Sunday, October 27, 2013

မျိုးချစ်စိတ်

E-27-10
ရဲဘော်သုံးကျိပ်ဝင် အချို့အား တွေ့ရစဉ်

မျိုးချစ်စိတ်ဟူသည် တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်သော စိတ်ဓာတ်ဖြစ်သည်။ မျိုးချစ်စိတ်၏ အနှစ်သာရနှင့် ၀ိသေသကို စာရေးဆရာကြီး မောင်သုတ (ဗိုလ်မှူးဘသောင်း) သည် ဗမာ့တော်လှန်ရေး သမိုင်းစာအုပ်၏ နိဒါန်း၌ ဤသို့ဖွင့်ဆို တင်ပြထားသည်။

"မြန်မာများသည် မျိုးချစ်စိတ်ဓာတ် အထူးပြင်းထန်သော လူမျိုးဖြစ်သည်။ မြန်မာ့မျိုးချစ်စိတ်ဓာတ်သည် မီးခဲပြာဖုံး ပမာပင် ဖြစ်သည်။ တစ်ပါးသူအား ဒုက္ခမပေးဘဲ အေးအေးဆေးဆေး နေတတ်သော မြန်မာ
လူမျိုးများသည် မဟုတ်လျှင် မခံတတ် အရေးကြုံခဲ့သော် အရေးကြုံသည့်အလျောက် တစ်သွေးတည်း တစ်သားတည်း၊ တစ်လုံးတည်း တစ်စည်းတည်းဖြစ်ကာ အသက်ကို ပဓာနမထား စွန့်စားတိုက်ခိုက် ကြကုန်၏။

မျိုးချစ်စိတ်သည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်သည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ တစ်ဦးတွင် အရေးကြုံသော် တစ်ဦးက လက်ပိုက်ကြည့်မနေ။ သွေးပြောသည့်အလျောက် မငေးမမော၊ မတွေး
မတောဘဲ အရေးကြုံသူနှင့် တစ်လုံးတည်း တစ်စည်းတည်း ပူးတွဲတာဝန် ယူကြသည့်စိတ်ဓာတ် ဖြစ်သည်။

အထူးသဖြင့် မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေးခေတ် သမိုင်းတစ်လျှောက်မှသည် မျက်မှောက်ခေတ်
တိုင်အောင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးဟူသော ကြွေးကြော်သံဖြင့် လှုပ်ရှားစည်းရုံး လုပ်ဆောင်ခဲ့ကြ
သည်။ ထိုသို့ကြွေးကြော် လှုပ်ရှားလုပ်ဆောင်ခဲ့သည့် သမိုင်းဖြစ်စဉ်များတွင် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အသက်စွန့်ကာ စစ်မှန်သော မျိုးချစ်စိတ်ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ထူး အမြောက်အမြားကို လေးစားကြည်ညို ဂုဏ်ယူဖွယ် တွေ့မြင်သိရှိ ရသကဲ့သို့ မျိုးချစ်
စိတ်ဟူ၍ အာပေါင်အာရင်းသန်သန် ကြွေးကြော်လျက် လက်တွေ့ဘ၀တွင်မူ မိမိ၏သားသမီး၊ မြေး၊ မြစ်နှင့်
ဆွေမျိုးအသိုင်းအ၀ိုင်း အတွက်ကိုသာ အလေးထားကာ မိမိတိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို မျက်
ကွယ်ပြု လုပ်ဆောင်ခဲ့သော မိသားစု ဆွေမျိုးချစ်သည့် အတုအယောင် မျိုးချစ်စိတ်ရှိသော ဟန်ဆောင်မျိုး
ချစ်စိတ် ထားရှိသော ပုဂ္ဂိုလ်ကြီး အချို့ကိုလည်း သမိုင်းအထင်အရှား လေ့လာသိရှိ နိုင်ပေသည်။

