Friday, November 29, 2013

နိုင်ငံဆင်းရဲစေသော အဓိကအချက်များနှင့် အစိုးရသူခိုးဝါဒ

ကမ္ဘာလူဦးရေသန်း(၆၀၀၀)ရှိတဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာ စစ်တမ်းတွေ ကောက်ယူချက်အရတော့
သန်း(၁၀၀၀)ဟာ ဖွံ့ဖြိုး မှု ကောင်းမွန်တယ်တဲ့။ ရှေ့တန်းရောက်တယ်ပေါ့ဗျာ။ အမေရိကတို့ ဥရောပ
နိုင်ငံတွေ အဲ့လိုမျိုးပေါ့။ နောက်ထပ်ဝမ်းသာစရာတစ်ခုက ကျန်တဲ့ သန်း(၅၀၀၀)ထဲမှာ သန်း(၄၀၀၀)ဟာ ဖွံ့ဖြိုးတိုးတက်မှုလှေကားပေါ်ကိုရောက်နေပြီတဲ့။ အဲ့ဒီသန်း(၄၀၀၀)ထဲကနိုင်ငံတွေက တချို့ကြတော့ နိုင်ငံ အလိုက်ဖွံ့ဖြိုးမှုရှိကြသလို တချို့လည်းပြည်တွင်းထဲမှာ နေရာတွေကွက်ပြီး ဆင်းရဲချမ်းသာကွာခြားတာပေါ့။ ဥပမာအိန္ဒိယ လိုပေါ့ဗျာ။ ဒီသန်း(၄၀၀၀)အတွက်ကပှုစရာမလိုဘူး သူတို့က လုံးဝကို တိုးတက်ဖို့ သေချာ
သလောက်ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ နောက်ကျန်တဲ့သန်း(၁၀၀၀)ကတော့ ဖွံ့ဖြိုးတိုးတက်မှုကို အစရှာလို့ မရသေးဘူး။
 
အဲ စိတ်မကောင်းရာတစ်ခု ဖြစ်နေတာက ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အဲ့ဒီသန်း(၁၀၀၀)ရဲ့
အောက်ဆုံးနားမှာရောက်နေတာပဲ။ ဆင်းရဲပြီးကျန်ခဲ့တဲ့ သန်း(၁၀၀၀)က နိုင်ငံပေါင်း(၅၉)နိုင်ငံပါဗျာ။
 
အဲ့ဒီမှာနိုင်ငံတွေရဲ့ဆင်းရဲရတဲ့ အချက် တွေရှိတာပေါ့။ သုတေသနပြုချက်တွေအရတော့ နိုင်ငံတစ်နိုင်ငံဟာ အချက်လေးချက်ထဲက တစ်ချက်ချက်နဲ့ ညိနေတယ်ဆိုရင် တိုင်းပြည်ဆင်းရဲပါတယ်တဲ့ဗျာ။ အဲဒီလေးချက်
ကတော့ -

နံပါတ် (၁) အချက်က ပြည်တွင်းစစ်ဖြစ်နေလို့ပါတဲ့။ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေဟာ ဆင်းရဲတတ်ပါ တယ်။ စစ်အသုံးစရိတ်တွေ၊ အဲ့ဒါကစ အများကြီးပေါ့ဗျာ။ ဖွံ့ဖြိုးမှုပိုင်းမှာလဲ နောက်ကျတာပေါ့။ နိုင်ငံကို
ကောင်းကောင်း မတည်ဆောက်နိုင်ဘူးလေ။ သစ်ပင်တစ်ပင်ကို ထိပ်ပိုင်းက ဖြတ်ပစ်လိုက်သလိုတဲ့ဗျ။ အဲ့ဒီသစ်ပင်ဟာဆွေးခြောက်ပြီး သစ်ခြောက်ပင်ဘ၀နဲ့နိဂုံချုပ်ရတယ်ဗျ။

