(ဇာတ်လမ်းအကျဉ်း)
နိုင်ငံကျော်မမကြီး သေဖော် ညှိမှုကြောင့်
နိုင်ငံကျော်ကြီးများ ဆတ်ဆတ် ခါကုန်သည်။
စိတ်မထိန်းနိုင်သူများက ခုံကို
လက်သီးဖြင့် ဒုန်းခနဲထုကြသည်။ တချို့က နံရံကို ခေါင်းနှင့်
ပြေးဆောင့်ကြသည်။ ခေါင်းအုံးလေးခံပြီး ဆောင့်တာမို့ သိပ်မနာ။ ဇာတ်လမ်းက ဒီက
စသည်။
ဘာပဲဖြစ်ဖြစ် မမကြီး ဒီလိုလုပ်လိမ့် မည်ဟု သူတို့မထင်ထား။ အခုတော့
ဘူးပေါ်သလို ပေါ်ပြီ။
ဖွဘုတ်မှ မိုးဇေဆိုသူက ရဲမှတ်တမ်းများကို လက်ကမြင်း၍
ဖော်ထုတ်လိုက်၍ ဖြစ်သည်။
“Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်း
တောက်စေရမည်” ဟုလည်း ကြွေးကြော်ထား၏။ တကယ်ပင် နိုင်ငံကျော်တို့ခေါင်း
မီးတဟုန်းဟုန်း တောက်ရလေသည်။ မမကြီးဒေါပွ၏။
မိတ်ဆွေများကို
မျက်နှာချိုသွေးရ၏။ “သေနာကျ... ဝက်မြေး၊ လဒ မယားပါသား၊ ဖေတစ်ရာ
မောင်တစ်ကျိပ်ကောင်” ဟုလည်း စိတ်ထဲမှ ကြုံးဝါး ၏။ ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်လာ၍ အဘထရှူဆေးဘူး ကိုသာ လက်မှာ ကိုင်ထားရ၏။
တကယ်တမ်းတော့ ရဲကိုကိုတို့
ခေါ်ယူစစ်ဆေးစဉ်က ဒီအခန်းထဲ ဘယ်သူမှ မရှိလောက်ပါဘူးလေ... ဟု ဖြေသိမ့်ကာ
မမကြီး အတင်းတုပ်ခဲ့ခြင်း ဖြစ်သည်။ ရဲကိုကိုနှင့် ရဲမမတို့က
ပန်းရောင်ဆေးပြား
လေးများ သုံးစွဲမှုဖြင့် မမကြီးကို ခေါ်ကြပ် ခြင်းဖြစ်သည်။
ဘယ်သူတွေ သုံးသေးလဲဟင် .. လို့လည်း မေးသည်။ မမကြီး စိတ်ထဲတွေ့တာ
လျှောက်ပြောလိုက်၏။ ထိုမှတ်တမ်းများက ဘယ်ကောင် ကမြင်းသည်မသိ။ ဖွဘုတ်ပေါ်
ရောက်လာသည်။ မြွေကိုက်ပြီ။ မမကြီး ငိုချင်သည်။ ရုပ်ရှင်ရိုက်ရာတွင်
သုံးလေ့ရှိသော မျက်ရည်အတု ဘူးလေးကို မျက်စိထဲ ထည့်လိုက်သည်။ မျက်ရည်တစ်စက်က
တောက်ခနဲ ကျသွား၏။ အကယ်ဒမီရှော့။ သေဖော်ညှိခံရသည့် နိုင်ငံကျော်ကြီး
ကိုဗြင်းက “အနော် လူကြီးလူကောင်းပါ။ ဒါမျိုး ဘယ်လုပ်ပါ့မလဲညော်” ဟု
ခပ်တည်တည် ပြော၏။ ပန်းရောင်ဆေးပြား ဆယ်ပြား ချေးသွားသည်ဟု အစွပ်စွဲ ခံရသည့်
နိုင်ငံကျော်ကြီး ဒါရိုက်တာ လူမိုက်ရိုက်တီး ကမူ “ချေးပြီး ပြန်မဆပ်တဲ့
အကျင့်ကို ပြင်မှ” ဟု နောင်တ ကြီးစွာရလေ၏။ ဆေးငါးပြား ချေးသွား၍
ပြန်ဆပ်သည်ဟု ထုတ်ဖော်ခံရသူ မင်းသားကြီး ကိုဒေဝေါက “တော်ပါသေးရဲ့” ဟု
သက်ပြင်း ချရှာ၏။ အတော်လေး ဟော့သည့် မင်းသမီး ပတ္တမြားဝလက်လည်း အတင်း
တုပ်ခံရသည့် ဇာတ်လမ်းတွင် ပါဝင်သောကြောင့် ဆွေ့ဆွေ့ ခုန်ရှာသည်။
