အပူ ဒီဂရီ
၁၅၀၀ မှ ၂၃၀၀ ဖာရင်ဟိုက် နားမှာ ပန်းပဲလုပ်သားများ ပင်ပန်းကြီးစွာလုပ်နေကြသည်။
သို့သော်…
ဖားဖိုနဲ့ ခပ်ဝေးဝေး လုပ်ငန်းခွင် တစ်နေရာမှာတော့ ချစ်သူနှစ်ဦး။
“တော့်ကို
ပြောရဦးမယ်ကိုရင်၊ မနေ့က လပြည့်ကျော်တစ်ရက် သူခိုးကြီးည မဟုတ်လား…
ကျုပ်တို့ အိမ်ဘေးက
မိတင်ဟန်ကို မြောက်ပိုင်းက သာလှ ခိုးသွားတဲ့ သတင်းကြားပြီပြီလား”
“သူများ ခိုးရာလိုက်တာ
အရေးမကြီးပါဘူး အေးမြရာ၊ ကျုပ်တို့ နှစ်ယောက် ခိုးရာလိုက်ဖို့ပဲ ကျန်တော့တယ်”
“အို….ဒါတော့
မလွယ်ဘူးတော်ရေ့၊ ကျုပ်ကိုတောင် အဘက အပြင်ပေးမထွက်တာ
တော်လည်းအသိ၊ တစ် နေ့တစ်နေ့ ဟိုး…
တောင်ပိုင်းက ဒွေးလေးသမီး၊ ကလေးလေးတွေနဲ့ပဲ မကြီးမငယ်ဆော့နေရတယ်”
“ကျုပ်ကြံရင်ဖြစ်ပါတယ်၊
အခုတောင် အေးမြတို့ခြံထဲဝင်ပြီး စကားလာပြောသေးတာပဲ”
“ဒါဖြင့်
ကြံစမ်းပါဦး…ကျုပ်တို့နီးစပ်ဖို့”
ကိုရင်စံတင်က
ခေါင်းပေါ်လက်ဝါးအုပ်ကာ ငှက်ပျောသီးတစ်လုံးကို အခွံတစ်နွှာခန့် စဉ်းစားသည်။
“အယ်…ကျုပ်
သိပြီ”
အေးမြနားကို
ဖွဖွလေးဆွဲပြီး သူ့ပါးစပ်က ပွစိပွစိပြောလိုက်သည်။
အေးမြက အာရုံစိုက်ပြီး နားထောင်နေသည်။
ကိုရင်စံတင့်က အေးမြနားကို မကိုက်မိရုံတမယ် တိုးတိုး…တိုးတိုး။ အေးမြက ခေါင်းတညိတ်ညိတ်။
“ဟေ့ကောင်”
နှစ်ဦးလုံး
လန့်ဖျပ်သွားသည်။
အေးမြက ရင်ဘတ်ကို
လက်နှစ်ဖက်ဖိ၊ မျက်လုံးပြူးလျက်။ ကိုရင်စံတင့်က လက်တစ်ဖက်ဖြင့်
သူ့ပါးစပ်ကို ပိတ်၊
နောက်လက်တစ်ဖက်ဖြင့် အေးမြဖခင်ကြီးကို လက်ညှိုးထိုးလျက်။
“မင်း…မင်း…ကျုပ်သမီးကို
ဘာလုပ်တာတုံး”
“နားယားတယ်ဆိုလို့
ကိုက်ဆွဲပေးမလို့”
“ဘာ”
“အဲ…ယောင်သွားလို့၊
ဘာမှမလုပ်ဘူး ပြောမလို့ပါ ဖခင်”
“ဘာကွ..ဘယ်လိုခေါ်ဒယ်၊
ဘယ်လိုခေါ်လိုက်ဒယ်”
အေးမြ ဖခင်
ပန်းပဲလုပ်ငန်းပိုင်ရှင်ဖို သူကြီး ဦးရွှေတိုးမှ ဒေါသထွက်လွန်း၍ စကားတောင်မပီရှာတော့။
“မှားသွားလို့ပါ
ဦးကြီးရာ၊ စိတ်ကိုလျှော့ပါ။ စိတ်လျှော့ဘာ”
“နို့နေပါဦး၊
မင်း ကျုပ်ခြံထဲကို ဘာလာလုပ်တာတုန်း၊ ဘယ်တော့မှ မလာပါနဲ့…
ကျုပ်သမီးနဲ့ အဆက်အသွယ် မလုပ်ပါနဲ့လို့ပြောထားတာ
မေ့ကရောလား ကိုရင်”
အဲဒီတော့မှ
ကိုရင်စံတင့်လည်း မျက်စိမျက်နှာပျက်(ပျက်စီးသွားတာမဟုတ်ပါ၊ ညှိုးကျသွားခြင်း)သွားပြီး
“ကျုပ်..ဓား
လာအပ်တာပါ”
အလုပ်ကိစ္စလာသည်ဟုပြော၍
ဒေါသကိုလျှော့၊ သမီးဖြစ်သူကို အိမ်ထဲဝင်ဖို့ မျက်ရိပ်မျက်ကဲပြရင်း။
“ပေးလေ၊ အထည်ကြမ်း..”
“ဟင့်အင်း၊
မပါဘူးခင်ဗျ၊ ဦးကြီးတို့ ပန်းပဲဖိုကပဲ သင့်တော်ရာ သံထည်နဲ့ လိုက်ပေးစေလိုပါတယ်”
“ကောင်းပြီလေ၊
ဘယ်လို ဓားမျိုးလုပ်ပေးရမှာလဲ၊ စပေါ်ငွေကရော ဘယ်လောက်ပေးထားမလဲ”
“ငွေ အကျေချေပေးမှာပါ၊
လုပ်မှာကတော့ ငှက်ကြီးတောင်ဓား၊ ခြောက်လက်မအရှည်လောက်”
“ဘာကွ ငှက်ကြီးတောင်
ခြောက်လက်မအရှည်…ဟုတ်လား၊ မင်း ရူးနေပြီလား…
နာမည်တစ်လုံး နဲ့နေတဲ့ ဦးရွှေတိုးကို နာမည်လာ
ဖျက်တာလား”
ဦးရွှေတိုး
ဒေါသူပုန်ထကာ ပန်းပဲဖိုမှာ စီထားသော ဓားတန်းကြီးကို လှမ်းကြည့်လိုက်သည်။
ကိုရင်စံတင့်
ကပျာကယာ တောင်းပန်လိုက်ရ၏။
“ကျုပ်က ဦးကြီးကို
အထင်ကြီးလို့တမင် ဒီလိုဓားမျိုးလာအပ်တာပါ။အေးသာယာရွာမှာ ဦးရွှေတိုးတစ်ယောက် တည်းပိုင်တဲ့
ဟောဒီပန်းပဲဖိုကြီးမှာပဲ ဒီလိုဓားမျိုး အပ်လို့ရမယ်ထင်လို့ပါ။ ရပါတယ်…ဦးကြီး မလုပ်ပေးတတ်ဘူး
ဆိုလည်း…”
“တော်…တိတ်၊
ကျုပ်လုပ်လို့မရတဲ့ ဓားဆိုတာ မရှိဘူး၊ ကျုပ်က နာမည်တစ်လုံးနဲ့ နေလာတဲ့ ဖိုသူကြီး ဦးရွှေတိုးပဲ။
ကျုပ်တို့က ဒီလုပ်ငန်းကို ဆွေးခုနစ်ဆက်၊ မျိုးခုနစ်ဆက် တင်မကဘူး၊ ဟိုး…ရှေးအဆက်ဆက်ကတည်း
က လုပ်လာတာ၊ မောင်ရင်တို့လို သာမန်လူအတွက် တင်မဟုတ်ဘူး၊ ရှင်ဘုရင်ကတောင် ကျုပ်ဘိုးဘေးတွေလုပ်ပေး
တဲ့ ဓားကို သဘောကျတော်မူပြီး ဘုရင်အဆက်ဆက်ကိုင်တဲ့ သန်လျက်အတွက် ကျုပ်တို့အမျိုးတွေက
တာဝန်ယူလုပ် ပေးခဲ့ရတာ…”
ကိုရင်စံတင့်
မျက်လုံး ကလယ်ကလယ်နဲ့ ယောက္ခမလောင်းကြီးရဲ့ ကြွားလုံးတွေကို နားမထောင်ချင့် ထောင်ချင်နဲ့
နားထောင်နေမိသည်။
“ရှေးခေတ်ကဆို
နန်းတွင်းမှာပဲ ပန်းပဲဖိုထားရတာကွယ့်၊ အပြင်မှာထားရင် သောင်းကျန်းသူတွေဟာ ဖိုသူကြီး
တွေနဲ့ပေါင်းပြီး ဘုရင်ကို ပုန်ကန်နိုင်တာကိုး၊ အဲဒီတုန်းက ကျုပ်တို့ ဘိုးဘေးတွေဟာ
မောင်ရင်တို့လို သာမန် အရပ် သား သုံးဓားတင်မကဘူး၊ အိမ်ရှေ့မင်း…သားတော်မြေးတော် ညီတော်တွေ၊
