Monday, December 30, 2013

“ ရခိုင်တိုင်းရင်းသား တစ်ချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား ”

လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုဟာ အခြား လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ် ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့ပါပဲ။ ဒါဟာ အလွန်ရိုးရှင်းတဲ့ ဥပဒေသပါ။ တစ်ချို့ကျတော့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ရပ်ကို မကြိုက်ပေမယ့်၊ လက်မခံပေမယ့်၊ ရွံရှာမုန်းတီးပေမယ့် အသိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ ဖြစ်စေ အဲဒီ လုပ်ရပ်တွေအတိုင်း ထပ်တူ လိုက်လုပ်မိတာတွေ ရှိတတ်ပါတယ်။ အဲလို ဖြစ်ခဲ့ရင်တော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ တာလီဘန် လို့ဆိုလိုက်ရင် အစ္စလာမ် အစွန်းရောက်တွေလို့ အားလုံးက နားလည်

ကြပါတယ်။ တစ်ကြိမ် တစ်ခါက အာဖဂန်နစ္စတန်မှာ တိုင်းပြည်အာဏာရဖူးပြီး ဒီနေ့အချိန်ထိ 
အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံ နယ်မြေ တစ်ချို့မှာ လှုပ်ရှားနေဆဲ ရှိပါတယ်။ သူတို့ဟာ ခေတ်သစ်မှာ အစွန်းရောက်တဲ့ ရှေးရိုး ရှားရီးယား ဥပဒေ ကို ပြန် အသက်သွင်းလိုသူတွေဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို တားဆီး ပိတ်ပင်လိုသူတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်သူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အချိန်ထိ သူတို့တွေ ကျင့်သုံးနေဆဲ ဓလေ့တွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အပါအ၀င် မယား(၄) ယောက် ယူနိုင်တာ၊ မိန်းမကို
ဖေါက်ပြားတယ်လို့ထင်ရင် ဖမ်းဆီး၊ လူမြင်ကွင်းမှာ ဦးခေါင်းပေါ်ရုံလောက် မြေမြုပ် ပြီး ကျောက်ခဲ
တွေနဲ့ မသေမချင်း ပစ်ပေါက် အရေးယူတာမျိုး ဖြစ်ပါတယ်။


ခေတ်သစ်မှာ သူတို့ အဓိက လုပ်တဲ့ အလုပ်တွေကတော့ သူတို့ လူမျိုး၊ ဘာသာဝင်တွေ အပါအ၀င်
ပြည်သူတွေကို ကူညီဖို့ လာတဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုး၊ အင်န်ဂျီအို အမျိုးမျိုးကို တားဆီးတာ၊ ပိတ်ပင်တာ၊ ရန်ရှာတာ၊ အလုပ်လုပ်လို့ မရအောင် နှောင့်ယှက်ခြိမ်းခြောက်
တာ၊ နောက်ဆုံး တိုက်ခိုက်တာ အထိ လုပ်လေ့ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသား အုပ်စု တစ်ချို့ရဲ့ လုပ်ရပ် တစ်ချို့ဟာ မပြေးသော် ကန်ရာရှိ အဲဒီ တာလီဘန်တွေရဲ့ လုပ်ရပ်တွေနဲ့ သွားဆင်တူနေတာ တွေ့ရပါတယ်။ ဘယ်အချက်မှာလည်း ဆိုတာ ခုတစ်ပါတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။
 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြို့မိမြို့ဖ ဒေသခံတွေလို့ဆိုတဲ့
ကော်မတီတစ်ခုက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ အင်န်ဂျီအို အဖွဲ့တွေ လိုက်နာရမယ့် အချက်တွေဆိုပြီး ကြေငြာချက်တစ်ခု ထုတ်ပါတယ်။ အဲဒီ အချက်တွေကို လိုက်နာဆောင်ရွက်ခြင်း
မရှိရင် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး မြို့နယ်ထဲက ထွက်သွားကြဖို့ တောင်းဆိုပါတယ်။