သို့သော်လည်း “ဒါ ကျွန်မ အောင်မြင်တာကို မနာလိုလို့ တိုက်ခိုက်တာပဲ” ဟု
ဟန်ကိုယ့်ဖို့ ပြောရှာ၏။ ပရိသတ် တို့ကမူ “ဘာခုမှ ကြောက်ပါပြီလဲ” ဟု သြဘာ
ပေးကြကုန်၏။ ရဲကိုကို တို့လည်း မျက်နှာ ပျက်ရလေသည်။ သေချာ သိမ်းဆည်းထားသည့်
မှတ်တမ်းများ ဘယ်ပုံ ဘယ်နည်းကြောင့်
ပေါ်သွားရသနည်းဟု
ခေါင်းချင်းဆိုင်ကုန်၏။ ရှက်ရမ်းရမ်း၍ ဖော်ထုတ်မည် တကဲကဲ ဖြစ်ကြကုန်၏။
တကယ်တန္တု သည်ကိစ္စ၏ လက်သည်တရားခံကား ပန်းရောင် ဆေးပြားများ ဖြစ်၏။
သို့ကလိုကြောင့် ပန်းရောင်ဆေးပြား တွေကို နောက်ဘယ်တော့မှ မပတ်သက်တော့ ဟု
ဟိုးဟိုးကျော် တစ်သိုက်များ ဆုံးဖြတ်လိုက် ကြ၏။ အဖြူရောင်ဆေးပြား
ပြောင်းသုံးရင် ကောင်းမလား ဟုလည်း မဝံ့မရဲ တွေးမိကြ
သည်။ သို့ပေသည့် ဒါက
ပိုရှော့ခ်ရှိသည်။ ထို့ကြောင့် အသူရာ ရည်ကလေးသာ မှီဝဲနေရန် စဉ်းစား
မိကြသည်။
သို့သော် နိုင်ငံခြားဖြစ် မှောင်ခို အသူရာရည်များ မှာလည်း မဆလခေတ်
ဂဠုန်စီမံချက် ကဲ့သို့ မီးဖိုချောင် စားအိုး၊ ဆန်အိုး၊ နနွင်းအိုး ပါမကျန်
ပိုက်စိတ်တိုက် လှန်လှောရှာဖွေ စစ်ဆေးနေသော ကြောင့် သ/မ အရောင်းဆိုင်
ကောင်တာ များကဲ့သို့ ပြောင်တလင်း ခါနေပြန်သည်။ ထို့ကြောင့် ဟိုနား သည်နား
တီးတိုး သဖန်းပိုးကာ လက်တို့ ဝယ်နေရ၏။ သောက်နေတာ ကောင်းပါတယ်လေဟု နောင်တလေး
ရကြ၏။ ဖွဘုတ်တွင် ဖွသူ အမည်မသိ ရှေးစာဆိုကြီးက ဒူးလေးတနန့်နန့်ဖြင့်
သွားကြားလေး ထိုးကာ မြိန့်မြိန့်ကြီး ပြုံးလေသည်။ နောက်ထပ် ဖွစရာ လူတွေ
အများကြီး ကျန်သေးတယ်ဟု ကြိမ်းဝါးသောကြောင့် အနုပညာ လောကတစ်ခုလုံး
ကြက်သီးမွေးညင်း ထကုန်သည်။ မိမိက တစ်ဦးတည်း မဟုတ်ကြောင်း၊
ဂိုဏ်းကြီးတစ်ဂိုဏ်းဖြင့် လှုပ်ရှားနေသူ ဖြစ်ကြောင်းလည်း ပြောပြန်သည်။
ထို့ကြောင့် အမည်မသိ ရှေးစာဆိုဟု အမည်ခံသော အနှီ သကောင့်သားကို
မြေလှန်ရှာကြ ကုန်သည်။ ထပ်မဖွရန်လည်း တိတ်တိတ်လေး ဆက်သွယ်၍ နှုတ်ပိတ်ရန်
ကြိုးပမ်းကြ ကုန်သည်။ ဇာတ်ပေါင်းသော် မိုးဇေကြီး ဆိုသူက ဘာကြောင့်မှန်းမသိ
ကျိကျိတက် ချမ်းသာသွား လေသတည်း။ အကယ်ဒမီရှော့ပွဲကြီး သို့နှင့် အကယ်ဒမီ
ရှော့ပေးပွဲကြီး စပြီ။ ဆီးဂိမ်းကြီး ပြီးသွားပြီး တစ်ပတ်လောက် ရောင်းအား
ကျသွားသော ဂျာနယ်များ ရောင်းကောင်းပေ ဦးတော့မည်။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာလ
ကတော့ ဂျာနယ်တွေ အတွက် တွက်ခြေကိုက်သည်ဟု ပြောရမည်။ လူစိတ်ဝင်စားသည့်
သတင်းတွေက များသည်။
ဒီပွဲပြီးရင် မြစ်ဆုံလည်း ကျန်သေးသည်။ အကယ်ဒမီပွဲကို
ဖိတ်စာ နှင့်တကွ ကြွရောက်ပါ ဆိုသော ဖိတ်စာကို ဖိတ်သူမရှိဘဲ ကိုယ်တိုင်
သွားယူရတာလေး တစ်ခုပဲ ပြောစရာရှိသည်။ ဖိတ်ဖိတ် မဖိတ်ဖိတ် လောလောဆယ်
ပေါက်ဈေးဖြင့် ဈေးကွက်ထဲတော့ ရောက်နေလေသည်။ ဖိတ်စာကို အနုပညာရှင်တွေ
တိုးဝှေ့ပြီး သွားထုတ်ကြရသည်။ အကယ်ဒမီပွဲ ဗန်းကိုင်နေရာ အတွက်လည်း
တိုးဝှေ့တန်းစီရသည်။ ဗန်းတကာ့ဗန်းထဲ ဒီဗန်းက ဈေးကြီးပုံရသည်။ အကယ်ဒမီက
နတ်ကြီးသည်ဟု
ပြောကြသည်။ နတ်ကြီးလျှင် ဂွကြီးကြီးနှင့် ကိုင်ရသည်ကို
သိသည့်သူများ ကတော့ အဆင်ပြေလှသည်။ ဘယ်သူတွေ သရုပ်ဆောင်ဆု ရကြမလဲ အတိအကျ
မပြောနိုင်သော်လည်း နောက်ခံတီးလုံးဆု ကတော့ ဆိုင်ဝိုင်းနဲ့ တီးတဲ့ ဇာတ်ကား
ရမည်မှာတော့ သေချာသလောက်ပင်။ ပရိသတ်အများစု ကတော့ မင်းသမီးတွေ ဘာဝတ်မလဲ
စိတ်ဝင်စားကြသည်။ အမျိုးသား သရုပ်ဆောင်တွေ ကတော့ တိုက်ပုံနဲ့ပုဆိုးပဲ
ဆိုတော့ သိပ်စိတ်ဝင်စား ကြပုံမရ။ အဲ ... နှင်းဆီသခင်ကြီး ဘယ်လို
ထွင်မလဲတော့ စိတ်ဝင်စားပုံရသည်။ နာမည်ကြီး ဒါရိုက်တာတစ်ဦး ကတော့
ရိုးရာဝတ်စုံကို အဆန်းမထွင်ဖို့ တိုက်တွန်းတာ တွေ့ရသည်။
အကယ်ဒမီသည်
အနုပညာရှင် ဆဲလစ်ဗျစ်တီများ ရင်တခုန်ခုန် ရှိကြသကဲ့သို့ တစ်နိုင်ငံလုံး
ပရိသတ်ကြီး မှာလည်း စိတ်ဝင်စားနေကြသည်။ ဈေးထဲမှာလည်း ဇာတ်ဆောင်ဆုကို အကြွေး
ယူတတ်သည့် ကိုဒေဝေါ ရမည်ဟု ဆိုကြသည်။ ဇာတ်ပို့ဆု ကိုဗြင်း ဟုလည်း
ဆိုကြပြန်သည်။ ဝေဖန်သူ အချို့က ကိုသဝေထိုးက
နှုတ်ခမ်းလေးတွေ ရဲနေသည့်အတွက်
အကယ်ဒမီ မဖြစ်နိုင်ဟု မှတ်ချက် ပေးကြသည်။ အမျိုးသမီး အများစုက
ထို့သို့ပြောကြခြင်း ဖြစ်သည်။ အမျိုးသား အများစုက မစိုး၊ မစိုး
ဖြစ်နေကြသည်။ အမြင်မတူသူ အချို့ကတော့ မဆိုးတို့ ညီအစ်မတွေပဲ ရမှာပါ
ဖွဘုတ်ကြီးတွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ကြသည်။ အကယ်ဒမီရှော့ ဆုအတွက်
ဇာတ်ကား တစ်ကားသည် အလွန့်အလွန်ကို နာမည်ကြီးနေသည်။
ဇာတ်ကား နာမည်က
“ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဖြစ်သည်။ ထိုဇာတ်ကားတွင် ဆဲလစ်ဗျစ်တီ
အနုပညာရှင် တော်တော်များများ သရုပ်ဆောင်ထား ကြသည်။ အဓိက အမျိုးသမီး
သရုပ်ဆောင် မစိုးကြီး မဆိုးလေးတို့ ညီအစ်မ။ ဇာတ်ပို့ ပတ္တမြားဝလက်၊ ဖူးလေး။