ခရစ်နှစ် ၁၉၃၉ ခုနှစ် ၀န်းကျင်တွင် တို့ဗမာ အစည်းအရုံးကြီး၏ ဦးဆောင်မှုနှင့်အတူ ၀ံသာနုရက္ခိတ
တရားနှင့် မျိုးချစ်စိတ် ရှင်သန်ရေးတို့အတွက် ကြွေးကြော်စည်းရုံး လှုံ့ဆော်ဆောင်ရွက်နေချိန်တွင် အမျိုး
သားရေး စာရေးဆရာကြီး မဟာဆွေသည် အတုအယောင် မျိုးချစ်ခေါင်းဆောင်ကြီးများကို လှောင်ပြောင်
သရော်ခဲ့သော မျိုးချစ်စိတ်ကို ပယ်ကြလော့ဟူသော ဆောင်းပါးတစ်စောင်ကို ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ
ထုတ် ကြီးပွားရေး မဂ္ဂဇင်းတွင် ဤသို့ရေးသား ခဲ့သည်။

"လူတစ်ဦးတစ်ယောက် အဖွဲ့တစ်စုံတစ်ရာသည် ကျွန်ုပ်တို့၏ တိုင်းပြည်နစ်နာအောင် အနာဂတ်ရေး ပျက်
ပြားအောင် ဆောင်ရွက်ငြားအံ့၊ အဆွေတော်သည် ထိုလူတွေကို မျိုးချစ်စိတ်နှင့် ကြည့်နေမည်လော "မချစ်ပါဘူး" ဆိုသော်လည်း၊ ဘာမှအရေးမယူကာ ချစ်ရာကျသည်ပင်တည်း။ ထို့ကြောင့် ဤကဲ့သို့
တိုင်းပြည်အကျိုးယုတ်အောင် ဆောင်ရွက်သူတို့အား မြန်မာလူမျိုး" ဟု မချစ်နိုင်။ ကျွန်ုပ်တို့ တိုင်းပြည်၌
ပထမလုပ်ရန် အဆင့်ကား တိုင်းပြည်ကို ညာဝါးလျက်၊ ကိုယ်ကျိုးရှာ သမားဟူသမျှကို မျိုးပြုတ်အောင် လုပ်ရမည်ဖြစ်၏။ ထိုကဲ့သို့ မျိုးဖြုတ်ပြီးနောက် လွတ်လပ်ခွင့် ပန်းတိုင်သို့ရောက်အောင် ခြေလှမ်းပြင်ကြဖို့ အရေးကြီး၏။

ခေတ်သစ်မြန်မာ့ စာပေလောကတွင် "သရော်စာ" အရေးကောင်းသော စာရေးဆရာကြီး မောင်ထင်
(ဦးထင်ဖတ်) သည် ၁၉၄၂ ခုနှစ်မှသည် ၁၉၄၅ ခုနှစ် (ဂျပန်ခေတ်) အတွင်း ဒုက္ခအထွေထွေဖြင့် ဖြတ်သန်း
ခဲ့ရသော မြန်မာ့တောင်သူ လယ်သမားဘ၀ သရုပ်ဖော်သော ၀တ္ထုရှည်ကြီးကို ရေးသားပြုစုရာတွင်-

မြန်မာတို့သည် နယ်ချဲ့ဆန့်ကျင်ရေးခေတ် သမိုင်းတစ်လျှောက်မှသည် မျက်မှောက်ခေတ်တိုင်အောင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးဟူသော ကြွေးကြော်သံဖြင့် လှုပ်ရှားစည်းရုံး လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ကြွေးကြော် လှုပ်ရှားလုပ်ဆောင်ခဲ့သည့် သမိုင်းဖြစ်စဉ်များတွင် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အသက်စွန့်ကာ စစ်မှန်သော မျိုးချစ်စိတ်ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ထူး အမြောက်အမြားကို လေးစားကြည်ညို ဂုဏ်ယူဖွယ် တွေ့မြင်သိရှိ ရသကဲ့သို့ မျိုးချစ်စိတ်ဟူ၍ အာပေါင်အာရင်းသန်သန် ကြွေးကြော်လျက် လက်တွေ့ဘ၀တွင်မူ မိမိ၏ သားသမီး၊ မြေး၊ မြစ်နှင့် ဆွေမျိုးအသိုင်းအ၀ိုင်း အတွက်ကိုသာ အလေးထားကာ . . . . .

