"ပျက်စီးခြင်းသို့
ရောက်ကြကုန်သော များစွာသော ပျိုရွယ်သူတို့သည် ညစာစားပြီးသော အချိန်ကစ၍
ပျက်စီးတတ်ကြလေသည်။ ကျော်စောထင်ရှားခြင်းသို့ ရောက်သောသူတို့သည် ညနေအချိန်
ညအချိန် များ၌ လုပ်ကိုင် သင်အံ့လေ့ကျက်ကြ ရလေသည် (သို့မဟုတ်) အကျိုးရှိသော
နေရာဖြစ်စေ၊ မိမိကို ကြီး မြင့်အောင် စွမ်းဆောင်ကူညီနိုင်သူ
တစ်ယောက်ထံမှာဖြစ်စေ အချိန်ကိုကုန်လွန်စေတတ်ကြလေသည်။"
အထက်ပါ စာပိုဒ်သည် တက်ကျမ်းခေါ်လူတို့၏ စိတ္တသတ္တိကို နှိုးဆွပေးသော
စာအုပ်များရေးသားခဲ့သူ ဆရာကြီးပီမိုးနင်း၏ ကမ္ဘာ့မင်တံစာအုပ်ပါ
"အားလပ်သောအချိန်ကလေးများ" ဆောင်းပါးမှ စာတစ်ပိုဒ် ဖြစ် ပါသည်။ ယခုစာစုတွင်
ကျွန်တော်ပြောလိုသည့် အကြောင်းအရာနှင့် ဆက်စပ်နေသဖြင့် ကူးယူ
ဖော်ပြ လိုက်ခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့သည် အလုပ်ချိန်အတွင်း ပင်ပန်းခြင်းကို အကြောင်းပြကာ
ညဦးပိုင်းအချိန် များကို လက်ဖက် ရည်ဆိုင်များ၊ ဘီယာဆိုင်များ၌ အတော်များများ
ဖြုန်းတီးပစ်ကြလေသည်။ ဗျူးကောင်း ကောင်း၊ အခင်း အကျင်းသန့်သန့်၊
သပ်သပ်ရပ်ရပ် ဆိုင်များဆိုလျှင် စတုဒိသာကျွေးနေသလား အောက် မေ့ရသည်။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ယောက်က ပြောပြသည်။ အချို့ဆိုက်ကားသမားများ နံနက်
၉ နာရီခွဲ၊
၁၀ နာရီလောက်ဆို နေပြင်းလို့ဆိုပြီး ဆိုက်ကား
ထွက်မနင်းတော့ဘဲ ပြသမျှ ရုပ်ရှင်ကားထိုင် ကြည့်ပြီး
နေ့ခင်းနှစ်လုံးဂဏန်းထွက်တော့မှ အိမ်ပြန်ထမင်းစားသည်ဟု ဆို၏။
အိမ်မှာတော့
ဘယ်လို ချက်ပြုတ်စားသောက်ကြသည်မသိ၊ နံနက်ခင်းဆိုက်ကားနင်းလို့ရသမျှကတော့
နှစ်လုံး ထိုးပစ်နေကြသည်ဟု ဆို၏။
ညဦးပိုင်းများတွင်လည်း ကြည့်ပါ။ လက်ဖက်ရည်ဆိုင်များ၌
ထိုင်ခုံအလွတ်မတွေ့ရ။ ဘောလုံးပွဲရှိသည့် စနေ၊ တနင်္ဂနွေညများ ဆို
သန်းခေါင်သန်းလွဲအထိ ဆိုင်ပိတ်၍မရ။ ချန်ပီယံလိဂ်ပွဲညများဆိုလျှင် ဆိုင်
ပိတ်ချိန်နှင့် ဖွင့်ချိန်က ဆက်သွားတတ်သည်ဟု ဆိုသည်။ ထိုသို့
လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်
တွေမှာ ယခုမှ လူစည်ကားနေခြင်းမဟုတ်။
ဟိုးအရင်ကတည်းက ဖြစ်သည်။ ထိုင်သည့်အရွယ်တွေက လည်း အသက် (၂၀) ဝန်းကျင်မှ
(၅၀) ဝန်းကျင်အရွယ် အားကောင်းမောင်းသန် လုပ်နိုင်ကိုင်နိုင်ကြ သည့်
အရွယ်တွေဖြစ်သည်။
