Friday, January 3, 2014

စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ ပျက်ပြီဆိုရင် ဘုရားသားတော်မှမဟုတ်ဘူး ဘာကောင်ကြီးဖြစ်ဖြစ် ကိုးကွယ်စရာမလိုဘူး

“သူတစ်ပါးကိုသတ်၊ သူတစ်ပါးစည်းစိမ်ဥစ္စာကို ပျက်ဆီးအောင် ဖျက်ဆီးသူဆိုရင် 
ထိုသူဟာ ရဟန်းမဟုတ် တော့ဘူး ယုတ်စွအဆုံး ဗုဒ္ဓဘာသာဝင်လို့ကို မပြောနဲ့တော့၊ 
စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေပျက်ပြီဆိုရင် ဘုရားသားတော်မှမဟုတ်ဘူး 
ဘာကောင်ကြီးဖြစ်ဖြစ် ကိုးကွယ်စရာမလိုဘူးလို့ ပြတ်ပြတ်သားသား မိန့်ကြားလိုက်တဲ့ အင်တာနက်အွန်လိုင်းပေါ်က နိုင်ငံကျော်တရားဟောဓမ္မကထိက ဒယ်အိုးဆရာတော်ရဲ့
 မိန့်ကြားချက်ကို လူထုအများထောက်ခံ”

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒီကနေ့ ကျွန်တော်တို့ သာသနာတော်ပြန့်ပွားရေး လမ်းကြောင်းကိုကြည့်ရင် နည်းနည်းလွဲနေတယ်လို့ ထင်တယ်။ ဒီကနေ့ခေတ်ဟာ အာဏာရှင်တော်လှန်တဲ့ခေတ်မဟုတ်တော့ဘူး။ စည်းလုံးမှု၊ ညီညွတ်မှု၊ တိုင်းရင်းသား ပြည်သူတွေဥာဏ်ရည်မြင့်မားမှု၊ အတွေးအခေါ်မြင့်မားမှု၊ အမှားအမှန်ဆင်ခြင်တုံ

တရားအပေါ် ဝေဖန်ပိုင်းခြားနိုင်မှုတွေနဲ့ အမျိုးဘာသာ၊ သာသနာကို စောင့်ထိန်းလိုစိတ်တွေ ကိန်းအောင် ဟောပြောရမှာ၊ အခုတော့ လွဲနေတယ်၊ ရဟန်းသံဃာဆိုတာ ဘုရားသားတော်တွေပဲ။ 

ဘုရားလမ်းစဉ်ကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်နေသူတွေပဲ။ ဒါ့ကြောင့်လည်း ဘုရားသားတော်လို့ ပြောတာ။ ရဟန်းဆိုရင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒဆိုတဲ့ သာသနာသုံးရပ်
 ပြန့်ပွားအောင် ကြိုးကုတ်အားထုတ်ရမှာ။ ဒီအလုပ်ကိုလုပ်ရမှာ၊ အခုတော့ လူထုက တစ်နိုင်တစ်ပိုင် အဘိဓမ္မာသင်တန်းတွေ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ကိုယ်ကျင့်တရား နဲ့ဆိုင်တဲ့ အပရိယာနိယ တရားတွေ ပြန့်ပွားအောင် ရပ်ကွက်တကာ၊ နယ်တကာမှာ သင်တန်းတွေဖွင့်နေရ တယ်။ 
 ဘုန်းကြီးတွေက လူအလုပ်ကိုလိုက်လုပ်နေတယ်။ လူတွေက ပရိယတ္တိပြန့်ပွားအောင် 
လိုက်လုပ်နေရ တယ်။ ဒါတွေကိုတွေ့ရတော့ နည်းနည်းများ လွဲနေသလားလို့၊ မရဲတရဲ ပြောကြည့်ချင်တယ်ဗျာဟု ဓမ္မဂေါသက အကျိုးတော်ဆောင်ဦးအေးယူက 
အခုလိုပြောပါတယ်။
 

လတ်တလော အင်တာနက်အွန်လိုင်းပေါ်မှာ လူထုထောက်ခံမှု Like လုပ်သူ အများဆုံးစကား
ကတော့ နိုင်ငံကျော်တရားဟော ဓမ္မကထိက ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ရဲ့ မိန့်ကြား
ချက်ပဲ ဖြစ်ပါတယ်။

သာသနာဘယ်မှာတည်မှတ်ထား ယုံကြည်သူတို့ရဲ့ နှလုံးသားမှာ တည်တယ်။ 

သာသနာကို တုတ်ဓားလှံ လက်နက်နဲ့ စောင့်ရှောက်လို့မရဘူး။ ဗုဒ္ဓဘာသာမှာ 
ရန်သူဆိုတာ မရှိဘူး။ အခုဆိုရင် ကိုယ့်သာသနာကို ရန်စွယ်များအောင် လုပ်နေကြတယ်။ 
အခုဆိုရင် ကမ္ဘာက မြန်မာနိုင်ငံမှာ အကြမ်းဖက်လို့တဲ့ ဗုဒ္ဓဘာသာဝင်တွေ ရှိနေပြီလို့ 
သတ်မှတ်နေပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုလာပြီနော်။ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန်ပြုသည်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရန်ဖြစ်ခြင်း၊ တိုက်ခိုက်ခြင်းမရှိဘူး။ တစ်ပါးသူကို ထိခိုက်ပုတ်ခတ်စော်ကားခြင်းမရှိဘူး။ သစ္စတရားစွဲမြဲစေခြင်း၊ ကိုယ်ကျင့်တရားစောင့်ထိန်းစေခြင်း နဲ့ သာသနာပြုခဲ့တာပါ။ သူတစ်ပါးကို သတ်တာ၊ သူတစ်ပါးစည်းစိမ်ဥစ္စာကို ပျက်စီးအောင်ဖျက်တာ ရဟန်း မဟုတ်ဘူး။ အဲဒီလူတွေကို
ဗုဒ္ဓဘာသာဝင်တို့ကို မပြောနဲ့၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်ပျက်ရင် ဘုရားသား တော်မဟုတ်ဘူး။ 