မင်းသား၊ အတွင်းဝန်၊ ၀န်မှူးကိုင်တဲ့ ဓား တွေကို လုပ်ပေးခဲ့ရတာ။ ဒါ့ပြင် ဆေးဓား၊ အင်းဓား၊
အရပ်သုံးဓား၊ နန်းစဉ်ဓား တွေကိုပါ အမှားအယွင်းမရှိလုပ်ပေးနိုင်ခဲ့ တာ။ မီးအပူအနည်းအများကွာသွားလို့
ဓားတုံးတာတို့ ပဲ့သွားတာတို့ ဘယ်တုန်းကမှ မဖြစ်ဘူးကွယ့်…”
“ဟုတ်ကဲ့ခင်ဗျ”
“ရှိသေးတယ်
မောင်ရင်၊ တရုတ်ကြီးခြောက်ယောက် မတာနည်းနည်းမှ မကြွတဲ့
မောင်ပေါက်ကျိုင်းက နဂါးကို ခုတ်တဲ့ဓား
ကြားဖူးတယ်မဟုတ်လား”
“ဦးကြီးလုပ်ပေးလိုက်တာလား”
“အင်း…မဟုတ်ဘူး၊
ဒါပေမဲ့ အဲဒီဖိုသူကြီးက ကျုပ်အဘိုးရဲ့ အဘေးရဲ့ အဖေရဲ့
အစ်ကို ၀မ်းကွဲတော် တယ်…”
“အဟီး…ဆွေမျိုးနီးတယ်နော်…ကျုပ်ဦးကြီးရဲ့
အစွမ်းအစကို ယုံပါပြီ။ မနက်ဖြန် မနက်ခင်းမှာ ဓားလာယူပါ့မယ် ခင်ဗျ၊ ဒီလုပ်ငန်းတာဝန်ခံ
ကိုရင်မိုးမှောင်ဆီမှာ ငွေချေပြီး ပြန်လိုက်ပါဦးမယ်”
“အိမ်း…ကောင်းပြီလေ၊
နို့ပေတဲ့…မောင်ရင့်ကို ကျုပ်အရည်အချင်းတွေမပြောပြရသေးဘူးကွယ့်၊
မီးညွန့်နဲ့မီး အမျိုးအစားကို
သိရုံနဲ့ အပူချိန် ဒီကလီ ဖျာလင်ဟိုက်…”
“အပူချိန်
ဒီဂရီ ဖာရင်ဟိုက်ပါခင်ဗျ”
“အေး အဲဒါ
ဘယ်လောက်ရှိတယ်ဆိုတာရယ်၊ ယောက်ျာဓားသွေး မိန်းမသားမွေး ဆိုတဲ့ စကားပုံမှာပါတဲ့ ယောက်ျား
ဓားသွေးရဲ့ အဓိပ္ပာယ်ဟာ ဘယ်လိုဆိုတာရယ်…၊ နောက်ပြီးတော့…”
“ကျုပ် နောက်မှ
လာနားထောင်ပါ့မယ် ဦးကြီး၊ အခု ဓားလာအပ်တာကလည်း ယောက်ျား ဓားသွေး မိန်းမသား မွေး စကားပုံနဲ့
မဆက်စပ်ပေမယ့် မိန်းမခိုးရင် ရန်သူကို ကာကွယ်ဖို့ ဓားလာအပ်တာပါ…”
“အိမ်း…”
ကိုရင်စံတင့်ဆက်နားမထောင်တော့။
ဓားဖိုးကျသင့်သလောက်
ကိုရင်မိုးမှောင်ဆီမှာ သွားပေးကာ တစ်ချိုးတည်းလစ်လာခဲ့သည်။
———————-။——————–။—————————-
(၂)
“ခွေးမ၊ အေးမြ…လာခဲ့စမ်း”
“ကဲ့…၊ လာပြီ
အဘ”
အေးမြရောက်လာသည်။
နောက်က ဆယ့်နှစ်နှစ်အရွယ် ကလေးသုံးယောက်ပါလာသည်။
“ပြောစမ်း၊
အဲဒီကောင် ဘာလာလုပ်တာလဲ”
“ဓားလာအပ်တာလေ
အဘရဲ့၊ အဘတောင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်