အမျိုးသား အဓိက သရုပ်ဆောင်များသော အကြွေးယူတတ်သည့် ကိုဒေဝေါ၊
ဒိုင်လျှိုကိုဗြင်း တို့ဖြစ်ကြသည်။ ဇာတ်ပို့တွင် ကိုမော်တို့လို
သရုပ်ဆောင်သည်။ ဇာတ်ညွန်းမှာ ဆိုက်ကားသမား၊ အရက်သမား၊ ဘီအီးသမား
အများစုကြိုက်သည့် မိုးဇေ ဆိုသူဖြစ်သည်။ ဒါရိုက်တာမှာ လူမိုက်ရိုက်တီး
ဖြစ်သည်။ နောက်ခံတေးသီချင်းကို အာအာတို့ ဖြိုးဖြိုးတို့က ရော့ခ်ဆိုသည်။
အကယ်ဒမီည ဖြစ်သည့်အတွက် မနက် ကတည်းကပင် တိုက်ပုံ
တကားကား ပြင်နေကြသည်။
ပြီးခဲ့သည့် တစ်လ ကတည်းကပင် ဖွဘုတ်မှာရော အပြင်မှာပါ အကယ်ဒမီကား အတွက်တော့
“ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဇာတ်ကားသာ တော့ပ် ဖြစ်
နေသည်။
ပန်းရောင်ဆေးပြား ကိစ္စဖြင့် ရွာရိုးကိုးပေါက် အမှုပွေ နေကြကုန်သော
နိုင်ငံကျော် ကိုကိုကြီး၊
မမကြီးတို့က “ဒီဆုကို တို့ပဲရမှာပါအေ” ဟု
သေချာပေါက် ပြောကြလေ၏။ အဘယ်ကြောင့် ဆိုသော်
ယခု လတ်တလော နာမည်အကြီးဆုံးမှာ
၎င်းတို့ပင် ဖြစ်လေသည်က တစ်ကြောင်း၊ မိမိတို့ကို ဆုမပေးလျှင် ရွေးချယ်ရေး
အဖွဲ့ဝင်များလည်း ပန်းရောင်ဆေးပြား အမှုတွင် ပါဝင်သည်ဟု သတင်းလွှင့်မည် တကဲကဲ
ကြိမ်းဝါး ထားသောကြောင့် လည်းကောင်း၊ ပန်းရောင် ဆေးပြားက
ရှာရဝယ်ရ
ခက်ခဲလေရာ ဖောက်သည် မပျက်လိုသည်က တစ်ကြောင်း စသဖြင့် ခေါင်းမီး တောက်ရ
သောကြောင့် ပေတည်း။ အကယ်ဒမီရှော့ ပေးပွဲကြီးကို စိန်လက်ဆောင်
ကဇတ်ရုံကြီးတွင် ကျင်းပရာ
လျှောက်လမ်းတစ်လျှောက် ကြော့မော့စွာ
ဝတ်စားဆင်ယင်၍ ခပ်တည်တည် လမ်းလျှောက် ဝင်လာကြသော နိုင်ငံကျော်ကြီး များကို
ရုပ်သံများမှ တစ်ဆင့် ပြည်သူအပေါင်း မြင်တွေ့ရကုန်သော် “အဲဒါ ဆေးရောင်းတဲ့
မမကြီးပေါ့”၊ “အဲဒါ သူမလုပ်ဖူးပါဘူးလို့ ငြင်းတဲ့ ဥက္ကဋ္ဌကြီးပေါ့”၊ “အဲဒါ
အကြွေးမဆပ်လို့ ဖွခံရတဲ့ လူကြီးပေါ့” စသဖြင့် ပွက်လော ညံကြလေသည်။
စကိုင်းပျက် ဟူသည့် ရုပ်သံနှင့် အာပလာဖိုးတွမ်တီး ရုပ်သံတို့မှ အတင်းထောက်
များက နိုင်ငံကျော်ကြီး များ၏ ရင်ခုန်သံကို အလွတ် ကျက်ထားသော စတိုင်လ်ဖြင့်
အငန်းမရ မေးမြန်းကြရာ “ရင်ခုန်တာ ကတော့ တဒုန်းဒုန်းပေါ့ညော် ဆုရမယ်
လို့တော့ အစက မမျှော်လင့်ပါဘူး။ ခုတော့ ကျိန်းသေပါပြီ” ဟူ၍
ပြန်ဖြေကြ
လေသည်။
ခဏကြာသော် ကြီးကျယ်ခမ်းနားသည့် အခမ်းအနားကြီးမှ အကယ်ဒမီရှော့
ဆုရုပ်တု ကြီးကို ရရှိသူများ စာရင်းကို ကြေညာလေသော်.....