အကျင့်ပျက်နေပေမယ့် သင်္ကန်းဝတ်မို့ တပည့်တော်တို့ မှေးကိုးကွယ်နေမယ်၊ 
ကိုးကွယ်ရမယ် လာမလုပ်နဲ့။ ရဟန်းအကျင့်နဲ့မညီမှတော့ ဘာကောင်ကြီးဖြစ်ဖြစ် 
ကိုးကွယ်စရာမလိုဘူး။ ရဟန်းတရားအား ထုတ်ပြီး ရဟန်းအလုပ်လုပ်ရ၊ ရဟန်း သီလသမာဓိ 
ပညာတွေမှာ ညီညွတ်နေမှ သံဃာ၊ ရဟန်းကျင့်ဝတ်မစောင့် ထိန်းရတဲ့သူ အမျိုးဖျက်တဲ့ကောင်ပဲလို့ ဘုရားရှင်က မိန့်ကြားတော်မူခဲ့တယ်။ ရှင်းလား၊ နားရောလည်ရဲ့လားလို့ ဒယ်အိုးဆရာတော်ရဲ့ မိန့်ကြားချက်ပဲ ဖြစ်ပါတယ်။

 နိုင်ငံကျော် တရားဟောဓမ္မကထိက အရှင်ဣန္ဒက (တွံတေးဆရာတော်) ကလည်း
ဒယ်အိုးရဲ့စကားဟာ အမှန်ပဲ။ ဘုန်းကြီးထောက်ခံတယ်။ အခု သာသနာတော်မှာ ကြည့်လိုက်ရင် လွဲချော်နေ တာတွေကို တွေ့ရမယ်။ ပြီးတော့ စကားတွေကို လူအထင်ကြီးအောင် လွယ်လွယ်ပြောနေကြတာတွေကိုလည်း တွေ့ရမယ်။ ဒီလိုပုဂ္ဂိုလ်တွေများလာတော့ 

သာသနာတော်အပေါ် ကိုဘာသာဝင်တွေကလည်း သံသယ တွေပွားလာကြမယ်။ 
ဒါဟာ သာသနာ့အနာဂတ်အတွက်မကောင်းဘူး။ ဒီတော့ စကားကိုလွယ်လွယ်ပြောတတ်တဲ့
ပုဂ္ဂိုလ်တွေကို သတိပေးချင်တယ်။ ဘုန်းကြီးလည်း ဟောခဲ့ဖူးပါတယ်။ စကားဆိုတာ
 ပြောတိုင်းမကောင်းဘူး ကိုယ်နဲ့မဆိုင်တဲ့ စကားမျိုး၊ ဓမ္မနဲ့မဆိုင်တဲ့ စကားမျိုးကိုလည်း 
မပြောကောင်းဘူး။ ကြမ်းကျွံရင်တော့ နှုတ်လို့ ရပေမယ့် စကားကျွံတော့ နှုတ်လို့မရဘူး။ ဘဝတစ်လျှောက်လုံး သမိုင်းအမည်းစက်၊ သာသနာအမည်းစက် ထင်ကုန်ရော၊ 
ဒ့ါကြောင့် စကားကို လွယ်လွယ်မပြောကြပါနဲ့။ အနာဂတ် သာသနာတော်အကျိုးကိုကြည့်ပြီး
 ပြောဆိုကြပါ။ လူ့အလုပ်လူလုပ်ပါစေ၊ ဘုန်းကြီးတို့အလုပ်က သာသနာတော် ပြန့်ပွားဖို့ရယ်၊ ဗုဒ္ဓဘာသာဝင်တွေ အတွေးမှန်၊ အမြင်မှန်၊ အယူအဆမှန်ဖြစ်ဖို့ ဓမ္မလမ်းကြောင်းကနေ သွန်သင်သြဝါဒပေးရမယ်။ သာသနာကို ရှုပ်ထွေးအောင်၊ လူ့ဘောင်အသိုင်းအဝိုင်းကို 
ရှုပ်ထွေးအောင် ဝိဝါဒကွဲတဲ့ နှုတ်ထွက်စကားမျိုးကိုတော့ မပြောမဆိုဘဲ နေတာ အကောင်းဆုံးပဲ။ သေချာတာက ရဟန်းအလုပ် ရဟန်းလုပ်တာ အကောင်းဆုံးပါပဲလို့ မှတ်ချက်ပေးမိန့်ကြားခဲ့ပါတယ်။ 

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိချုပ် ကမ္ဘာကျော် သာသနာပြု ဆရာတော်ကြီး ဒေါက်တာဦးဥာဏိဿရကတော့ ပါးစပ်မှာ ခဲဖျက်မပါဘူး။
 ပြောပြီးသွားရင် ပြန်ဖျက်လို့မရဘူး။ ဒါ့ကြောင့် မလိုအပ်ရင်မပြောနဲ့။ လိုအပ်ရင် နည်းနည်းပြော၊ များများပြောရင် များများမှားလိမ့်မယ်လို့ လက်ရှိ သာသနာတော်တွင်း၊ သာသနာပ လူ့လောက အရှုပ်အထွေးများနဲ့ပတ်သက်ပြီး အခုလို သြဝါဒမိန့်ကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

၀၀၁။
First ဂျာနယ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment