွန်းက ဆိုသည်။

SEA Games အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်နေ့အထိ ပထမဦးဆုံး လက်ခံပြုလုပ်မည် ဖြစ်သည်။

The Voice Weekly

ပြည်နှင်ဒဏ်ခံ တရုတ်နိုင်ငံသားများ ပတ်စ်ပို့သစ်ဖြင့် ပြန်ဝင်ရောက်ဟုဆို

ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ခံရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံကူး လက်မှတ်အသစ်ဖြင့် ပြန်လည် ဝင်ရောက်လာမှုများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေဆိပ်မှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ တစ်လလျှင် နှစ်ဦးခန့် ဖမ်းဆီးမိပြီး
 လေယာဉ်ဖြင့် နေရပ် ပြန်ခိုင်းရခြင်းများရှိကာ ဇူလိုင်လမှ စက်တင်ဘာလအထိ ခြောက်ဦးခန့် ရှိ ကြောင်း ၎င်းကပြောကြားသည်။

“အဓိကက ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ ဖရဲလာစိုက်နေတဲ့ တရုတ်နိုင်ငံသားတွေ များတယ်။ သူတို့ကို အမည်ပျက်စာရင်း သွင်းတာကို ပတ်စ်ပို့ အသစ်ကိုင်ပြီး လာကြတာမှာ လေဆိပ်မှာ မိတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရုတ်နိုင်ငံသားများသည် တောင်သူများထံမှ စိုက်ခင်းများကို နှစ်ချုပ်ဖြင့် တစ်လလျှင် အနည်းဆုံး တစ်သိန်းကျပ်ဖြင့် ငှားရမ်းကာ ဖရဲစိုက်ကြကြောင်း အဆိုပါ ဒေသခံ တောင်သူများထံမှ သိရသည်။
“တရုတ်ကုန်သည်တွေ ဧကထောင်ချီ ငှားပြီးတော့ ဖရဲစိုက်နေတာ။ မန္တလေးတိုင်းထဲမှာ လေးဦးလောက် ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလည်အပတ် ဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်နေသူများ တွေ့ရှိပါက စည်းကမ်းနှင့် မညီသဖြင့် အရေးယူမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်သူ နိုင်ငံခြားသား ၅၀၀ ဦး ဝန်းကျင်ခန့် ရှိပြီး ပညာရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အမည်ပျက် စာရင်းဝင်သူ တရုတ်နိုင်ငံသားတစ်ဦး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရ၍ အရေးယူခဲ့သည်။ ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များထဲမှ မြန်မာနိုင်ငံက အမည်ပျက်စာရင်း ကြေညာထားသူ တရုတ်နိုင်ငံသား Mr. Feng Shuiaing ကို စိစစ် တွေ့ရှိရသဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ် ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၇ (၂) အရ ယခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသားများတွင် တရုတ်လူမျိုး အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ပြည်ပရင်းနှီးမြှုပ်နှံမှု နေရာ အများစုတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများဖြစ်ပွားနေဟုဆို

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဗဟိုအစိုးရအနေဖြင့် တိုက်ရိုက် လက်ခံစီမံခန့်ခွဲနေသည့် နေရာ အများစုတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခ ဖြစ်ပွား နေသည်ဟု မြန်မာ့ငြိမ်း ချမ်းရေး စောင့်ကြည့်ရေးအဖွဲ့ က ပြောကြားသည်။ အောက်တို ဘာ၂၈ရက်က ဗိုလ်တထောင်မြို့နယ်၌ မြန်မာ မီဒီယာစာကြည့်တိုက် တွင် ပြုလုပ် သည့် မြန်မာ့ငြိမ်းချမ်းရေးစောင့် ကြည့်ရေးအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့ စီးပွားရေး အခြေအနေ နှင့်ပတ် သက် ၍ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခြင်းဖြစ်သည်။