လူတစ်ယောက်ချင်းအနေဖြင့် တစ်နေ့ကို တစ်နာရီကြာအောင် လက်
ဖက်ရည်ဆိုင် ထိုင်သည်ထား။ တစ်နှစ်ပတ်လည်ဆိုလျှင် နာရီပေါင်း ၃၆၀။
ရက်တွက်ကြည့်လျှင် ၁၅ ရက်ကြာသည်။ တစ်နေ့တစ်နာရီ ထက်ပိုထိုင်လျှင်ကား
ဆိုဖွယ်ရာမရှိတော့။ အချို့သူများ ဤသို့ထိုင်ခဲ့ သည်မှာ လေး၊ ငါး၊
ဆယ်နှစ် မကတော့ ပြီ။ ယင်းအချိန်များ၌ အတတ်ပညာတစ်ခုသင်ယူခဲ့လျှင်ပင်
တစ်ဖက်ကမ်းခတ် တတ်မြောက်
လောက်ပေပြီ။ အလွန်နှမြောဖွယ်ကောင်းလေစွ။
ကျွန်တော်ငယ်စဉ်ငါးတန်း၊ ခြောက်တန်းကျောင်းသား အရွယ်လောက်က
အိမ်နီးချင်းလက်သမားဆရာ တစ်ယောက်တွေ့ခဲ့ဖူးသည်။ အလုပ်မှပြန်လာတိုင်း
သူ့လက်ထဲမှာ သစ်တိုသစ်စလေး၊ ငါး၊ ခြောက် ချောင်း အမြဲပါလာတတ်သည်။
ရေမိုးချိုး၊ ထမင်းစားသောက်ပြီး ညခုနှစ်နာရီလောက်မှစကာ သူ့အိမ် နောက်ဘက် က
စောင်းလျားပင်ကြီးမှာ အောက်လင်းဓာတ်မီးကြီးချိတ်ပြီး ရွှေပေါ်ခုံတစ်လုံးနှင့်
သစ် ချောင်းတွေကို တရှပ် ရှပ်ရွေပေါ်ထိုးတော့သည်။ ကျွန်တော်ကလည်း
ငယ်ငယ်ကတည်းက စပ်စုတတ် သူဆိုတော့ စာကျက်လို့ ပျင်းလာလျှင်
သူ့ခြံဘက်ကူးသွားတတ်သည်။ ပြီးဟိုမေးသည်မေးမေးရင်း သူလုပ်သမျှထိုင်ကြည့်သည်။
ထိုလက်သမားဆရာက စကားပြောလည်းကောင်း၏။ ကျွန်တော်တို့က လေးအရွယ်တွေ
ကြိုက်တတ်သည့် ရယ်စရာတွေပြောရင်း လက်ကလည်း တရစပ်ဖြတ်တောက်၊ ရိုက်နှက်နှင့်
ခဏကြာတော့ သစ်သားခုံ ပု ကလေးတွေ ဖြစ်လာသည်။ ထိုခုံကလေးများကို မြို့ထဲက
လက်ဖက်ရည်ဆိုင်တွေကို သွားရောင်းသည်ဟု သူကပြောပြသည်။ ည ၉
နာရီခွဲလောက်ရှိလျှင် "တော်ပြီကွာ။ မနက်လည်း အလုပ်ဆင်းရဦးမယ်" ဟုဆိုကာ
သူ၏ညပိုင်းအလုပ် သိမ်းလေသည်။
ထိုစဉ်က ခုခေတ် လိုကော်ခုံတွေ မပေါ်သေးသည့်ခေတ်ဆိုတော့
သူ့သစ်သားခုံပုကလေးတွေက လက် ဖက်ရည်ဆိုင်တွေ အကြိုက်ဖြစ်သည်။
သူ့ခုံပုကလေးတွေက ခိုင်လည်းခိုင်၊ သပ်ရပ်လည်းသပ် ရပ်တော့
နောက်ပိုင်းမှာ
နာမည်ရလာပြီး အော်ဒါတွေ၊ ဘာတွေတောင်မှာကြသည်။ သူသည်လို အချိန်ပိုလုပ်သည့်
အတွက် သူနှင့်ဘဝတူနေ့စား လက်သမားတွေ ဝင်ငွေနှင့်ထွက်ငွေ
အလျဉ်မမီဖြစ်နေချိန်မှာ သူကတော့ သူ့မိသားစုကို တင့်တောင့်တင့်တယ်ဖြစ်အောင်
ထားနိုင်လေသည်။ ထို့အပြင်သူကိုယ်တိုင်လည်း အိမ်ဆောက်သည့် လက်သမားပညာအပြင်
ပရိဘောဂပညာလည်း တတ်ကျွမ်းလာလေသည်။
နောက်ပိုင်း တွင် အရပ်ထဲက