ဓားအကြောင်းကြွားလိုက်သေး တယ်မဟုတ်လား”
“အမှန်ကိုပြောတာလေ။
ငါတို့အမျိုး ဓားအကြောင်း ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာပြောပြတာ
အဲဒါမှ ဓားကြောက်ပြီး
အနားမကပ်ရဲမှာ။ အော် …နင်ကခိုးနားထောင်တယ်ပေါ့လေ…ဘယ်နည်းနဲ့မှ
သွေးမရိုးပေဘူး၊ အမှန်
ကိုသာပြော…လိမ်မယ်မကြံနဲ့၊ ဖိုသူကြီး ဦးရွှေတိုးတဲ့….နာမည်တစ်လုံးနဲ့နေတာ…”
“ကဲ့…မီး
မလိမ်ပါဘူး”
“ဘာ…ဘယ်က
“မီး”လဲ၊ ဘယ်က “ကဲ့”လဲ”
“ဟို..ဟိုဖက်ဝိုင်းက
မြို့ကပြန်လာတဲ့ စံပါယ်တင် ပြောသံကြားလို့ ပြောကြည့်တာ
သူ့ကိုယ်သူ “မီး” တဲ့၊ မြို့မှ
အဲဒီလို ပြောတာတဲ့၊ “ဟုတ်ကဲ့” ကိုလည်း အဖျားဆွတ်ပြီး “ဟုတ်” တစ်လုံးတည်းပြောတာတဲ့။
အဲ့တာကို မီးက သူတို့ ပြောသလို ဟုတ်လို့မပြောချင်လို့ “ကဲ့”လို့ပြောကြည့်တာ…”
“အရူးမ၊ ကဲ…ငါမေးတာဖြေစမ်းပါ။
ဖြေစမ်းဘာ…”
ဒေါသ ထွက်ပြီ။
“ဟိုဟို…ကိုရင်စံတင့်လေ…မီးဆီကို
အတင်းလာပြောတာ အဘရဲ့၊ သာလှနဲ့ မိတင်ဟန် ခိုးပြေးသွားတဲ့ အကြောင်းပေါ့၊ သူများကြားမှာ
စိုးလို့တိုးတိုးကပ်ပြောတာ”
“အော်…ဒီအကောင်က
ယောက်ျားပီပီအတင်းပြောတယ်ပေါ့လေ၊ သည်းကပြောလိုက်ပါလား
သာလှနဲ့ မိတင် ဟန် တင်မဟုတ်ဘူး၊
ကရင်လေးဖိုးခွားနဲ့ မုဆိုးမသမီး ညိုတိုတိုနဲ့ ခိုးရာလိုက်သွားတာ ညသန်းခေါင်ကျော်၊ ကုလား
ပြုံးချိုက ကုလားမချာလီနဲ့ ခိုးပြေးသွားတာက နာရီပြန်နှစ်ချက်၊ အပျိုကြီးသောင်းတင်က
ခပ်ဆန်းဆန်းလေးဖြစ် အောင်သူနဲ့ နာမည်တူတဲ့ လူပျိုကြီး ဦးသောင်းတင်နဲ့ ခိုးရာလိုက်သွားတာက
အရုဏ်တက်မှာ…အဲဒါတွေ သူမိဘူး မဟုတ်လား”
“ကဲ့…မီးတောင်
မသိဘူး၊ အဘက ဘယ်လိုသိ…”
“ဖိုသူကြီး
ဦးရွှေတိုးလေ၊ နာမည်တစ်လုံးနဲ့နေတာ၊ အေးသာယာရွာရဲ့ ဖြစ်စဉ်အဆန်းဆို
ငါသိတာပေါ့၊ သာလှ
နဲ့ မိတင်ဟန်က မနက်မှာ ဟိုဖက်ရွာက အပြန်မှာ လူချင်းတွေ့ပြီး ကြိုက်ပြီး ညခိုးရာလိုက်သွားတာ၊
