Tuesday, October 22, 2013

◘◘◘ အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား ◘◘◘

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
 
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။
သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။
အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။
 
`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။
`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။
ထမင်းစားပြီးလို့ ခဏနား
 
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။
ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
 
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။

◘◘◘ ရှောင်ကျဉ်ပါ.....တည်ဆောက်ပါ......တန်ဖိုးထားပါ.....◘◘◘

1) The most selfish one-letter world is' I ' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်း အဆန်ဆုံး စကားလုံးကတော့ “ ငါ ”ပါ။ အဲဒါကို ရှောင်ကျဉ်ပါ .။

(2) The most satisfying two-letter world is ' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံး စကားလုံးကတော့ “ ငါတို့” ပါ။
အဲဒါကို အသုံးပြုပါ ။

(3) The most poisonous three-letter world is ' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံး စကားလုံးဟာ “ အတ္တ ” ပါ။
အဲဒါကို သတ်ပစ်ပါ။

(4) The most used four-letter world is ' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံး စကားလုံးကတော့ “ ချစ်ခြင်းမေတ္တာ ” ပါ။
အဲဒါကို တန်ဖိုးထားပါ။

(5) The most pleasing five-letter world is ' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာ အကောင်းဆုံး စကားလုံးကတော့ “ အပြုံး ” ပါ။
အဲဒါကို ဆောင်ထားပါ ။

(6) The fastest spreading six-letter world is' Rumor '. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံး ပျံ့နှံ့လွယ်တဲ့ စကားလုံးကတော့ “ ကောလဟာလ” ပါ။ အဲဒါကို လျစ်လျှူရှုပါ ။

(7) The hardest working seven-letter world is ' Success'. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့
စကားလုံးကတော့ “ အောင်မြင်မှု ” ပါ။ အဲဒါကို အရယူပါ ..။

(8) The most troublesome eight-letter world is ' Jealousy'. Distance it.
အက္ခရာရှစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံး စကားလုံးကတော့ “ မနာလိုဝန်တိုမှု
” ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ ။

(9) The most powerful nine-letter world is ' Knowledge'. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ “ အသိပညာ ဗဟုသုတ” ပါ။ အဲဒါကို ကြိုးစားရယူပါ ။

(10) The most essential ten-letter world is ' Confidence'. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ် အလိုအပ်ဆုံး စကားလုံးကတော့ “ယုံကြည်မှု” ပါ။ အဲဒါကို တည်ဆောက်ယူပါ ။



ကျွန်တော့်ဘ၀........

စိတ်ထဲ ဝမ်းနည်းတာ များလာတော့
ဟန်ဆောင်ပြုံးတတ်လာတယ်

ဘဝကဘဲ နာကျင်ပါ များလာတော့
ရပါတယ် အဆင်ပြေသွားမှာပါ ဆိုတဲ့စကားကို ပြောတတ်လာတယ်

ရင်ထဲ အရမ်းမွန်းကြပ်တာတွေများလာတော့
လူမသိသူမသိ စကားမပြောဘဲတနေရာမှာ ငြိမ်ငြိမ်လေးထိုင်နေချင်လာတယ်

ဒါပေမယ့်
ကံဆိုးပြီးရင် ကံကောင်းမှုတွေ
ကိုယ့်ဆီရောက်လာမှာပါဆိုတဲ့မျှော်လင့်ချက်လေးနဲ့  မျက်ရည်တွေသုတ်ပြီး
နောက်ထပ်တခါ လောကကြီးကို ရင်ဆိုင်ဖို့  မဲ့ပြုံးလေးပြုံးမိလိုက်ပြန်ပြီ~~~


(မူရင်းရေးသူက ခေါင်းစဉ်တပ်မထားသော်လည်း ကျွန်တော့်စိတ်နှင့် တိုက်ဆိုင်သောကြောင့် ခေါင်းစဉ်က ကျွန်တော်တပ်ထားတာပါ...။)

မူရင်း <http://knowledgableit.blogspot.com/ >

ဗုဒ္ဓဘာသာ မဟုတ်သော ဘာသာခြားများ နိဗ္ဗာန်ရောက်နိုင်သလား? နတ်ဗြဟ္မာများ ဖြစ်နိုင်ပါသလား ?