"မြန်မာတိုင်းရင်းသား လူထုသည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံ၍ ကြီးပြင်းလာကြသည်။ ထိုအခြေခံ ယဉ်
ကျေးမှုတရား ကိုယ့်ကြောင့် ရန်သူကိုပင်လျှင် ခွင့်လွှတ်တတ်သော အကျင့်နှင့် ပြည့်စုံသည်။ ခွင့်လွှတ်
တတ်သော စရိုက်ကြောင့် မိမိကိုနှိပ်စက်က လူပြုခြင်းကိုပင် မေ့ပျောက်သွားတတ်သည်။ သို့သော် ရန်သူ
ကဲ့သို့ ပြုကျင့်တတ်သောသူအား ခွင့်လွှတ်ခြင်းကို ပျော့ကွက်ဟုယူဆ၍ အားနွဲ့သူကို ဖိထောင်းတတ်
သည်။ နှောင်းလူတို့သည် ဤသဘာဝကို ဆင်ခြင်၍ ဖိစီးနှိပ်စက်ခြင်းဒဏ်မှ လွတ်ကင်းအောင် ကျင့်ကြံ
ပြုမူ နေထိုင်တတ်ပါမှ ၀ံသာနုရက္ခိတတည်းဟူသော လူမျိုး၏ အစဉ်အလာကို စောင့်ထိန်းသည့် မျိုးချစ်နိုင်ငံ
ချစ်စိတ်တို့ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့ တိုင်းရင်းသား အပေါင်းသည် အန္တရာယ်
ပြုသူကို ခွင့်လွှတ်နိုင်ကြသော်လည်း မိမိတို့ အပေါ်၌ အန္တရာယ် ကျရောက်ခဲ့သော အနိဋ္ဌာရုံတို့ကို မေ့၍
ရနိုင်ကောင်းသည် မဟုတ်ချေ။

လောကဇာတ်ခုံပေါ်တွင် ငဘကို ပုဏ္ဏားနှိပ်စက်သည်။ နှိပ်စက်ခြင်းခံရသူသည် နှိပ်စက်သူအား ဘုန်းကြီး
ပါစေ၊ အသက်ရှည်ပါစေဟု ဆုတောင်းသည်ကို ကျွန်တော်မကြားဖူးပါ။ သို့သော် နှိပ်စက်တတ်သော ပုဏ္ဏားတစ်ယောက်ကို စိတ်မှာစွဲ၍ ပုဏ္ဏားတစ်မျိုးလုံးကို ဆန့်ကျင်လိုသော အာဃာတသည် ငဘတွင် မရှိချေ။ ငဘ၏ သားစဉ်မြေးဆက်တို့က ငဘခံခဲ့ရပုံကို သံဝေဂယူ၍ မိမိတို့၏ လွတ်မြောက်ရာ လွတ်
မြောက်ကြောင်းကို အမျိုးသားချင်း စောင့်ရှောက်တတ်သော ဓလေ့ဖြင့် လူမျိုးနှင့် နိုင်ငံကို ကာကွယ်ရန်သာ ငဘက လမ်းညွှန်ပေးခဲ့သည်။ ယင်းကဲ့သို့ ယထာဘူတကျအောင် စဉ်းစားနိုင်ကြပါလျှင် မြန်မာနိုင်ငံသည် အနာဂတ်၌ ကျရောက်နိုင်သော ဘေးအန္တရာယ် အသွယ်သွယ်တို့မှ ကင်းရှင်းနိုင်လိမ့်မည် ထင်ပါသည်"
ဟူ၍ စစ်မှန်သော မျိုးချစ်စိတ်၏ အနှစ်သာရကို ဖော်ထုတ်တင်ပြခဲ့သည်။

ဆရာမောင်ထင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစအချိန် ၁၉၄၈ ခုနှစ် နိုဝင်ဘာလတွင် "မျိုးချစ်စိတ်
၏အစ" ဟူသော ဆောင်းပါးတစ်စောင်ကို သရော်လှောင်ပြောင် ခဲ့သည်။ "ဗိုလ်ချုပ်အောင်ဆန်း ကျဆုံး
သောနေ့၌ ကျွန်တော်သည် မိုးရွာထဲတွင် မော်တင်လမ်းမှသည် အသံလွှင့်ရုံသို့ ခြေကျင်လျှောက်ပြန်ရင်း
တောင်မြောက်လေးပါးတို့ကို တွေးမိသည်။ ကျွန်တော်၏ ညီငယ်သည် သစ္စာဖောက်သော ဗမာတစ်
ယောက်၏ လက်ချက်ကြောင့် ဂျပန်၏ အသတ်ခံရသည်။ သတ်သူမှာ ဂျပန်ဖြစ်သောကြောင့် တော်ပါ
သေး၏။ ဗိုလ်ချုပ်သည် သစ္စာဖောက်သော ဗမာတစ်ယောက်၏ လက်ချက်ကြောင့် ဗမာအသတ်ခံရသည်။
သြော်ချစ်လိုက်ရတဲ့ အမျိုးသည် အမျိုးကိုမှ ချစ်မိရပလေ။ ယခုနေအခါ ဗိုလ်ချုပ်ကို နှိုး၍ရလျှင်  နှိုး၍
မေးလိုက်ချင်စမ်းသည်။ အမျိုးကို ချစ်သေးသလား။ မမေးနှင့်တော့။ မမေးနှင့်တော့။ ဗိုလ်ချုပ်နိုးလာလျှင် "ချစ်သေးတယ်" ဟူ၍ပင် ဖြေဦးမည်။

သူတို့ကျေးဇူးကြောင့် ကျွန်တော်သည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် အင်္ဂလိပ် ကျွန်ဘ၀မှ စုတေ
စိတ်ကျခဲ့၍ လွတ်လပ်သော အမျိုးတစ်မျိုး အနေဖြင့် ပွဲလယ်တင့်အောင် အလုပ်လုပ်ရမည်။ မျိုးချစ်စိတ် ဆိုသဟာကိုလည်း ယခုမှ အစပြုရ ပေတော့မည်။ သို့သော် ခဏဆိုင်းပါဦး။ သိပ်ပြီးလောမကြီး စမ်းပါနှင့်။ နားထောင်စမ်းပါ။

အို ရန်ကုန်မြို့ မြောက်ဘက်က ဘာသံပါလိမ့်။ ဒိန်းဆိုသည့် အသံကတော့ စိန်ပြောင်းအသံ ဖြစ်ပါသည်။ ဒိုင်းဆိုတာ ရိုင်ဖယ်အသံပါ။ ဒက်ဒက်ဒက် ဆိုသည်မှာ စက်သေနတ်သံ ဖြစ်ပါသည်။ သို့ဖြစ်လျှင် ဘယ်သူ
က ဘယ်သူ့ကို ဘာကြောင့် ဟ၀ါပြုနေ ကြပါသတုံး။

ဒီလိုလေ ဒီလို၊ ကျွန်တော်တို့က မျိုးချစ်ပုဂ္ဂိုလ်တွေချည်းပဲ ဖြစ်လေတော့၊ ကျွန်တော်တို့ မျိုးချစ်တွေ ဆင်းရဲ
သည်ကို မကြည့်ရက်နိုင်သောကြောင့် မျိုးချစ်ပုဂ္ဂိုလ် အချင်းချင်းတို့သည် ဆင်းရဲခြင်းမှ ချုပ်ငြိမ်းရာ အရပ်သို့ အလျင်အမြန်ရောက်အောင် တစ်ယောက်တစ်လှည့်စီ ပို့ပေးနေကြခြင်း ဖြစ်ပါသည်။

သြော် လက်စသတ်တော့ မျိုးချစ်စိတ်တွေ ပေါက်ကွဲ၍ နေတာပါကလား။ ဘုရားဘုရား အစိန္တေယျ၊ အပ္ပမေယျ၊ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ မျိုးချစ်စိတ် အစသည် မျိုးချစ်စိတ်အဆုံး မဖြစ်ပါရစေနှင့် အရှင်ဘုရား။

Eleven

No comments:

Post a Comment