မင်္ဂလာဆောင်များကလည်း ဗီရိုတို့၊ မှန်တင်ခုံတို့ကို သူ့ဆီမှာအော်ဒါအပ်
ကြလေ သည်။ သို့တိုင်အောင် အိမ်ဆောက်သည့် အလုပ်ရှိလျှင်လည်း သူ့ဆရာနှင့်အတူ
နေ့စားလိုက် လုပ်သေး၏။
ကျွန်တော်က "ကိုယ့်အလုပ်က ဒီလောက်ကောင်းနေတာ။
နေ့စားလိုက်မလုပ်ဘဲ ဒီအလုပ်ပဲ ဇောက်ချလုပ်
ပါလား" ဟု အကြံပေးမိ၏။
ထိုအခါသူပြန်ပြောသည့်စကား မှတ်သားစရာ ကောင်းသည်။ အတန်းပညာ
မသင်ခဲ့ရသော်လည်း
ဘဝကသင်ပေးလိုက်သည့် သူ့အသိတရားက လေးစားစ ရာကောင်းလှသည်။
သူက "ထမင်းရှင်ကို
ကျေးဇူးကန်းလို့ မဖြစ်ဘူးလေ။ ငါအလုပ်မရှိခင်က ဆရာကငါ့ကို အလုပ်လည်းပေး၊
ပညာလည်းသင်ပေးခဲ့တာ။ ခုဒီပညာနဲ့ ငါထမင်းစားနေတာ။ ပညာစုံမှ
ဆရာ့ကိုခြေကန်ထွက်သွားရင်
ကျေးဇူးကန်းရာကျမှာပေါ့ ငါ့ညီရ" တဲ့။
နောက်တော့ သူကျွန်တော်တို့မြို့က ပြောင်းသွားသည်။ ရန်ကုန်မှာ
ပရိဘောဂဆိုင်ဖွင့်ပြီး ကြီးပွားနေ
သည် ဟု ကြားရ၏။ ထိုစဉ်က သူနှင့်အတူ
လက်သမားနေ့ စားလုပ်ခဲ့သူများကတော့ ယခုထိလည်း သိပ်ထူး ထူးခြားခြားပြောင်းလဲ
တိုးတက်လာတာ မတွေ့ရချေ။ အချို့လက်သမား အဖွဲ့ကိုဦးစီးခေါင်း ဆောင်ပြီး
လုပ်နေကြသည်။ အချို့က အရင် တုန်းကအတိုင်း နေ့စားဘဝက မတက်။ သူတို့တစ်တွေ၏
ဘဝဖြတ် သန်းခဲ့ပုံကို ပြန်ကြည့်လျှင် ဟိုတုန်းကညဦးပိုင်း၌ အသိမိတ်ဆွေတွေ
အိမ်လျှောက်လည် သည်။ နောက် ရပ်ကွက်တွေထဲမှာ ဗီဒီယိုရုံတွေပေါ်လာတော့
ဗီဒီယိုကြည့်ရင်း ညဦးပိုင်းအချိန်များကို ကုန်လွန်စေ၏။
ခုလိုလက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုတွေ ထွန်းကားလာတော့ လက်ဖက်ရည်ဆိုင်ထိုင်
ကြသည်။ အချိန်ဖြုန်းနည်းများသာ ကွဲသွားသော်လည်း ငယ်ရွယ်နုပျိုသောအချိန်တွေ
ဆုံးရှုံးသွားခြင်း ကတော့ အတူတူပင် ဖြစ်လေသည်။
ဆရာကြီးဦးအောင်သင်းက စာပေဟောပြောပွဲတစ်ခုမှာ ပြောဖူးသည်။ "ငယ်ငယ်မှာ
ကိုယ့်ကိုယ်ကိုယ် များများခိုင်းခဲ့ရင် ကြီးလာရင်ကိုယ်ကသူများကို
ခိုင်းရမယ်။ ငယ်ငယ်မှာ သက်သာသလိုနေခဲ့ရင်တော့ ကြီးလာရင်သူများက
ကိုယ့်ကိုခိုင်းလိမ့်မယ်" တဲ့။ လက်ဖက်ရည်ဆိုင်တွေမှာ ကျောက် ချထိုင်ပြီး
တောင် စဉ်ရေမရတွေနှင့် အချိန်ဖြုန်းနေကြသည့် လူငယ်လေးတွေကိုမြင်တိုင်း
သူတို့၏အနာဂတ်အ တွက်သာမ ကနိုင်ငံ၏ အနာဂတ်အတွက်သာမက နိုင်ငံ၏အနာဂတ်အတွက်ပါ
စိတ်ပူမိပါသည်။
နိုင်ငံ တည်ဆောက်ရေး၌
