Monday, October 28, 2013

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

G.27.10.2013
သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို
 အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်
ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။
အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။

ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွား
တာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်
ကိုယ့်ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။

အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်း
ဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွား
ခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာတွင် အစား
ထိုး၍ ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်းဆက်လက်ထုတ်ဝေ၍
 ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့် ရဟန်းရှင်လူ ပြည်သူလူထုကြီးအား အသိပေးကြေညာခြင်းကိုလည်း ဦးမိုးဟိန်းက အောက်တိုဘာ ၂၆ ရက် သူရိယနေ၀န်းဂျာနယ်တွင် ထည့်သွင်းခဲ့သည်။

သူရိယအလင်းဂျာနယ် ရပ်ဆိုင်းကြောင်းကို အောက်တိုဘာ ၂၁ ရက်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာ
မှတစ်ဆင့် ထုတ်ဝေသူဦးယုနိုင်က ကြေညာခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးနစ်နာစေမည့် ဆောင်းပါးများနှင့်
ပတ်သက်၍ နစ်နာမှုရှိခဲ့ကြသည့်ပုဂ္ဂိုလ်များကို သူရိယအလင်းဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့မှ
တောင်းပန်ကြောင်းကို အောက်တိုဘာ ၂၁ရက် တနင်္လာနေ့ထုတ်ကြေးမုံ သတင်းစာ၌ပင် ထည့်သွင်းဖော်ပြ
ခဲ့သည်။

သူရိယအလင်းဂျာနယ်ကဲ့သို့မီဒီယာတစ်ခုအပေါ်ဖိအားပေးခံရသည့်ဖြစ်စဉ်တစ်ခုလည်း မြန်မာသံတော်ဆင့်
ဂျာနယ်က တွေ့ကြုံခဲ့ရကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြချက်အရသိရသည်။ သံတော်ဆင့်
အယ်ဒီတာများကို ကြံ့ခိုင်ရေးသတင်းဌာန တာဝန်ခံခြိမ်းခြောက်ဟူသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန(သတင်းဌာန) တာဝန်ခံဌာနမှူးဖြစ်သူ ဦးကျော်သူရက မြန်မာသံတော်ဆင့် အယ်ဒီတာများနောက်သို့ SP နှင့်သတင်း
ထောက်လှမ်းရေးများ လိုက်နေပြီဖြစ်ကြောင်း တာမွေအောင်ကို၏ ယခင်က ကြံ့ခိုင်ရေးလုပ်ရပ်များကို ဖော်
ထုတ်ရေးသားမှုများအတွက် လည်းဖြတ်ခံရမည်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးသလိုလိုဖြင့် တယ်လီဖုန်း
ဆက်သွယ် ခြိမ်းခြောက်ပြောကြားကြောင်း ယခင် ပြည်ခိုင်ဖြိုးမြို့နယ် အတွင်းရေးမှူးဟောင်း သတင်းစာ
ပညာသင်တန်းဆင်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ် ရပ်ဆိုင်းပြီးနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည့် သူရိယနေ၀န်းဂျာနယ်တွင် “သမ္မတထံသို့ အိတ်ဖွင့်ပေးစာ”၊ “အောက်တိုဘာ ၁၈ ရက် ညဥ့်သန်းခေါင်ယံတွင် သူရိယအလင်း ဂျာနယ်တိုက်သို့ လူ ၁၅ ဦးခန့် အဓမ္မ၀င်ရောက်၍ ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများ ယူဆောင်သွားသည့်အပြင် ဂျာနယ်ကိုပါ ရပ်ဆိုင်းခံလိုက်ရပြီး အနိုင်ကျင့် ဗိုလ်ကျခံလိုက်ရသည့်ကိစ္စအား သမ္မတကြီးမှ ကိုင်တွယ်ဖြေရှင်း၍ တရားမျှတသော အဖြေတစ်ရပ်ရှာဖွေပေးပါရန်” စသည့်စာသားတို့ကိုလည်း ထည့်သွင်းရေးသားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ဦးမိုးဟိန်း၏ ဖုန်းနှင့် ဂျာနယ်တိုက်ရှိ ဖုန်းအား ဆက်သွယ်
မေးမြန်းခဲ့ရာတွင် ဖုန်းပိတ်ထားသည်နှင့်သာ ကြုံတွေ့ခဲ့ရသည်။ သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ၎င်းတို့၏လိပ်စာ အမှတ် ၆၈၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်သို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်သွား ရောက်စုံစမ်းရာတွင်လည်း ရုံးခန်းပိတ်ထားသည်ကို တွေ့ရှိရသည်။
သူရိယနေ၀န်းဂျာနယ်၏ ထုတ်ဝေသူမှာ ခင်အေးဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှာ နေ၀န်းခေတ် မိုးဟိန်း(ခ)မိုးဟိန်းဖြစ်ကာ နေပြည်တော်ရုံးခွဲ၊ မန္တလေးရုံးခွဲများကိုလည်း ဖွင့်လှစ်ထားသည်။

Eleven

““ဗုဒ္ဓလမ်းညွှန်ခဲ့သော ဝေဖန်ပိုင်းခြား၊ စဉ်းစားဆင်ခြင် စကားဆိုခြင်း””

ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာ
တွေမှာ သူတို့ကျောင်းရဲ့ သင်ရိုးအဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်းခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာ
နိုင်ငံသား ဆရာများ အတတ်ပညာ သင်တန်းမှာ ဒီသင်ကြားနည်းကို ထိတွေ့ခွင့်ရခဲ့ပါတယ်။

‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစား
တွေးတော ရတာတွေဟာ ခက်ခဲသလိုရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင် အသုံးပြုခဲ့တဲ့ သင်ကြားနည်းဖြစ်ကြောင်း ဆရာ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေး
တင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာ
သမားက ပြောသည်ဆိုသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။

ဒီအဆိုကိုဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစား
ဆင်ခြင်တတ်ဖို့ လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။

မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ ၀စီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ် မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာမှာလည်း သုဘာသိသာစ ယာဝါစာ
ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရားဖြစ်တယ်လို့ ဟောကြားခဲ့ပါတယ်။

ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။
ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့ ‘လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက် ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။

ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။

၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။

နံပါတ်(၁) အမျိုးအစားကတော့ ပြည့်စုံတဲ့ စကားအမျိုးအစားပါ။

နံပါတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့
နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့ စကား
မျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။

နံပါတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့
ပေါ့(ပ်)သတင်း စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာ
ရှိပေမဲ့ အကျိုးမရှိပါဘူး။

နံပါတ်(၄) က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါလိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။

နံပါတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်
သူတွေ ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာ
လှိုင်းထဲ မြောပါ သွားတတ်ပါတယ်။

နံပါတ်(၆) ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။

မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုး ကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။ မှန်လည်းမှန်၊ အကျိုးလည်းရှိမယ် ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ
ပြောသင့်ပါတယ်တဲ့။

စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
နေအိမ်အကျယ်ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကိုအခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။

ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိ
ကြောင်းပါ။

ဆောင်းပါးရှင် - ခင်လေးငယ်

ကောင်းကင်ပြာ