ယင်းအဖွဲ့မှ ဦးဝင်းအောင် က ''ဖြစ်တဲ့နေရာတွေမှာ တစ် နိုင်ငံလုံးခြုံကြည့် ရင် သံလွင်ရေ ကာတာခြောက်ခုရှိပါတယ်။ မြစ် ဆုံရေကာတာရှိတယ်။ ချင်းတွင်း ရေကာတာရှိတယ်။ ရခိုင်ပြည်မှာ အထူးစီးပွားရေးဇုန်ရှိတယ်။ ရေနံ နဲ့ သဘာဝ ပိုက်လိုင်း တွေရှိတယ်။ ဒါတွေက ဗဟိုအစိုးရကနေပြီးတော့ သမ္မတဦးသိန်းစိန် လက်ထက်မ တိုင်ခင်ကတည်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ၊ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းချုပ်ဆို ခဲ့တဲ့စာချုပ်တွေပေါ် မှာ ဖြစ်ပေါ် လာတဲ့ နိုင်ငံရေး အခင်း အကျင်း တွေ စီးပွားရေး ထိန်းချုပ်မှုတွေ လို့ ပြောလို့ရပါတယ်။ ပြည်သူ လူထုသဘောတွေမပါဘဲ သက် ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် အစိုးရသဘောတွေမပါဘဲ သုံးသပ် လို့ရပါတယ်''ဟုပြောသည်။

ယင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကြောင့် ပဋိပက္ခတိုက် ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက် ၍ သာဓကအဖြစ် ၂၀၁ဝပြည့်နှစ် ရှမ်းပြည်နယ် သီပေါနှင့် နမ့်ခန်း မြို့နယ်ကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြစ်ပြီး ယင်းဒေသတွင် KIA  အပါအဝင် TNLA နှင့် ရှမ်း ပြည်နယ်ရှိ ရှမ်းတပ်မတော်များ ၏ထိန်းချုပ်မှုအောက်ရှိ စီမံကိန်း ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀၀၉ခုနှစ် ဩဂုတ်လ တွင်လည်း တရုတ်အမျိုးသားပိုင် ရေနံကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်တည် ဆောက် မည်ဟု တရားဝင်ကြေညာအပြီး တစ်ပတ်အကြာတွင် တပ်မတော် နှင့် '၀'တပ်မတော်တို့ တိုက်ပွဲ များဖြစ်ပွားခဲ့သည်ကို သာဓက အဖြစ်တွေ့ခဲ့ကြောင်း ယင်းက ဆက်လက်ပြောသည်။ 

ယင်းကဲ့သို့စီမံကိန်းများ အတွက် ပဋိပက္ခဖြစ်ပွားခြင်းမှာ တိုင်းရင်းသားဒေသများ သာမက လက်ပံတောင်းတောင်ကဲ့သို့ လယ်ယာမြေပဋိပက္ခများနှင့် တခြား ပဋိပက္ခများကို ဖြေရှင်းရန်အတွက် စိန်ခေါ်မှုများ၊ လက်ရှိပြဌာန်းထား သည့် ဥပဒေများ ၏ အားနည်း ချက်များ၊ လူ့အရင်းအမြစ်များ မရှိသည့် အခက်အခဲများကိုလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း ယင်း ကဆက်လက်ပြောသည်။

အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်လည်း နိုင်ငံ၏ဆင်းရဲမွဲ တေမှုအား ၁၆ရာခိုင်နှုန်းအထိ လျှော့ချလုပ်ဆောင်ရန် ပြောဆို မှုများရှိကာ ယခုအခါတွင် အစိုး ရအနေဖြင့် တစ်စုံ တစ်ရာ ဆောင် ရွက်နေမှုများရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် ရေးကော်မတီဖွဲ့စည်းခြင်း အပါ အဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံ ရေးဆွေးနွေးပွဲများ တခြားပွင့် လင်းမြင်သာမှုကိစ္စများကို ဆက် တိုက် ပြုလုပ်လာခဲ့သည်ကိုလည်း တွေ့ရကြောင်းလည်း မြန်မာ့ငြိမ်း ချမ်းရေးစောင့်ကြည့်ရေးအဖွဲ့မှ ပြောသည်။

ကောင်းမြတ်ကျော် ၊ စိုင်းဟန် - Yangon Media Group

Monday, October 28, 2013

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

G.27.10.2013
သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို
 အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်
ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။
အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။

ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွား
တာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်
ကိုယ့်ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။

အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်း
ဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွား
ခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာတွင် အစား
ထိုး၍ ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်းဆက်လက်ထုတ်ဝေ၍
 ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့် ရဟန်းရှင်လူ ပြည်သူလူထုကြီးအား အသိပေးကြေညာခြင်းကိုလည်း ဦးမိုးဟိန်းက အောက်တိုဘာ ၂၆ ရက် သူရိယနေ၀န်းဂျာနယ်တွင် ထည့်သွင်းခဲ့သည်။

သူရိယအလင်းဂျာနယ် ရပ်ဆိုင်းကြောင်းကို အောက်တိုဘာ ၂၁ ရက်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာ
မှတစ်ဆင့် ထုတ်ဝေသူဦးယုနိုင်က ကြေညာခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးနစ်နာစေမည့် ဆောင်းပါးများနှင့်
ပတ်သက်၍ နစ်နာမှုရှိခဲ့ကြသည့်ပုဂ္ဂိုလ်များကို သူရိယအလင်းဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့မှ
တောင်းပန်ကြောင်းကို အောက်တိုဘာ ၂၁ရက် တနင်္လာနေ့ထုတ်ကြေးမုံ သတင်းစာ၌ပင် ထည့်သွင်းဖော်ပြ
ခဲ့သည်။

သူရိယအလင်းဂျာနယ်ကဲ့သို့မီဒီယာတစ်ခုအပေါ်ဖိအားပေးခံရသည့်ဖြစ်စဉ်တစ်ခုလည်း မြန်မာသံတော်ဆင့်
ဂျာနယ်က တွေ့ကြုံခဲ့ရကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြချက်အရသိရသည်။ သံတော်ဆင့်
အယ်ဒီတာများကို ကြံ့ခိုင်ရေးသတင်းဌာန တာဝန်ခံခြိမ်းခြောက်ဟူသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန(သတင်းဌာန) တာဝန်ခံဌာနမှူးဖြစ်သူ ဦးကျော်သူရက မြန်မာသံတော်ဆင့် အယ်ဒီတာများနောက်သို့ SP နှင့်သတင်း
ထောက်လှမ်းရေးများ လိုက်နေပြီဖြစ်ကြောင်း တာမွေအောင်ကို၏ ယခင်က ကြံ့ခိုင်ရေးလုပ်ရပ်များကို ဖော်
ထုတ်ရေးသားမှုများအတွက် လည်းဖြတ်ခံရမည်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးသလိုလိုဖြင့် တယ်လီဖုန်း
ဆက်သွယ် ခြိမ်းခြောက်ပြောကြားကြောင်း ယခင် ပြည်ခိုင်ဖြိုးမြို့နယ် အတွင်းရေးမှူးဟောင်း သတင်းစာ
ပညာသင်တန်းဆင်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ် ရပ်ဆိုင်းပြီးနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည့် သူရိယနေ၀န်းဂျာနယ်တွင် “သမ္မတထံသို့ အိတ်ဖွင့်ပေးစာ”၊ “အောက်တိုဘာ ၁၈ ရက် ညဥ့်သန်းခေါင်ယံတွင် သူရိယအလင်း ဂျာနယ်တိုက်သို့ လူ ၁၅ ဦးခန့် အဓမ္မ၀င်ရောက်၍ ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများ ယူဆောင်သွားသည့်အပြင် ဂျာနယ်ကိုပါ ရပ်ဆိုင်းခံလိုက်ရပြီး အနိုင်ကျင့် ဗိုလ်ကျခံလိုက်ရသည့်ကိစ္စအား သမ္မတကြီးမှ ကိုင်တွယ်ဖြေရှင်း၍ တရားမျှတသော အဖြေတစ်ရပ်ရှာဖွေပေးပါရန်” စသည့်စာသားတို့ကိုလည်း ထည့်သွင်းရေးသားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ဦးမိုးဟိန်း၏ ဖုန်းနှင့် ဂျာနယ်တိုက်ရှိ ဖုန်းအား ဆက်သွယ်
မေးမြန်းခဲ့ရာတွင် ဖုန်းပိတ်ထားသည်နှင့်သာ ကြုံတွေ့ခဲ့ရသည်။ သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ၎င်းတို့၏လိပ်စာ အမှတ် ၆၈၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်သို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်သွား ရောက်စုံစမ်းရာတွင်လည်း ရုံးခန်းပိတ်ထားသည်ကို တွေ့ရှိရသည်။
သူရိယနေ၀န်းဂျာနယ်၏ ထုတ်ဝေသူမှာ ခင်အေးဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှာ နေ၀န်းခေတ် မိုးဟိန်း(ခ)မိုးဟိန်းဖြစ်ကာ နေပြည်တော်ရုံးခွဲ၊ မန္တလေးရုံးခွဲများကိုလည်း ဖွင့်လှစ်ထားသည်။

Eleven

““ဗုဒ္ဓလမ်းညွှန်ခဲ့သော ဝေဖန်ပိုင်းခြား၊ စဉ်းစားဆင်ခြင် စကားဆိုခြင်း””

ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာ
တွေမှာ သူတို့ကျောင်းရဲ့ သင်ရိုးအဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်းခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာ
နိုင်ငံသား ဆရာများ အတတ်ပညာ သင်တန်းမှာ ဒီသင်ကြားနည်းကို ထိတွေ့ခွင့်ရခဲ့ပါတယ်။

‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစား
တွေးတော ရတာတွေဟာ ခက်ခဲသလိုရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင် အသုံးပြုခဲ့တဲ့ သင်ကြားနည်းဖြစ်ကြောင်း ဆရာ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေး
တင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာ
သမားက ပြောသည်ဆိုသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။

ဒီအဆိုကိုဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစား
ဆင်ခြင်တတ်ဖို့ လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။

မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ ၀စီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ် မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာမှာလည်း သုဘာသိသာစ ယာဝါစာ
ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရားဖြစ်တယ်လို့ ဟောကြားခဲ့ပါတယ်။

ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။
ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့ ‘လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက် ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။

ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။

၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။

နံပါတ်(၁) အမျိုးအစားကတော့ ပြည့်စုံတဲ့ စကားအမျိုးအစားပါ။

နံပါတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့
နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့ စကား
မျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။

နံပါတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့
ပေါ့(ပ်)သတင်း စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာ
ရှိပေမဲ့ အကျိုးမရှိပါဘူး။

နံပါတ်(၄) က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါလိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။

နံပါတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်
သူတွေ ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာ
လှိုင်းထဲ မြောပါ သွားတတ်ပါတယ်။

နံပါတ်(၆) ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။

မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုး ကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။ မှန်လည်းမှန်၊ အကျိုးလည်းရှိမယ် ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ
ပြောသင့်ပါတယ်တဲ့။

စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
နေအိမ်အကျယ်ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကိုအခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။

ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိ
ကြောင်းပါ။

ဆောင်းပါးရှင် - ခင်လေးငယ်

ကောင်းကင်ပြာ

Sunday, October 27, 2013

အင်း...လွဲလွဲလေးပဲကောင်းပါတယ် ~~

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… 
 လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။

ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကိုစေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူ
ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…
"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ
လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာ
သမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… "
အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့ အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း တယောက်ပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…
"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့ အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို ဒီအိမ်ထဲမှာပဲ 
ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့ ဒီဆိုဖာပေါ်မှာရယ်…
 ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ.. အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်
တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ ခြောက်မျိုးလောက်
ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့ အခါကျတော့ 
အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန် ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော် လေးနာရီတိတိ အချိန်ပေးခဲ့ရ
တယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော် ကလေးလေးက
ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်.. ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်းပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်
လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ မခက်ပါဘူးလေ။ အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။ သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓေါ… ဘုရား.. ဘုရား… "

"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။ အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့… အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်
ရှိတယ်။ လူက တအားများလေတော့ အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့ ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်း
ပေးတယ်… အမှန်က ကျနော်က နောက်ထပ် နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့… ကဲ… အခုပဲ စကြမလား… ကျနော် ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ ကြားလိုက်ရော "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးမောင်ကြီး