
မနေ့က အတိအကျဆိုရင် 14.9.2013 ရက်နေ့ကပေါ့။
ကျွန်တော်တာဝန်ကျရာ ရဲစခန်းကို ရဲချုပ်ကြီး လာစစ်တယ်။
ကျွန်တော်တို့တွေ အားလုံးပြာယာခတ်ကုန်တာပေါ့။ ကြိုတင်မပြောဘဲနဲ့ ရှောင်တခင်ဝင်စစ်တဲ့ သဘောပေါ့ဗျာ။ ကျွန်တော်လဲ ရှိစုမဲ့စု ရဲဘော်လေး ၁၅ယောက်လောက်နဲ့ အပြေးအလွှားအစစ်ခံရတာပေါ့။
ရဲချုပ်ကြီးက အေးအေးဆေးဆေးပါပဲ။ ရဲစခန်းရှေ့က ကုလားထိုင်အစုတ်လေးပေါ်မှာထိုင်ပြီး
"တပည့်ဖြေးဖြေးလုပ်ပါကွာ ရပါတယ်။ ငါကကြိုမပြောထားတော့ မင်းတို့လဲပြင်ဆင်ချိန် ဘယ်ရမလဲ ငါနားလည်ပါတယ်ကွာ။ ဒါထက်မင်းစခန်းက အမိုးတွေမလုံ့ပါ့လားကွ ဟော ထိုင်ခုံတွေလဲ မကောင်းဘူး ရဲကားကလဲ ဆေးရောင်မှိန်နေပြီ မတောက်ပြောင်ဘူးကွ။ မင်းတပည့်တွေလဲကြည့်ပါဦးကွာ။ ယူနီဖောင်းတွေ စုတ်နေပြီ။ လှည့်ကင်းလှည့်ဖို့ ဆိုင်ကယ်တွေလဲမတွေ့ပါ့လား။ မရှိဘူးလား။ ကဲကဲ
ဘာမှပြောမနေနဲ့တော့ မနက်ဖြန်ကျရင် ရဲစခန်းလိုအပ်ချက် အသေးစိတ်စာရင်းရေးပြီး ငါ့ရုံးကိုလာခဲ့ ဘယ်လောက်ကုန်ကုန်ကွာ။ ပြည်သူ့ဘဝလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲစခန်းက ဒီလောက်စုတ်ပြတ်နေတာ ရဲချုပ် လုပ်နေတဲ့ငါရှက်တယ်ကွ။ သြော်တစ်ခါတည်း ရဲစခန်းအသုံးစရိတ်တွေပါ အကုန်တွက်ပြီးတင်ပြနော်။
တစ်လစာကြိုထုတ်ပေးလိုက်မယ် ကဲကဲ တပည့်တို့နားတော့ ငါရုံးပြန်လိုက်ဦးမယ်ကွ နော်"
"ဆရာ ဆရာ။ အိပ်နေတာလား ဒီမှာ ခရိုင်ရုံးကိုသွင်းရမဲ့ ခရိုင်အသင့်တပ်ခွဲ စားစရိတ် ၃၅၀၀၀ ဒီနေ့
နောက်ဆုံးပေးသွင်းပါတဲ့ နှိုးဆော်စာရောက်လာပြီ"
"လခွီး တဲ့မှ အလိုက်ကန်းဆိုးမသိတဲ့ကောင် ဒီမှာ ရဲချုပ်ကြီးကို အိပ်မက်မက်နေတာ
ကောင်းခန်းရောက်မှကွာ ဟင်း"
နှစ်သီးစားလှရွှေ
No comments:
Post a Comment