Sunday, November 3, 2013

“ သင်္ဂဟတရားလေးပါး ”

တစ်ပါးသူတို့အားချီးမြှင့်ခြင်းကို“သင်္ဂဟ”ဟု ခေါ်၏။
ဤသင်္ဂဟတရားထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်း၏။
အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော
ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဦးနှင့်တစ်ဦ
ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်
အရေးကြီးသော တရားများဖြစ်ကြ၏။ ချီးမြှင့်ခြင်း သင်္ဂဟ
တရားသည် လေးမျိုးရှိသည်။


ယင်းတို့မှာ-
၁။ ဒါန = ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်း၊
၂။ ပေယျဝဇ္ဇ = ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊
၃။ အတ္ထစရိယာ = သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်
ပေးခြင်းဖြင့် ချီးမြှင့်ခြင်း၊
၎။ သမာနတ္တတာ = ကိုယ်နှင့် ထပ်တူ ပြုမူ ဆက်ဆံခြင်း
အားဖြင့် ချီးမြှင့်ခြင်း - တို့ဖြစ်သည်။


ဒါန
==
ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ ပစ္စည်း
လက်ဆောင်ပေး၍ ချီးမြှင့်ခြင်းဖြစ်သည်။

ပေယျဝဇ္ဇ
=====
ချစ်ဖွယ်စကားပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ လူအများနှင့်
ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်
အပြောမျိုးဖြစ်သော အဖေ, အမေ, အစ်ကို, အစ်မ, အဒေါ်,
ဦးကြီး, ဦးလေး, ညီမလေး, ညီလေး, မောင်လေး စသည်ဖြင့်
ခေါ်၍ခင်ခင်မင်မင် ပြောဆိုခြင်းဖြင့် မိမိနှင့် ရင်းနှီးအောင်
ဆက်ဆံခြင်းဖြစ်သည်။


အတ္ထစရိယာ
======
သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှင့်ခြင်း
ဆိုသည်မှာ တစ်ပါးသူ သာမှု, နာမှု, ပြစ်မှု စသော ကိစ္စရပ်များ
ကြုံလာလျှင် လက်ဆောင်ပေးဖို့လည်းမလို၊ ချစ်ဖွယ်စကား
ပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စပြီးစီးအောင် ကူညီဆောင်ရွက်
ပေးခြင်းဖြင့် ကူညီချီးမြှင့်ရခြင်းဖြစ်သည်။

သမာနတ္တတာ
=======
ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ
အချို့သောသူတို့သည် အမျိုး, ဥစ္စာ, ရာထူး, ဂုဏ်သိန်အားဖြင့်
မိမိနှင့် မညီမမျှဖြစ်နေကြသည်။ ထိုသူတို့အား အတူစား,
အတူသွား, အတူနေ အတူထိုင်ခြင်းအားဖြင့် တန်းတူထား၍
ဆက်ဆံလိုက်လျှင် အလွန်ဝမ်းမြောက်ကြ၏။ ထိုကဲ့သို့ ဆက်ဆံ
မှုမျိုး၊ လိုလားသောသူတို့အား တန်းတူထား၍ ပေါင်းသင်း
ဆက်ဆံခြင်းဖြစ်သည်။
လင်္ကာ။ ။ ပေးကမ်းချစ်ဖွယ်၊ စကားကြွယ်၍၊ သူ့ဝယ်ကိစ္စ၊
ကြုံတွေ့ကမူ၊ ကြောင့်ကြကြီးစွာ၊ ကူညီကာဖြင့်၊ သွားလာနေမှု၊
တန်းတူပြုသည်၊ ၀တ္ထုသင်္ဂဟ လေးမျိုးတည်း။

(ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ)


Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment