Wednesday, March 26, 2014

☆ သံမဏိ ••• နှင်းဆီ ☆

• ဗိုလ်မင်းရောင်ရဲ့ မြေး
အောင်ဆန်းရဲ့ သွေး
နီစွေး ရဲရင့်
သံမဏိ နှင်းဆီပွင့်
ကျောက်လွှာထက်မှာ ပွင့်ခဲ့ပြီ ။

• တောင်တန်းတွေက တောင်းဆို
လွင်ပြင်တွေက တေးချို
မြစ်ချောင်းများက ကကြို
သပြေညို ရေစိုဖြန်း
လက်ကမ်းခဲ့ပြီ ။

• အောင်ဆန်းရဲ့သွေးဟေ့
ထောင်နန်းဆို
ကြိုက်ရာရွေးတော့
အမှန်တရားအတွက်
တပြားမှ မလျှော့ဘူး
သူ့နောက်မှာ
ပြာပုံထဲက မြန်မာပြည်
သွေးစွန်းနေတဲ့ ဧရာဝတီ
ဆွံ့အနေတဲ့ သုံးရာသီရှိတယ် ။

• ဘာကြောင့်များ
ဖိနှိပ်သူတွေက
သူ့မျက်လုံကို
ဗုံးတစ်လုံးထက်
ကြောက်နေကြတာလဲ ။

• ဘာကြောင့်များ
ဖိနှိပ်သူတွေက
သူ့စကားကို
မြှားတစ်သောင်းထက်
ကြောက်နေကြတာလဲ ။

• တကယ်တော့.....
သူ့မှာ
လှံတစ်ချောင်း မြှားတစ်စင်း
အလျင်းမရှိ
ပကတိဖြူစင်သူ ။

• တကယ်တော့...
သူ့မှာ
ပြည်သူသာလျှင်ရှိတယ်
သူ့မှာ....
အမှန်တရားသာလျှင် ရှိတယ်
သူ့မှာ ......
မကြောက်တရားသာလျှင် ရှိတယ် ။

• တကယ်တော့... သူဟာ.....
ရာဇဝင်ပြောင်မြောက်
တောက်ပတဲ့ သမိုင်းကို
ပြည်သူတွေအတွက် ရေးဖွဲ့တယ် ။

• တကယ်တော့ ... သူဟာ
ပြည်သူကို သိတယ်...
ပြည်သူထံ သူလာတယ် ...
ပြည်သူရှေ့ သူရပ်တယ် ။

• တကယ်တော့ ... သူဟာ
ပြတ်သားတဲ့ အလင်းရောင်ကြားက
တရားမျှတမှု့ .... ဓားတွေ
လွတ်လပ်ရှင်သန်မှု့ ... မြှားတွေ
ပြည်သူရဲ့ .... အားတွေနဲ့
ရန်သူကို .... ခုတ်ပိုင်းတယ်
သစ္စာမဲ့သူကို .... တွန်းလှန်တယ်
အဓမ္မဝါဒီတွေကို .... အလင်းပြတယ် ။

• တကယ်တော့ ... သူဟာ
ဇာဘုရင်ရဲ့ သွေးမဟုတ် ။
နီရိုဘုရင်ရဲ့ သွေးမဟုတ် ။
ဟစ်တလာရဲ့ သွေးမဟုတ် ။

• တကယ်တော့ .... သူဟာ
အောင်ဆန်းရဲ့ သွေး
ဘယ်တော့မှ ....
ဘယ်တော့မှ ....
ဘယ်တော့မှ ....
ပြည်သူရဲ့ လည်ချောင်းသွေးနဲ့
ခြေမဆေးဘူး ။ ။ ။

📝 ချမ်းငြိမ်းအေး
( မန္တလေး စာပေဟောပြောပွဲတွင် ဆရာဦးဘုန်း ( ဓာတု ) ရွတ်ဆိုသွားသော ကဗျာ )

No comments:

Post a Comment