(၂) အချက်က သယံဇာတပေါကြွယ်ဝလို့တဲ့။ အရင်ကတော့ ဘောဂဗေဒပညာရှင်တွေက တိုင်းပြည် တစ်ပြည်ဟာ သယံဇာတပေါကြွယ်ဝရင် တိုင်းပြည်တစ်ပြည်အတွက် ဖွံ့ဖြိုးမှုဖြစ်ထွန်းစေမယ်လို့ ထင်ခဲ့ ကြတယ်ခင်ဗျ။ သယံဇာတကို ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာလို့တောင် ယူဆခဲ့ကြတာဗျ။ ဒါပေမဲ့ ကြာ
လာတာနဲ့ ပြန်ကြည့်လိုက်တော့ ကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံတွေဟာ အဲ့ဒီ သယံဇာတပေါကြွယ်ဝတဲ့
နိုင်ငံတွေဖြစ်နေတယ်ဗျ။ ဆန်းစစ်ကြည့်လိုက်တော့ သယံဇာတ အားကိုးလို့တဲ့ဗျ။ တို့တိုင်းပြည်သယံဇာတ အရမ်းပေါတာပေါ့ဗျာ။ ဘယ်တော့မှ မမွဲနိုင်ဘူးထင်တာပေါ့။ တလွဲတွေဖြစ်ပြီး လူစွမ်းအားအရင်းအမြစ် တစ်နည်းအားဖြင့် ပညာရေးကို မျက်ကွယ်ပြုလိုက်တာပဲဗျ။ သိတယ်မို့လား ကုဋေရှစ်ဆယ်သူဌေးသား လိုပေါ့ဗျာ။ ရှိတာလဲကုန်ရောသူတောင်းစားကိုဖြစ်ရောပဲ။ နောက်တစ်ခုက ဒီလိုသယံဇာတတွေကို အဲ့ဒီ
နိုင်ငံမှာရှိတဲ့ စီးပွားရေးသမားတွေ (အခုခေတ်လိုတော့ ခရိုနီဆိုလားပေါ့ဗျာ လုလင်လေးတို့ မသိလို့နော်)
အဲ့လူတွေက ဒီသယံဇာတတွေကို သူတို့အကျိုးစီးပွား တစ်ခုတည်းကိုကြည့်ပြီး အစိုးရကို ကပ်ပေါင်းတဲ့ အခါမှာ အစိုးရက အကျင့်ပျက်ချစားမှုတွေဖြစ်လာတော့တာပဲဗျို့။ နောက်တစ်ချက်က သယံဇာတကို လုတာနဲ့ပဲ ပြည်တွင်းစစ်ဖြစ်တတ်တယ်ပေါ့။ လုလင်လေးတို့ နိုင်ငံမှာတော့ သယံဇာတကြောင့်ပြည်တွင်းစစ်
ဖြစ်တာမဟုတ်ဘူးပေါ့ဗျာ။ သယံဇာတကျိန်စာမိတာပေါ့။

နံပါတ် (၃) အချက်ကတော့ ကမ္ဘာ တိုးတက်မှု ရေစီးကြောင်း၊ စီးပွားရေးရေစီးကြောင်းကို မလိုက်နိုင်ဘဲ အဆက်ပြတ်လို့တဲ့ဗျ။ အဆက်ပြတ်အထီးကျန်တာပေါ့ဗျ။ လုလင်လေးတို့မြန်မာနိုင်ငံသမိုင်းကိုပြန်ကြည့်ရင် ၁၉၆၂ခုနှစ်နောက်ပိုင်း အာဏာသိမ်းပြီးတော့ ကိုယ်ဖါသာကိုယ် အဆက်ဖြတ်ခဲ့တာနော်။ နောက်ပိုင်းတော့ ဒီအယူအဆဟာ မှားနေတယ်ဆိုတာကို သိပြီး တံခါးပြန်ဖွင့်ဖို့ကြိုးစား ခဲ့ပေမဲ့ ကမ္ဘာက ၀ိုင်းပြီးကျဉ်ခဲ့၊ တံခါး ပိတ်ခံခဲ့ရတာဗျ။ ဘာပဲဖြစ်ဖြစ်တော်တော်အဆက်ပြတ်သွားခဲ့တာပေါ့လေ။

နံပါတ် (၄) အချက်ကတော့ အပေါ်က သုံးချက်စလုံးကို ပိုဆိုးဝါးစေတဲ့ အချက်ပဲဗျ။ ညံဖြင်းတဲ့ အုပ်ချုပ်ရေး စနစ်ရှိလို့ပါတဲ့။ အဲ အင်္ဂလိပ်လိုတော့ရှိတယ်ဗျ။ ကျနော်က မတတ်လို့ ဘာသာပြန်ထားတာတော့သိတယ်။ အစိုးရသူခိုးဝါဒတဲ့ အဲ့ဒါကြီးကြောင့်တဲ့။ အစိုးရကို အပိုင်ပေါင်းနိုင်တဲ့လူတွေက လုပ်ပိုင်ခွင့်တွေ ပိုရပြီး သာမန်ပြည်သူတွေမှာ အလုပ်မရှိပဲ လူတစ်စုပဲ ချမ်းသာပြီးလူအများစု ဆင်းရဲကြရတာကို ပြောတာပါ။
နောက်ပြီး နိုင်ငံကသယံဇာတကို အစိုးရက ခိုးယူတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ သယံဇာတဆိုတာ နိုင်ငံ
သားအားလုံး ပိုင်ဆိုင်ခွင့်ရှိတာပါ။ နိုင်ငံတော်ဟာ ယာဉ်ကြီးတစ်စင်းဆိုရင် အစိုးရဆိုတာ အဲ့ဒီယာဉ်ကို
တက်မောင်းတဲ့လူပဲ။ နိုင်ငံတော်ဆိုတာ ဘယ်တော့မှမပြောင်းဘူး အစိုးရဆိုတာ အမြဲပြောင်းလဲနေတယ်။ ဒါဆိုရင်ပြည်သူတွေက ကိုယ်ဘာလုပ်ရမလဲသိပြီပေါ့နော်။

အခုပြောပြတဲ့အကြောင်းအရင်းတွေကြောင့်ဒီနိုင်ငံတွေဟာ ဆင်းရဲတွင်းနှစ်နေတာတဲ့ဗျ။ အဲ စိတ်ဓါတ်တော့ ကျမသွားပါနဲ့ဗျ။ စိတ်တော့လေစရာကြီးပေါ့ဗျ။ မျှော်လင့်ချက်မရှိဘဲတော့ မဖြစ်ဘူးပေါ့လေ။ မျှော်လင့်ချက်
ရှိပါသေးတယ်။ စိတ်မညစ်ပါနဲ့ နည်းရှိတယ်ဗျ။ ကျွန်တော်တို့နိုင်ငံချမ်းသာအောင်  လုပ်လို့ရတဲ့နည်းတွေ ရှိတယ်။ ပြောပြပါမယ်။ လုပ်ရမှာက

(၁) ပြည်တွင်းစစ်တွေကို အမြန်ဆုံးရပ်ပစ်ပါတဲ့။

(၂) သယံဇာတကိုချဉ်းအားမကိုးပဲ လူစွမ်းအားအရင်းအမြစ်တွေ ထူထောင်ရမယ်။ ပညာရေးစနစ်ကို
     တိုးတက်အောင်လုပ်ရမယ်ပေါ့ဗျာ။

(၃) အဆက်ပြတ်အထီးကျန်မှုကို အမြန်ဆုံးရပ်တန့်အောင်လုပ်ပါတဲ့။ တစ်ယောက်ထဲ အိမ်ထဲမှာနေပြီး
     လွမ်းမနေနဲ့ပေါ့ဗျ။ ဆိုလိုတာက အမြင်လေးတွေကျယ်ကြပေါ့နော်။

(၄) ကတော့ ရှင်းရှင်းလေးပဲဗျာ။ ကောင်းမွန်သော၊ သန့်ရှင်းသောအစိုးရဖြစ်စေနိုင်တဲ့စနစ်ကို ကျင့်ရမယ်
     တဲ့ဗျ။ လောလောဆယ်မှာတော့ ကျွန်တော်တို့နိုင်ငံ နည်းနည်းလုပ်လာပြီပေါ့ဗျာ။ ကမ္ဘာက အံ့သြရ
     အောင်ကို ပြောင်းလဲသွားခဲ့တယ်လို့ ပြောကြတယ်။ သူများပြောတာပါ။ ကျနော်မသိပါ။ ဒါပေမဲ့
     အားမလို အားမရတော့ ဖြစ်နေသေးတာပေါ့ဗျာ။ အဲ့နိုင်ငံက လူတွေပြောတာတော့ (ဘယ်နိုင်ငံကလဲ
     မသိလို့ ရမ်းပြောတာ အဲ့နိုင်ငံလို့) ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ စစ်စစ်မဟုတ်သေးဘူးတဲ့။