မေး - အရှင်ဘုရား
၁။   ဗုဒ္ဓဘာသာ မဟုတ်သော နတ်ဗြဟ္မာများ ရှိပါသလား ဘုရား
      နတ်ဗြဟ္မာတွေမှာ အယူကွဲပြားမှုတွေ ရှိပါသလား ဘုရား။
      အားလုံး ဗုဒ္ဓဘာသအယူရှိပါသလားဘုရား။

၂။   ဗုဒ္ဓဘာသာ မယူမိဘဲ နတ်ဗြဟ္မာ ဖြစ်ကြောင်းတရား ဘုရား
      တရားတော်နှင့်အညီနေထိုင်သော ဘာသာခြားများရော နိဗ္ဗာန်
      ရောက်နိုင် နတ်ဗြဟ္မာများရောဖြစ်နိုင်ပါသလား ဘုရား။
 

ဖြေ - ဗုဒ္ဓဘာသာမဟုတ်သော နတ်ဗြဟ္မာများစွာရှိသည်။ အယူ ကွဲပြားမှုများလည်းရှိသည်။

        ဗုဒ္ဓဘာသာ နတ်ဗြဟ္မာဖြစ်နိုင်သော အကျင့် ရှိနိုင်သည်။ 

   မဂ္ဂင်တရားရှစ်ပါးအကျင့်ရှိမှသာ နိဗ္ဗာန်ရောက်နိုင်သည်။ ၄င်းအကျင့် မရှိလျှင် မည်သူမျှ  နိဗ္ဗာန် မရောက်။

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဖြေကြားတော်မူသည်။

ရတနာသုံးပါးနှင့် အနန္တော အနန္တငါးပါး

 
မေး - ဘုရားက ရတနာ ( ၃ ) ပါးဘဲ ဟောခဲ့တယ်ဟု ထင်ပါတယ်.... ခုကျတော့ အနန္တော အနန္တငါးပါးဆိုပြီး ဖြစ်နေတယ်...ဘယ်အချိန်ကစပြီး အနန္တော၊ အနန္တငါးပါး ပေါ်လာတာလဲ... သိချင်လို.ပါ
အရှင်ဘုရား။

ဖြေ -        အနန္တငါးပါး၊ ခင်ပွန်းကြီးဆယ်ပါးဆိုတာ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ် တွေကို ပညာရှိများကစာရင်းလုပ်ပြတာ ဖြစ်နိုင်တယ်၊ ဘုရားဟောမဟုတ်ပါ။
 
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဖြေကြားတော်မူသည်။
 

ဗုဒ္ဓတရားတော်အရ လ ကို လူရောက်နိုင်/မရောက်နိုင်၊ စစ်သားများ သေပြီးနောက် ငရဲကျ/မကျ၊ မလ္လိကာ နှစ်ယောက်၊ စကြာဝဠာဘယ်နှစ်ခုရှိသလဲနှင့် အဘိဓမ္မာသိပ္ပံကို အဝေးသင်တက်လိုလျှင်


မေး - လကို မရောက်နိုင်ပုံ ဥပမာပြုပြီး ဟောထားတဲ့ တရားတော်တွေ နာယူဖူးပါတယ်ဘုရား၊ ယခုခေတ်မှာ လကို ဂြိုဟ်တုတွေ ဒုံးပျံတွေနဲ့ သွားနိုင်ကြတယ်လို့ ဆိုပါတယ်ဘုရား၊ ဒီလို ကွဲလွဲချက်ကို ဘာသာခြား ပုဂ္ဂိုလ်တစ်ဦးဦးက ထောက်ပြမေးမြန်းလာရင် ဘယ်လိုအဖြေ ပေးသင့်ပါသလဲဘုရား။

ဖြေ - ဗုဒ္ဓကျမ်းစာအရ ''လ''ဆိုသည်မှာ လနတ်သား၏ ဗိမာန်တစ်ခုမျှသာဖြစ်သည်။ မရောက်နိုင်ဟု ယတိကျပြော၍မရ။ ငါးရာငါးဆယ်ဇာတ်တော်မှာ လူသားကိုယ်တိုင် နတ်ပြည် ရောက်ကြောင်း ဖော်ပြသော ဇာတ်များရှိသည်။ မဃလုလင်၏ဇနီး သုဇာတာဘဝမှ ဖြစ်လာသည့် ဗျိုင်းမသည်ပင် တာဝတိံသာနတ်ပြည်သို့ ပင်ရောက်ဖူးသည်။ ထို့ပြင် ဣဒ္ဓိဝိဓအဘိညာဉ်အခန်းမှာ အရှိန်အဝါကြီးမားတဲ့ 'လ'တွေ'နေ'တွေကိုပင် လက်နဲ့ထိကိုင်နိုင်င်တယ်လို့ဆိုတာဖြစ်လို့  ရုပ်ဝတ္ထု တစ်ခုမျှသာဖြစ်တဲ့ 'လ'အပေါ်( ပိဋကတ်စာပေအရ) ရောက်နိုင်တယ်ဟုပင် ယူဆနိုင်တယ်။ မရောက်နိုင် ဟု ယူဆသူများမှာမူ သာမန်ပုဂ္ဂိုလ်တွေ မရောက်နိုင်ခြင်းမျှကိုသာ ရည်ညွန်းပြောဆိုခြင်းသာ ဖြစ်ပါလိမ့်မည်။
========================================================
 

