Saturday, November 9, 2013

*** တိုင်းပြည်တာဝန် ရှိသူများ၏ ခံစားခွင့်နှင့်ပြည်သူ့စေတနာ ***


 လျှပ်စစ်မီတာခ တိုးမြှင့်အပေါ် နိုဝင်ဘာ ၇ ရက်ညက ရန်ကုန်မြို့တွင် ဆန္ဒပြနေ သူများအား တွေ့ရစဉ်။ (ဓာတ်ပုံ)- မင်းသိန်းနိုင်

တစ်လောက အမျိုးသား လွှတ်တော်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်
အယောင်များ ဆိုင်ရာဥပဒေ ပြင်ဆင်ဖို့ အဆိုနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာချီးမြှင့် ငွေတွေကို တိုးမြှင့်ဖို့စတဲ့ အဆိုနှစ်ရပ်ကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ကြောင်း မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံ တစ်နိုင်ငံမှာ စီမံခန့်ခွဲရာမှာ အရေးကြီးတဲ့ နေရာမှာ ရှိနေတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော် ခံစားခွင့်နဲ့ ပတ်သက်တာဖြစ်လို့ အများစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခု
 ဖြစ်ခဲ့ပါတယ်။

တိုင်းပြည်အတွက် အရေးပါသူများ၏ လစာခံစားခွင့်
***************************************
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များ ဆိုင်ရာဥပဒေ ပြင်ဆင်ဖို့အဆိုကို ဘဏ္ဍာရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီးဒါနဲ့ ပတ်သက်ပြီး

အမျိုးသား ဥပဒေကြမ်း ကော်မတီဝင် ဦးစောမော်ထွန်းက သမ္မတရဲ့ လမ်းညွှန်ချက်၊ ပြည်ထောင်စုအစိုးရ
ရဲ့ သဘောတူညီချက်နဲ့ လျှော့ချခံစားနေတဲ့ လစာချီးမြှင့်ငွေအတိုင်း ဆက်လက်လျှော့ချ ခံစားမယ်ဆိုပါက ဥပဒေကို ပြင်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ ဥပဒေမှာ သတ်မှတ်ထားတဲ့ သမ္မတအတွက်လစာ
ချီးမြှင့်ငွေဖြစ်တဲ့ ကျပ်သိန်း ၅၀ ကို သမ္မတက ၁၅ သိန်းသာ ရယူနေတာဖြစ်ပြီး ဒုတိယ သမ္မတအတွက် သတ်မှတ်ထားတဲ့ လစာကျပ် သိန်း ၄၀ ကို ဒုသမ္မတတွေက ကျပ် ၁၂ သိန်းနဲ့သာ ရယူထားတာ ဖြစ်သလို အချို့အစိုးရ တာဝန်ရှိသူတွေရဲ့ လစာတွေကိုလည်း ဥပဒေမှ သတ်မှတ်ထားတာထက် လျှော့ချထား
ပါတယ်။ ဒါအပြင် အမျိုးသား လွှတ်တော်မှာပဲ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်က လွှတ်တော် ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င်)ရဲ့ လစာချီးမြှင့်ငွတွေ
ကို လက်ရှိလစာ ကျပ်သုံးသိန်းကနေ ကျပ်ခြောက်သိန်းသို့ တိုးမြှင့်ဖို့ လွှတ်တော်မှာ ဆွေးနွေးဖို့ အဆိုကို ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက တင်သွင်းခဲ့ပြီးကန့်ကွက်သူ မရှိခဲ့ပါဘူး။ ဒါ့အပြင် တိုင်းဒေသ
ကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက လွှတ်တော် ကိုယ်စားလှယ် (တပ်မတော်သား လွှတ်တော် ကိုယ်စား
လှယ်တွေ အပါအ၀င်) တွေရဲ့ လစာချီးမြှင့်ငွေ ကျပ်နှစ်သိန်းကို ခေတ်ကာလနဲ့ လျော်ညီအောင် ကျပ်လေး
သိန်းသို့ တိုးမြှင့်ဖို့ အဆိုကိုလည်း လွှတ်တော်မှာ ဆွေးနွေးဖို့ အမျိုးသားဥပဒေကြမ်း ကော်မတီဝင်တွေက အကြံပြု ခဲ့ကြပါတယ်။