ပြောတာကတော့ ဟို အစိတ်သားကိစ္စလေဗျာ။ လွှတ်တော်ထဲက အစိတ်သား။ အဲ့ဒါကိုပြောတာ။
ဒါပေမဲ့ဗျာ ဒါကလည်း အခုလိုပြောင်းလဲစဉ် ကာလအတွင်းမှာက ဆိုလိုတာက ဒီမိုကရေစီခေတ်ဦးပေါ့ဗျာ။ အဲ့ကာလမှာ ဘယ်နိုင်ငံမှ အဆင်သိပ်မပြေခဲ့ပါဘူး။ အမေရိကလို ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတောင်မှ သူတို့နိုင်ငံခေတ်ဦးမှာ လူ့အခွင့်အရေးနဲ့ ဘယ်လိုမှမလျော်ညီတဲ့ ကျွန်စနစ်ကို တရားဝင်ခွင့်ပြုခဲ့တယ်ဗျ။
ပြောချင်တာက ဒီမိုကရေစီစစ်စစ်က သွားလို့တော့ကောင်းတယ် ချက်ခြင်းစလို့တော့ မလွယ်ဘူးပေါ့ဗျာ။ ဘယ်ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ် စကာစမှာ ရာနှုန်းပြည့် အဆင်ပြေတဲ့နိုင်ငံ မရှိခဲ့ဘူးလေ။ ဒါလေးတစ်ချက်
တော့ နားလည်ပေးနိုင်ပါစေ။

လောလောဆယ်တော့ စစ်တပ်ကို အရမ်းဖယ်လို့ မရသေးလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ (အဲ အရင်
ခေတ်လိုဆို သောင်းကျန်းသူပေါ့ဗျာ။ အခုတော့ မဟုတ်တော့ဘူး။ အဲ့ဒါလဲ သူတို့ပဲ အမျိုးမျိုးပြောင်းခေါ်
နေတာ)။ အဲ့ လက်နက်ကိုင်ပေါ့။ သူတို့က ဟိုအရင်က အင်အားအကြီးဆုံး ဗကပ ပြိုကွဲသွားပြီး နောက်ပိုင်း
တောင် အားလုံးပေါင်းလိုက်ရင် ၁ သိန်းလောက်ရှိတယ်တဲ့ဗျ။

လူဦးရေနဲ့ အချိုးချလိုက်ရင် ကျွန်တော်တို့ နိုင်ငံက သူတို့အခေါ်သောင်းကျန်သူ ကျတော်အခေါ် တိုင်းရင်း သားလက်နက်ကိုင် အများဆုံးတိုင်းပြည်ထဲမှာ ပါနေပါတယ်ဗျာ။ အဲ့ဒါကို စစ်တပ်က လုံခြုံရေးအကြောင်းပြ
ချက်နဲ့ လွှတ်တော်ထဲ အစိတ်သားဝင်ယူထားတာဗျ။ ကြိုက်သည်ပဲဖြစ်ဖြစ် မကြိုက်သည်ပဲဖြစ်ဖြစ် ငြင်းရ ခက်နေတယ်ဗျ။

အဲ ဒါပေမဲ့ ဒီ (၂၅)ရာခိုင်နှုန်း (အစိတ်သား)ဟာ ဒီအတိုင်းသွားတော့မှာလားဆိုတော့လည်း မဟုတ်ပါဘူး။ ကာချုပ်ကြီး မင်းအောင်လှိုင်ကတော့ ထိုင်းနိုင်ငံခရီးစဉ်တုန်းက နိုင်ငံရေးအရ ဆုတ်ခွာမယ်လို့ ပြောထားပါ
တယ်ဗျာ။ ချက်ခြင်းတော့မရဘူးပေါ့။ အခြေအနေတစ်ခုအရပေါ့ဗျ။ အဲ့အခြေအနေကဘယ်တော့မှစနိုင်မလဲ ဆုတ်ခွာနိုင်မလဲနိုင်ဆိုတာကတော့ တင်းမာမှုတွေလျော့ပါးသွားရင်၊ ပြည်တွင်းငြိမ်းချမ်းရေးရလာရင် အလား အလာတွေ ပွင့်လာနိုင်တာပေါ့ဗျာ။ ဒါကြောင့်မို့ အားလုံးလိုလားနေတဲ့ ရာနှုန်းပြည့် ဒီမိုကရေစီ
ဆိုတာ ပြည်တွင်းစစ်တန်းလန်းကြီးနဲ့တော့ မဖြစ်နိုင်ကြောင်း သံတော်ဦးတင်ပါသည် ခင်ဗျာ။

ရေးသားသူ – လုလင်လေး(မှူးအိမ်ဇော်)

မြင်းခြံတူဒေး

No comments:

Post a Comment