တောင်းဆိုချက်တွေထဲ ပါတဲ့ အချက်တွေကတော့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့တွေအနေနဲ့
ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံတွေပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊ ဘက်လိုက်မှုမရှိပဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ ပစ္စည်းနဲ့
အခြား အထောက်အပံ့တွေနဲ့ ပါတ်သက်ပြီး ဒီ ကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး (၅)ယောက်ကို အတူ လိုက်ပါခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှု အခြေအနေ ကော်မတီကို အချိန်မရွေး ၀င်ရောက် စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်း ကာလနဲ့ အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့ နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝ မလုပ်ဖို့၊ အကူအညီပေးတာကို မနက် ၆ နာရီကနေ ည ၆ နာရီ အတွင်းပဲ လုပ်ဖို့ ၊ အရေးပေါ် အကူအညီလိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှ လုပ်ဖို့ စတဲ့ အချက်တွေ ပါပါတယ်။

ဒီတောင်းဆိုချက်တွေကိုကြည့်ရင် အရင် စစ်အာဏာရှင်တွေကို သတိရစေပါတယ်။ အာဖဂန်က တာလီဘန်တွေကို သတိရစေပါတယ်။ အရင် စစ်အာဏာရှင်တွေ ခေတ်တုန်းကလည်း နိုင်ငံတကာ အင်န်ဂျီအိုတွေ၊ အင်န်ဂျီအိုတွေ အနေနဲ့ ဒုက္ခရောက်နေသူတွေ၊ ဖျားနာသူတွေ၊ စစ်ဘေးဒါဏ်ခံရသူတွေ၊ အကူအညီ လိုအပ်နေသူတွေဆီ အကူအညီ မပေးနိုင်အောင်၊ မရောက်နိုင်အောင် စည်းကမ်း အမျိုးမျိုး ချမှတ်ပြီး တားဆီး ပိတ်ပင်လေ့ရှိပါတယ်။ ထင်ရှားတဲ့ သာဓကကြီးတစ်ခုကတော့ ဂလိုဘယ်လ် ဖန်း လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အလွန်ကြီးမားတဲ့ အကူအညီပေးရေး အဖွဲ့အစည်းကြီးကို အလုပ်လုပ်လို့

မရလောက်အောင် ကန့်သတ်ချက်တွေ အမျိုးမျိုးလုပ်ပါတယ်။ စည်းကမ်းတွေ အမျိုးမျိုး ထုတ်ပါတယ်။
နောက်ဆုံး ဂလိုဘယ်လ်ဖန်း မြန်မာနိုင်ငံထဲက ထွက်ခွာသွားရတဲ့ အထိပါပဲ။ နောက်ထပ် ခါးသီးတဲ့
ဥပမာ တစ်ခုကတော့ နာဂစ် လေမုန်တိုင်းဘေး ဖြစ်ချိန် နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူတွေရော အကူအညီတွေ မပေးနိုင်အောင် တားမြစ်ပိတ်ပင်ထားတဲ့ စည်းကမ်းချက်တွေကလည်း စောစောက
 မြောက်ဦးက ကော်မတီ ရဲ့ တောင်းဆိုချက်တွေနဲ့ သိပ် မတိမ်းမယိမ်းပါပဲ။ တာလီဘန်တွေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ မိန်းကလေးငယ်တွေကို ပညာလာသင်ပေးတဲ့ အင်န်ဂျီအို အဖွဲ့တွေ၊
ဆေးလာကုပေးတဲ့သူတွေကို အကူအညီ မပေးခိုင်းရုံမက ရန်ပြု တိုက်ခိုက်တာမျိုးအထိ လုပ်ကြပါတယ်။
 

အဲဒီ ကော်မတီ ဆိုတာရဲ့ တောင်းဆိုချက်နဲ့ ပါတ်သက်ပြီး မြောက်ဦးက အင်န်ဂျီအိုတွေ၊ အိုင်အင်န်
ဂျီအိုတွေက လက်မခံကြပါဘူး။ ဒါဟာ အစိုးရ၊ အာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်တဲ့အတွက် အစိုးရဘက်
ကိုပဲ တင်ပြသင့်တယ်လို့ အကြောင်းပြန်ကြပါတယ်။ ဒီလို အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေဘက်က လက်မခံတဲ့အခါ ကော်မတီ ဘက်က နောက်တဆင့် တက်လာပြန်ပါတယ်။ ဒီ တောင်းဆိုချက်တွေကို လက်မခံတဲ့ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဟော်တယ်တွေကနေ လက်မခံဖို့ ထပ်ပြီး ရာဇသံပေး တောင်းဆိုလိုက်ပြန်ပါတယ်။ ကော်မတီဘက်က ဒါဟာ သတိပေးမှု၊ မလိုက်နာရင်
ဆန္ဒပြမယ် လို့ ပြောထားပေမယ့် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။
 

တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး၊ အလားတူ ဖြစ်ရပ်မျိုး ရခိုင်ပြည်နယ် မြို့နယ် အချို့မှာ လူပုဂ္ဂိုလ် တစ်ချို့ကလည်း လုပ်ခဲ့ဖူးပါတယ်။ ရခိုင်တိုင်းရင်းသား တစ်ချို့ဟာ ဘာကြောင့် လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေကို ရန်လိုနေရတာပါလဲ။ လူသားချင်းဆိုင်ရာ အကူအညီတွေဟာ ဒုက္ခသုက္ခ
ရောက်နေတဲ့၊ စုတ်ပြတ်သတ်နေတဲ့၊ ပညာမဲ့နေတဲ့ ဘင်္ဂလီ လူအုပ်စုကြီး ဆီကို ရောက်မသွားရင် ရခိုင်ပြည်နယ်ကြီး ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယူဆ နေကြလို့လား၊ ရခိုင်တိုင်းရင်းသားတွေ
ဘ၀ ပိုပြီး လုံခြုံအေးချမ်းစွာ နေရမယ်လို့ မျှော်လင့်ကြလို့လား စသဖြင့် မေးခွန်းထုတ်ရမလို ဖြစ်နေပါ
တယ်။ ဒါတင်မက ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေတင်မက ရခိုင်တိုင်းရင်းသား တစ်ချို့လည်း ဒုက္ခရောက်၊ အကူအညီ လိုအပ်နေကြပါတယ်။ 

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်၊ တိုင်းတွေထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေ

ပါတယ်။ အဲဒါ ဘင်္ဂလီတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဖန်တီးနိုင်လောက်အောင်လဲ၊ သူတို့
လက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့၊ အုပ်ချုပ်ရေး ယန္တယား၊ တရားစီရင်ရေး ယန္တယား၊ စီးပွားရေး
 စွမ်းပကား ဘာတစ်ခုမှ ရှိကြတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှု တရားခံဟာ အရင်စစ်အာဏာရှင် အစိုးရပါ။ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီ ပြသနာဟာလည်း တိုင်းပြည်ကို ရာစုနှစ် တစ်ဝက်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးက ကော်မတီ ဆိုတာနဲ့ အချို့ရခိုင်တိုင်းရင်း

သားတွေရဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ပြုမူ ဆက်ဆံပုံဟာ အရင် စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေက အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ဆက်ဆံ ပြုမူပုံနဲ့ သွားဆင်တူနေပါတယ်။ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို အားကျ အတုယူလို့ကတော့ဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်သလို၊ ရခိုင်ပြည်နယ်ထဲက ပြသနာတွေလည်း ပြေလည် ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။ ဒါတင်မက ရခိုင်တွေကိုယ်တိုင် ဘ၀ လုံခြုံစိတ်ချ အေးချမ်းတဲ့ ပါတ်ဝန်းကျင်တစ်ခုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။


စည်သူအောင်မြင့်

မြန်မာတိုင်းမ် ဂျာနယ်၊ ၂၇-၁၂-၁၃။ စာ-၁၂။
Sithu Aung Myint
 ဆက်စပ်သတင်း >>>>>

No comments:

Post a Comment