အလယ်လတ်တန်း ဘောလုံးသမား တစ်ယောက်လစာ
*****************************************
အဲဒီတော့ သမ္မတအပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး လက်ရှိရရှိနေတဲ့ လစာခံစား

ခွင့်တွေ တိုးမြှင့်ပေးခြင်း၊ ဒါမှမဟုတ် အရင်အတိုင်း လျှော့ချ ခံစားနေတာတွေဟာ နေမြဲအတိုင်း
 လျှော့ချခံစား နေသင့်သလား ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ လွှတ်တော်မှာ အဆိုတင်ခဲ့သလို လက်ရှိလစာတွေဟာ ခေတ်ကာလနဲ့ လျှော်ညီမှု ရှိပါသလား။ တကယ်တမ်း အားမနာတမ်း ပြောရရင် အခုသမ္မတ ရနေတဲ့ လစာဆိုတာ မြန်မာနေရှင်နယ်လိဂ်က အလယ်လတ်တန်း ဘောလုံးသမား တစ်ယောက်လစာ လောက်ပဲရှိပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုရင်တော့ မြန်မာနေရှင်နယ်လိဂ်က
 ဘောလုံးသမား တစ်ယောက်လစာ အဆင့်မှာတောင် မရှိဘူးလို့ ဆိုနိုင်ပါတယ်။ တိုင်းဒေသကြီးနဲ့
 ပြည်နယ်လွှတ်တော် လစာနှစ်သိန်း ဆိုတာကလည်း ဒီနေ့ခေတ် သာမန်ကုမ္ပဏီ ၀န်ထမ်းတစ်ယောက်ရဲ့ လစာနှုန်းသာ ရှိပါတယ်။ ဒီတော့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိပတိဖြစ်တဲ့ သမ္မတ အပါအ၀င် တိုင်းပြည်ကောင်းရာ
ကောင်းကျိုး ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လစာတွေတိုးပေးဖို့ ခေတ်နဲ့လျော်
ညီစွာ ပေးအပ်ဖို့ဆိုတာ မဖြစ်မနေ လုပ်ဆောင်ပေးရမယ့် အရာလို့ မြင်မိပါတယ်။

ဘယ်လောက် အလုပ်ကို အောင်မြင်အောင် လုပ်နိုင်သလဲ
******************************************
ဒီနေရာမှာ ဖတ်မှတ်ခဲ့ဖူးတာလေး တစ်ခုကို သွားသတိရမိတယ်။ အဲဒါက စင်ကာပူနိုင်ငံမှာ ၀န်ကြီးချူပ်

တာဝန်ယူခဲ့ဖူးတဲ့ ဂိုချောက်ထောင် ပြောခဲ့တဲ့ စကားလေးပါ။ သူ့ရဲ့ဝန်ကြီးချုပ် လစာဟာ အဆမတန် များပြားစွာ ယူထားတာကို လူတွေက မေးခွန်းထုတ် ဝေဖန်ကြတော့ ဂိုချောက်ထောင်က ပြန်ပြောတယ်။ ခင်ဗျားတို့ ကျွန်တော် ယူထားတဲ့လစာကိုပဲ မကြည့်ကြနဲ့တဲ့။ကျွန်တော်ဝန်ကြီးချုပ် လုပ်နေတဲ့အချိန်အတွင်း
 စင်ကာပူဟာ ဘယ်လောက် တိုးတက်ခဲ့သလဲ။ စီးပွားရေး တိုးတက်မှု ဘယ်လောက်ရှိခဲ့သလဲ ဆိုတာ
ကိုလည်း ထည့်စဉ်းစားကြလို့ ပြောခဲ့တယ်။ တကယ်လည်း သူဝန်ကြီးချုပ် လုပ်စဉ်ကာလမှာ စင်ကာပူရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီး ရှိခဲ့တာကြောင့် ဝေဖန်တဲ့သူတွေ ဆက်မပြောနိုင် ကြတော့
ဘူးပေါ့။ လစာဘယ်လောက် ယူထားတယ် ဆိုတာထက် ဘယ်လောက် အလုပ်ကို အောင်မြင်အောင် လုပ်နိုင်သလဲက အဓိက ဆိုတာကို သူကရည်ညွှန်း ချင်တာပါ။

