Friday, January 3, 2014

မြင်တတ်ပါစေ

သူလေ ... ဆံပင်တွေ ဖြူနေပါပြီ။
အသက်ကလဲ ကြီးပြီပေါ့။
လူအိုဘ၀ တစ်ဘက်နင်း
အိမ်မှာ သားသမီးမြေးမြစ်တွေရဲ့ အပြုစုခံရမယ့်အရွယ်။

ဒါပေမဲ့ မမောနိုင်မပမ်းနိုင်
လူထုအရေးအတွက် လူထုကြားထဲ
တိုးကာ ဝှေ့ကာ။

ဒေါသမုန်တိုင်းနဲ့ တည့်တည့်
ဘယ်သူ ရင်ဆိုင်ဝံ့မလဲ?

သူ့ကို ဆန့်ကျင် ကန့်ကွက်နေသူတွေကြား
တည့်တည့်မတ်မတ် ဘယ်သူ လျှောက်ဝင်သွားဝံ့မလဲ?

သူနဲ့ အမြင်ချင်း တူတူ ကွဲကွဲ
သူ့ရင်ထဲက စေတနာလေးတော့
အသိမှတ်ပြုပေးကြပါဗျာ။

သူလည်း ကျနော်တို့လိုပဲ
နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရတာပါ။

သားငယ်လေးကို
ခုနှစ်နှစ်သားကတည်းက စွန့်လွှတ်ခဲ့ရသူ
ခင်ပွန်းသည်ရဲ့ ဈာပနကို အဝေးကသာ
နှုတ်ဆက်ခဲ့ရသူ။

ပြီးတော့ သူက အမျိုးသမီးတစ်ယောက်ပါ။
အဲဒီ အမျိုးသမီးကိုမှ
အတောင်၂၀၀တ်ကြီးတွေက မျိုးစုံပုတ်ခတ်ကဲ့ရဲ့၊
ဒါကိုလည်း သူ မယိုင်မလဲ ခံခဲ့ပါတယ်။

အသက်ဘေးအတွက် စိုးရိမ်စရာ
မကြာခဏ သူကြုံတယ်။
ကိုယ့်အိမ် ရေကူးလာသူကိုလက်ခံမိလို့တဲ့
ထောင်တောင် သူကျရရှာတယ်။
ဒါပေမဲ့လည်း သူ နောက်မတွန့်ခဲ့။

ကိုယ့်သားတွေကို ကိုယ်တိုင် ပျိုးထောင်ခွင့်မရတဲ့
မိခင်တစ်ယောက်ရဲ့ ဘ၀ကို ကိုယ်ချင်းစာကြည့်ကြစမ်းပါ။

ကိုယ့်မိသားစုကို ကိုယ်စွန့်လွှတ်ခဲ့ရတဲ့
မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ခံစားကြည့်ကြစမ်းပါ။

အခု သူက နေသာသပ အဖြစ်မှာမနေပဲ
ဓားခုတ်ရာကို လက်ဝင်လျိုခဲ့
ဘာလို့ဆို သူက လူထုထဲကလူ မို့လေ။

ခုတ်တဲ့ဓားက ပျောက်နေခဲ့
တစ်ချို့တွေ အဝေးက သက်တောင့်သက်သာ ပြုံးနေကြမယ့်အချိန်
သူ့မျက်ဝန်းတွေမှာ ကြေကွဲရိပ်တွေနဲ့။

ဒီတစ်ခါ သူနဲ့ အယူအဆ တူတာ မတူတာထက်
သူ့ သတ္တိ၊ သူ့ စွန့်လွှတ်မှု၊ သူ့ ပြတ်သားမှု
ဒါတွေကိုတော့ အသိမှတ်မပြုပဲကို နေလို့မရ။

သေချာတယ်။
သူ့ကို ကျနော်တို့ အရမ်းလေးစားကြတယ်

[သွန်းနေစိုး]







Aye Chan Mon 
-

No comments:

Post a Comment