- အကောင်းဆုံး
ဇာတ်ကား အကယ်ဒမီရှော့ ဆုကို
“ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဇာတ်ကားမှ
လည်းကောင်း၊
- အကောင်းဆုံး အမျိုးသမီး အကယ်ဒမီရှော့ ဆုကို
“ကျွန်မဖွမိ
အပြစ်ရှိသည်” ဇာတ်ကားဖြင့် နိုင်ငံကျော် မမကြီး ဆိုးက လည်းကောင်း၊
-
အကောင်းဆုံး အမျိုးသား အကယ်ဒမီရှော့ ဆုကို
“ကျွန်တော်ပြောတာ ဘယ်သူမှ
မယုံကြဘူးဗျာ” ဇာတ်ကားဖြင့် နိုင်ငံကျော် ကိုဗြင်းက လည်းကောင်း၊
-
အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီရှော့ ဆုကို
“ချေးပြီးပြန်မဆပ်” ဇာတ်ကားဖြင့်
နိုင်ငံကျော် လူမိုက်ရိုက်တီးက လည်းကောင်း၊
- အကောင်းဆုံး အမျိုးသား
ဇာတ်ပို့ဆု ကို
“အချိန်မီ အကြွေးဆပ်ခဲ့သည်” ဇာတ်ကားဖြင့်
နိုင်ငံကျော်မင်းသား ကိုဒေဝေါ က လည်းကောင်း၊
- အကောင်းဆုံး အမျိုးသမီး
ဇာတ်ပို့ဆု ကို
“မနာလိုသူတွေ ပြောကြပါစေ” ဇာတ်ကားဖြင့် မင်းသမီး
ပတ္တမြားဝလက်က လည်းကောင်း
အသီးသီး ရရှိသွားကြောင်း ပြည်သူအပေါင်း ကြားသိရလေ
သတည်း။
ဆုတစ်ခု ကျန်သေးသည်။ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင် ကြေညာပေးမည်
ဖြစ်သည်။
ဝန်ကြီး ပန်းရောင် ချိတ်ပုဆိုးလေးဖြင့် စင်ပေါ် ကော့ပက်ကော့ပက်
တက်လာသည်။ စာအိတ်ကို ဖွင့်သည်။ ချောင်းတစ်ချက် ဆိုးသည်။
အီးတစ်ချက်ပေါက်သည်။ ပြီးမှ ပရိသတ်အားလုံးကို ဝေ့ခနဲ ကြည့်ပြီး
ကြေညာလိုက်သည်။
“ယခုနှစ် အတွက် အကောင်းဆုံး ဇာတ်ညွှန်း အကယ်ဒမီရှော့
ဆုကြီးကို ဖွဘုတ်မှာ Enter တစ်ချက်ခေါက်လျှင် ခေါင်းမီးဟုန်းဟုန်း
တောက်စေရမည် ဇာတ်ကားကြီးဖြင့် မိုးဇေကြီးက ရရှိသွား ပါကြောင်း” ဟုဖြစ်သည်။
မိုးဇေကြီး ဟူသည့် အမည်ကို ကြားလိုက်ရသော အကယ်ဒမီ ရရှိကုန်သော
နိုင်ငံကျော်မမကြီး ငေါက်ခနဲ သတိလစ်သွား၍ မနည်းပင် နှာနှပ်ယူရလေ တော့သတည်း။
(ပြည်သူ့သံချောင်း၊ လော်ဘီအုတ်ခဲ၊ မင်းထက်စံ၊ မျိုးကျော်)
Ref:The Voice Weekly
MyanmarDaily.net