သီလမရှိဘဲ အသက်ရှည်သူနှင့် သီလတရားနှင့် ပြည့်စုံပြီး အသက်တိုသူအကြောင်း

 
မေး - အရှင်ဘုရား လူ့လောကမှာ တစ်ချို့သောလူတွေဟာ ဒီဘဝမှာ သီလတရား မရှိကြပါဘူးဘုရား၊ သို့ပေမယ့် အဲဒီလူတွေဟာ အသက်ရှည်ကြပါတယ်၊ တစ်ချို့လူတွေဟာ ဒီဘဝမှာ သီလတရား နှင့် ပြည့်စုံကြပါတယ်ဘုရား၊ သို့ပေမယ့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ အသက်တိုကြပါတယ် ဘုရား၊ အသက် ရှည်ခြင်း၏ အကြောင်းတရားဟာ သီလတရားဆိုတာ၊ အသက်တိုခြင်း၏ အကြောင်း တရားဟာ သီလမရှိလို့ဆိုတာ တပည့်တော် လက်ခံပါတယ်ဘုရား၊ ဒါပေမယ့် အတိတ်ဘဝတုန်းက သီလတရား ကင်းမဲ့တဲ့ သူဟာ ယခုဘဝမှာ သီလနှင့် ပြည့်စုံပြီး အသက်တိုတဲ့သူ ဖြစ်ပါတယ် ဘုရား၊ အတိတ်ဘဝ တုန်းက သီလနှင့်ပြည့်စုံတဲ့သူဟာ ယခုဘဝမှာ သီလမဲ့ပြီး အသက်ရှည်တဲ့သူ ဖြစ်နေပါတယ်ဘုရား၊ တပည့်တော် သိလိုရင်းက အတိတ်ကသီလရှိတဲ့သူဟာ ဘာကြောင့် ဒီဘဝမှာသီလ မဲ့တဲ့သူ ဖြစ်နေပါသလဲ ဘုရား၊ ထို့အတူ သီလမဲ့တဲ့သူဟာလည်း ဒီဘဝမှာ သီလတရားနှင့် ပြည့်စုံ နေပါသလဲဘုရား၊ သီလနှင့်ပြည့်စုံတဲ့သူ ဖြစ်ရခြင်းအကြောင်း သီလမဲ့ ဖြစ်ရခြင်း အကြောင်းကို ရှင်းပြပေးတော်မူပါဘုရား၊ ဆရာတော်ဘုရား ကျန်းမာစွာ သာသနာပြုနိုင်ပါစေ အရှင်ဘုရား။

ဖြေ - သံသရာမှာ ဘဝပြောင်းရင် ပတ်ဝန်းကျင်ပြောင်းသည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်တတ်သည်။ ပတ်ဝန်းကျင်ကောင်းသို့ ရောက်ရှိခိုက် သီလနှင့်ပြည့်စုံနိုင်သည်။ မကောင်းတဲ့ ပတ်ဝန်းကျင် ရောက်ရှိလျှင် သီလမရှိသူဖြစ်နိုင်သည်။ ဒါကြောင့် မြတ်စွာဘုရားက ပတိရူပဒေသဝါသ၊ သပ္ပုရိသူပနိဿယတို့ကို အလေးအနက်ထားဟောခြင်းဖြစ်သည်။ ဗာလနှင့်မပေါင်းဖို့၊ ပဏ္ဍိတနှင့် ပေါင်းဖို့
ဆိုတာဟာ အလွန်အရေးကြီးသည်။ ဒီဘဝ သီလရှိရုံနဲ့ နောက်ဘဝ သီလရှိမယ်လို့ မမျှော်လင့်နဲ့၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ခံရနိုင်သည်။
 
 
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဖြေကြားသည်။