လူနည်းစုတော်နေရုံဖြင့် မရနိုင်ပါ။
နိုင်ငံသားအများစု ကိုယ်ရည်ကိုယ်သွေးမြင့်မား ဖို့ အလွန်အရေးကြီးပါသည်။
လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းခြင်း ထက် လမ်းဘေးမှာဝိုင်းဖွဲ့ပြီး
ဂစ်တာ တီး၊ သီချင်းဆိုခြင်းကမှ အကြောင်းညီညွတ်ခဲ့လျှင်
ဂီတပညာရှင်ဖြစ်နိုင်ပါသေးသည်။
ယနေ့ခေတ်တွင် ပရီးမီးယားလိပ်၊ လာလီဂါကဲ့သို့သော
နိုင်ငံရပ်ခြားဘောလုံးပွဲ များကလည်း နယ်မြို့ လေး များသာမက တောကြိုအုံကြားအထိ
တိုက်ရိုက်ကြည့်ရှုနိုင်သည်ဖြစ်ရာ ပင်လယ်ပိုင်းက ရွာက လေးများအထိ
လက်ဖက်ရည်ဆိုင်များက ခြေဆန့်ခဲကြပြီဖြစ်သည်။
လက်ဖက်ရည်ဆိုင်ထိုင်၍
ဘောလုံးပွဲကြည့်ရင်း နောက်ဆက်တွဲ အနေဖြင့် အလောင်းအစားများပါ ပါလာ သည်။
အလွယ်လမ်းဖြင့် ငွေရှာရင်းလောင်း ကစားနွံတွင်နစ်ကာ
မိမိ၏အသက်မွေးဝမ်းကျောင်း
အလုပ်များ ကိုပင်ပုံမှန်မလုပ်ကြ
တော့သည့်လူငယ်တွေလည်းအများအပြားရှိလာသည်။ထိုသူများထဲတွင် နိုင်ငံဝန်ထမ်း
များသာမက လုပ်ငန်းခွင်ထဲမရောက်သေးသည့်
အဝေးသင်တက္ကသိုလ် ကျောင်းသားများအပြင် အထက် တန်းကျောင်းသားအချို့ပါ
ပါနေကြသည်။
ဤပြဿနာသည်ကျွန်တော်တို့တစ်နယ်တည်းဖြစ်နေသည့် ပြဿနာမဟုတ်ပါ။
နိုင်ငံအနှံ့မြို့တော် တော်များ များမှာ ဖြစ်နေသောပြဿနာဖြစ်သည်။
ဆိုင်ရာတို့က မှန်မှန်ကန်ကန် မဖြေရှင်းဘဲမသိကျိုး ကျွံပြုထားကြ လျှင် နောင်
၁၀ နှစ်၊ ၁၅ နှစ်ကြာလျှင် မူးယစ်ဆေးဝါးပြဿနာတစ်ခုဖြစ်လာနိုင်သည်။
ယခုပင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ မြန်မာနိုင်ငံတွင်
ကျွမ်းကျင်လုပ်သားရှားပါးကြောင်း အသံ ဗလံတွေ ထွက်လာခဲ့သည်။ သဘာဝ သယံဇာတတွေ
မည်မျှပင်ပေါများပါစေ။ အဓိကကျသည့် လူသား အရင်းအမြစ်တွေ တန်ဖိုးမဲ့နေပါလျှင်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အလှမ်းဝေးနေပါဦးမည်။
ဘီယာဆိုင်ထဲက၊ လက်ဖက်ရည်ဆိုင်ထဲက လူငယ်တွေအတတ်ပညာရှာမှီးရာ
နေရာများဆီရောက် အောင်၊ စာကြည့်တိုက်တွေ၊ စာဖတ်ခန်းတွေဆီရောက်လာအောင်
တစ်နည်းနည်းဖြင့် စည်းရုံးခေါ် ဆောင်ကြဖို့ အချိန် တန်ပြီဟု ထင်ပါသည်။
သူတို့အတွက် အလုပ်အကိုင်အခွင့် အလမ်းတွေ ပွင့်လာ အောင်လည်း ကြိုးစားရပေ မည်။
Written by မင်းသန်းထိုက် (ဒေးဒရဲ)
7Day Daily
No.220, Nov.30, 2013
No comments:
Post a Comment