ဖိုးခွားက လပြည့်ကျော်နေ့မှာ လှေတစ်စီးနဲ့ ငါးရှာထွက်ရင်း အိမ်က
လင်ပေးစားလို့ စိတ်ညစ်ညစ်နဲ့
ရေထဲခုန်ချပြီး သေကြောင်းကြံမလို့ လုပ်နေတဲ့ ညိုတိုတိုကို
ကယ်ရင်း အဲဒီမှာတင်
ခိုးရာလိုက်ဖြစ်သွားတာ၊ ကုလားပြုံးချိုက သူ့ သူ ငယ်ချင်းအတွက်
ကုလားမ ချာလီကို ခိုးပေးရာကနေ
သူငယ်ချင်းမလာဖြစ်လို့ သူပဲခိုးလိုက်ရတာ…”
“သိလည်းသိပါ့
အဘရယ်၊ မီးတောင် လိုက်ချင်လာပြီ”
“အေး….နင်သာ
အဲဒီလို ခိုးရာလိုက်လို့ကတော့….ငါ့ဓားတွေနဲ့ နှစ်ကောင်လုံး ခုတ်သတ်ပစ်မှာ၊
နင့်အရွယ်
ခိုးရာလိုက်ရမယ့် အရွယ် မဟုတ်သေးဘူး၊ အဲဒီမှာ…ကလေးတွေနဲ့ဆော့…”
ကောင်မလေးချည်းသုံးယောက်။
အေးမြရဲ့
ကစားဖော်ကစားဖက်တွေ။ အိုးပုတ်လုပ်တမ်း၊ တုတ်ဆီးထိုးတမ်း၊ တီထိုးတမ်း၊ ကုလားမ
စည်းနင်း၊
သားရေကွင်းခုန်(သားရေပင်ကို အရှည်ကြီးဆက်၍ကြိုးတန်းလုပ်ပြီးခုန်သော ကစားနည်း)၊ ထမင်းချက်တမ်း
အကုန် ကစားသည်။ အေးမြကို ကလေးအရွယ်ဟု ဖခင်ဖြစ်သူက ထင်နေသည်။
တကယ်ဆို အေးမြက ကလေးလားလားမျှ
မဟုတ်။ ကိုရင်စံတင့်နဲ့တောင်ခိုးရာလိုက်ဖို့ ချိန်းပြီးပြီ။ မနက်ဖြန်ည အုန်းမောင်းရှစ်ချက်ခေါက်ချိန်။
“နေညိုရင်
ကလေးတွေကို ရေချိုးထမင်းစားဖို့ ပြန်လွှတ်လိုက်၊ဒီည လသာတော့ ကစားချင်ကစားဖို့ ပြန်လာရင်
လာခိုင်းလိုက်”
“ကဲ့…အဘ၊
မီး သိပါတယ်”
အဘ ထွက်သွားသည်။
မီးနဲ့ ကစားဖော်တွေ
ကျန်ခဲ့၏။
———————-။——————–။—————————-
(၃)
ရွာဦး ဘုန်းကြီးကျောင်ဆီမှ
အုန်းမောင်း ခုနစ်ချက်။ လသာနေသည်။
ဖိုသူကြီးရဲ့ အိမ်ရှေ့မြေ
ကွက်လပ်မှာ စိုပြေလျက်။ အေးမြနဲ့ ကလေးငယ်သုံးဦး တီထိုးတမ်း
ကစားနေသည်။ ဦးရွှေတိုးနဲ့ ဇနီးဖြစ်သူတို့သည်လက်ဖက်ပွဲအကျအနတည်ခင်းလျက်သမီးဖြစ်သူတို့
ကစားပုံကို ကြည့်နေသည်။ ဦးရွှေတိုးသည် သမီးဖြစ်သူကို အိမ်ထဲမှ အိမ်ပြင်ပေးထွက်သူမဟုတ်။
အကယ်၍ ထွက်ခဲ့ရင်လည်း သူကိုယ်တိုင် အနားမှကပ်၍ပါတတ်သည်။ အဲသည်ကြားကပင် ရည်းစားရဖြစ်အောင်
ရလိုက်သည့်
သမီးကို အရင်က ထက်ပိုပြီးတင်းကျပ်ရတော့သည်။ ဆွေမျိုးထဲမှ ကလေးသုံးဦးခေါ်ကာ
အချိန်ပြည့် ကစားစေသည်။ (ရည်းစားထားတဲ့ စိတ်ပျောက်ပြီး ကလေးစိတ်ဝင်ပါစေကြောင်း)
“ဟေး…မိပြီ၊
မကြီး အေးမြနဲ့ တင်တင်နဲ့ လိုက်ခလှည့်”
အေးမြနဲ့
တင်တင်က တစ်ဖက်။ စာဥနဲ့ သန်းအေးက တစ်ဖက် (စည်းဝိုင်းနှစ်ဝိုင်းမှာ တစ်ဖွဲ့
တစ်ဝိုင်းစီနေပြီး
လိုက်ရမည့်အဖွဲ့မှ ထွက်ပြေးတာကို လိုက်ဖမ်းသည်။ စည်းဝိုင်းအပြင်ဖက်ရောက်သူတိုင်းကို
“တီ” ဟု အော်သူက ဖမ်း ခွင့်ရှိသည်။
အားလုံသိသည့်ကစားနည်းမို့ အကျယ်ချဲ့ မရေးတော့ပါ)။အေးမြ
ခိုးရာလိုက်ဖို့ အချိန်
နောက်ကျနေမည်။
“အေး…ဒီတစ်ခါ
မကြီးအေးမြလိုက်မယ်၊ စာဥနဲ့ သန်းသန်းကပြေး၊ ဒါပေမဲ့ စည်းဝိုင်းအတွင်းကို ပြန်မ၀င်နဲ့
တော့…မကြီးအေးမြလေ…”
အေးမြပြောတာကိုကလေးတွေ
အာရုံစိုက်နားထောင်ရသည်။ အေးမြက သူတို့ကြားရုံလောက်ပဲ တိုးတိုးလေး ပြောတာကိုး။ ကလေးတွေ
သဘောပေါက် ခေါင်းညိတ်သည်။
ကဲ…တီထိုးပွဲစပြန်ပြီ။
မရှင်းမှာစို၍
နည်းနည်း ရေးပါရစေ။ အေးမြက “တီလို့ အသံရှည်ကြီးနဲ့ အော်တဲ့အခါ
တစ်ဖက်စည်းဝိုင်က စာဥ
နဲ့ သန်းအေးတို့ စည်းပြင်ထွက်ပြီး ပြေးရမှာ။ အဲဒီအချိန်မှာ ပါးစပ်က တီ အော်သံကြီးနဲ့
အတိုင်း စာဥနဲ့ သန်းအေးကို အေးမြက လိုက်ဖမ်းရမှာ။ အော်သံ
ပြတ်သွားရင်အေးမြအရှုံး။ စာဥနဲ့
သန်းအေးကတော့ အေးမြလိုက်တာ မပြေးနိုင်ရင် (မောနေရင်) စည်းဝိုင်းထဲ ပြန်နားခွင့်ရှိသည်။
ဒါပေမဲ့….အခုပွဲကတော့
နည်းနည်းဆန်းသည်။
အေးမြက “တီ”
လို့ အော်လိုက်တာနဲ့ စာဥတို့ ပြေးသည်။ ပြေးတာမှ တော်တော့်ကို ပြေးတာ။
ရွာရဲ့ အရှေ့ဖက်
စူးစူးဆီကို ဖနောင့်နဲ့ တင်ပါးတစ်သားတည်းကျအောင် ပြေးတာ။ အေးမြကလည်း အသည်းအသန်လိုက်
တာပေါ့။
ဖိုးသူကြီး
ဦးရွှေတိုးကလည်း ကြည့်ပြီးသဘောတွေကျလို့။ သူ့သမီး “တီ”လို့ အသံရှည်ဆွဲပြီး ပြေးတာကို
သဘောကျတာ။ သမီးက ပြောထားတယ်လေ…ဒီနေ့ ဖျားချင်သလို ဖြစ်ပြိး ချွေးတွေ သိပ်မထွက်ဘူးတဲ့။