တရားမ၀င် ခံစားခွင့်တွေနောက် မလိုက်ရန်သာ
**********************************
ဒီတော့လက်ရှိ မြန်မာနိုင်ငံမှာလည်း သမ္မတကစပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်တွေမှာ တာဝန်ထမ်းဆောင် နေသူတွေရဲ့လစာဘယ်လောက် ရသင့်သလဲမေးရင် ခေတ်နဲ့လျော်ညီ ထိုက်တန်တဲ့ လစာ အဆောင်အယောင်တွေ ရသင့်တယ်လို့ ဖြေရမှာဖြစ်ပါတယ်။ ဒေသတွင်းက ဖွံ့ဖြိုးပြီး နိုင်ငံတွေလို မပေးနိုင်တောင် တတ်နိုင်သမျှ မကွာဟအောင် ပေးရမှာ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကိုသာ အောင်အောင်မြင်မြင် ဖြစ်အောင် လုပ်ဖို့သာ ဖြစ်ပါတယ်။ လုပ်ငန်း မအောင်မြင်တော့မှ လစာလျှော့ယူ ထားတာပဲ။ ခေတ်နဲ့လျော်ညီစွာ မပေးထားတော့ ဘယ်လိုလုပ် အောင်မြင်မှာလဲ ဆိုတာတွေကတော့ လက်ခံလို့မရတဲ့ ဆင်ခြေတွေပါ။ မဏ္ဍိုင်သုံးရပ်မှာ ရှိနေတယ်ဆိုတဲ့ သူတွေဟာ တာဝန်ယူစဉ် ကတည်းက နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းတိုးတက် လာအောင် လုပ်ဆောင်ပေးဖို့ ကတိပြုခဲ့သူတွေ ဖြစ်တာကြောင့် အမြဲတမ်း စွမ်းဆောင်ရည် မြင့်မားနေကြဖို့ လိုပါတယ်။ ပြည်သူတွေကို မေးကြည့်ရင်လည်းသူတို့တွေအတွက် ကောင်းတဲ့အရာတွေသာ ဆောင်ကြဉ်းပေးနိုင်မယ် ဆိုရင် ထိုက်သင့်သလောက်ယူတာ ကြည်ဖြူကြမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ယခင် ၈၈ အစိုးရ လက်ထက်ကလို တရားဝင်ခံစားခွင့် နည်းနည်းပြထားပြီး တရားမ၀င် ခံစားခွင့်တွေဘဲနောက်လိုက်သာ လိုက်နေကြမယ် ဆိုရင်တော့ တစ်လတစ်သိန်း ယူတာတောင် ပြည်သူတွေက ကျေနပ်ဖို့ မရှိပါဘူး။အချုပ်ဆိုရရင် ယူသင့်ယူထိုက်တာယူပါ။ တိုင်းပြည် အတွက်လည်း အလုပ်ကို ကြိုးစားလုပ်ကြပါ။ အထူးသဖြင့် မဏ္ဍိုင်သုံးရပ်မှာ ရှိနေတဲ့ သူတွေရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားတယ် ဆိုတာကို မမေ့ကြဖို့ လိုပါတယ်။ ကိုယ့်ရဲ့နေ့စဉ် ပြုသမျှ လုပ်ငန်းဆောင် တာတွေဟာ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း ဘယ်လောက်လုပ်ပေးနိုင်ခဲ့သလဲဆိုတာ ပြန်လည်ဆန်းစစ် ကြဖို့ပါပဲ။ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို စွမ်းဆောင်ပေးသူတွေ အတွက်ကိုတော့ ပြည်သူတွေရဲ့ စေတနာဟာ ဘယ်တော့မှ အရောင်ပြောင်းမှာ မဟုတ်ပါကြောင်း။

Written by သစ်ထွဋ် 


No comments:

Post a Comment