အဲဒါကြောင့် …အင်္ကျီသုံးထပ်၊ ထမီသုံးထပ်ဆင့်ဝတ်ကာ ချွေးထွက်အောင် ပြေးကစားတာ။
ပြေးပါစေ…ဒါမှ
ချွေးထွက်မှာ ။ ဘယ်လောက်တောင်ပြေးကြသလဲမသိ၊ တော်ရုံနဲ့
ပြန်မလာကြပါ။
အဲ…ကွမ်းတစ်ယာညက်ခန့်ကြာတော့
ပြန်လာကြသည်။ စာဥနဲ့သန်းအေး၊ အေးမြပါမလာ။
ဒီတော့မှ ဦးရွှေတိုး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတာပေါ့။
“ဟဲ့…ညည်းတို့
မကြီးအေးမြရော”
တော်ရုံနဲ့မဖြေ။
ခေါင်းပဲခါသည်။
ဦးရွှေတိုး စိတ်မရှည်တော့။
"ဘာဖြစ်လာတာလဲ…ငါဒေါသထွက်လာပြီနော်…မေးတာဖြေလေ..အေးမြဘယ်ရောက်သွားလဲ”
“ဟို..လေ”
စာဥခေါင်းကုတ်ကာပြောသင့်မပြောသင့်စဉ်းစားတုန်း….
“ကဲဟာ”
ဂေါက်ခနဲ
ကြားလိုက်သည်။ စာဥမျက်နှာ ငိုမဲ့မဲ့ ဖြစ်သွားသည်။
“မဖြေသေးဘူးလား”
“ဖြေပါ့မယ်၊
မကြီးအေးမြကို လူတစ်ယောက်ခေါ်သွားတယ်”
“ဟင်…ဘယ်ကိုလဲ…ဘယ်ကလူလဲ…နင်တို့မတားဘူးလား”
“တားလို့မရဘူး
ဘကြီးတိုးရဲ့ ၊ မကြီးအေးမြကိုက လိုလိုချင်ချင်လိုက်သွားတာ၊
စာဥတို့လည်းအတင်း မတားရဲဘူး၊
ကြောက်တယ်၊ ဟိုလူ့လက်ထဲမှာ ဓားကြီးနဲ့”
“ဓား…ဟုတ်လား”
“ဟုတ်တယ်…ငှက်ကြီးတောင်ဓား
သေးသေးလေး၊ လူထိုးလို့လည်းရတယ်၊
ခုတ်သတ်လို့လည်းရတယ်တဲ့”
———————-။——————–။—————————-
(၄)
အဲဒီနောက်ပိုင်း…အေးသာယာရွာမှာ
သတင်းတစ်ခုထွက်ပါတယ်။ ကိုရင်စံတင့်ရဲ့နောက်ကို ဖိုသူကြီးသမီး အေးမြက တီထိုးရင်းလိုက်သွားတယ်ဆိုတဲ့
သတင်း။ ရွာမှာလည်း အဲဒီ သတင်း၊ ရွာပြင်မှာလည်း အဲဒီသတင်း၊ ချောင်းထဲမှာလည်း အဲဒီသတင်း။ ထန်းတောထဲလည်း
အဲဒီသတင်း၊ ခေတ်စားလှသည်။ ညဖက်လသာတုန်း တီထိုး တမ်းကစားကြရင်တော့
အဲဒီသတင်းကို
တစ်ယောက်မဟုတ် တစ်ယောက်ပြောဖြစ်အောင်ပြောစမြဲ။
ဖိုသူကြီး
ဦးရွှေတိုးကတော့ တီထိုးတမ်းကစားနေကြတာကိုမြင်တိုင်းမျက်နှာကြီး ရှုံ့ရှုံ့သွားတတ်သော
အေး သာယာရွာမှာ အခုထိရှိလေရဲ့….။
No comments:
Post a Comment