Monday, November 11, 2013

ကျွန်တော့်ရဲ့ အဝေးသင်ပညာရေး

ကျွန်တော် ၂၀၀၄ ခုနှစ်မှာ ပျဉ်းမနား အထက (၁)က ဆယ်တန်းအောင်တော့ ကျောက်ဆည်အဝေးသင် တက္ကသိုလ် လျှောက်တဲ့အခါ ရမှတ် ၂၄၀ ကျော်ရုံလေးမို့ ၀ိဇ္ဇာဘာသာတွဲပဲရမယ်တဲ့။ တကယ်လည်း ပထ၀ီဝင်ဘာသာ ရခဲ့ပါတယ်။ ပထမနှစ် ဆိုတော့ အဝေးသင်ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ စာတွေကျက် ရမှာလား၊ သင်ရိုးစာအုပ်တွေပဲ လေ့လာရမှာလား ဆိုပြီး ရင်ခုန်ခဲ့ရတယ်။

ပြီးတော့မှ အကျိုးဆောင်တွေဆီသွားပြီး ကျောင်းအပ်ခိုင်း၊ နောက်တော့ စာစဉ်တွေ ရေးရမယ်ဆိုတော့ အကျိုးဆောင်ဆီသွား၊ ပထမနဲ့ ဒုတိယစာစဉ်တွေထုတ်။ တက္ကသိုလ်က ပါမောက္ခတွေက ဖြေထားတာလို့
ပြောတဲ့ အဖြေစာအုပ်တွေပါပြီးသား။ အဲ့ဒီစာအုပ်ကို ကြည့်ကူးရုံပဲ။ ကိုယ်တိုင်မရေးချင်ရင် အကျိုးဆောင် ဆီမှာ အငှားနဲ့ ရေးလည်း ဖြစ်တယ်။ ရေးပြီးရင် အကျိုးဆောင်ဆီပြန်ပေး။ သူတို့ဘာသာ ကျောင်းကို ပို့တယ်။


ကျွန်တော်တို့က စာမေးပွဲဖြေမယ့်အချိန်ကျမှ ကိုယ်တိုင်ကျောင်းသွားရပါတယ်။ ကျောင်းတက်တော့လည်း အနီးကပ် (ကျောင်းမှာစာသင်တဲ့အချိန်က) ၁၀ ရက်ပဲရှိတယ်။ တစ်ချို့ဆို အနီးကပ်မတိုင်ခင် ရက် ၂၀ လောက်ကြိုပြီး၊ တစ်ချို့ဆို တစ်လလောက်ကတည်းက ကြိုပြီး သွားကြတယ်။ ကျူရှင်တက်ဖို့လေ။ ကျူရှင်မှာ သင်တာလည်း ဒီဆရာ၊ ကျောင်းမှာလည်း ဒီဆရာ။ တစ်ဘာသာကို စာပုဒ် ၈ ပုဒ်လောက်ပဲ သင်တယ်။ အဲ့ဒီအထဲက အောင်မှတ်ရနိုင်ဖို့ ၄ ပုဒ်ပါမယ်။ ထုံးစံအတိုင်း အလွတ်ကျက်ပေါ့ဗျာ။ တစ်ချို့ဆရာတွေဆို စာမေးပွဲမှာပါမယ့်စာပုဒ်ဆိုပြီး အပိုင်သင်တဲ့သူတောင်ရှိတယ်။

အနီးကပ်ဆယ်ရက်ကိုတော့ ကျောင်းရောက်ဖြစ်ပါတယ်။ ဆယ်ရက်စာ အတန်းတက်လက်မှတ်ထိုး ရပါတယ်။ လက်မှတ်အပြည့်အစုံမပါရင် စာမေးပွဲကျမယ် ပြောလို့ အတန်းမတက်ချင်ရင် တစ်ခြားလူကို လက်မှတ်အတု ထိုးခိုင်းပြီး အတန်းလစ်သေးတယ်။

ကျွန်တော်က ပထမနှစ်တုန်းကတော့ ကျူရှင်တက်။ စာတွေကျက်။ ဆယ်ရက်ကျောင်းတက်ပေါ့ဗျာ။ စာတွေက ဘာမှတော့ နားမလည်ဘူး။ ကျွန်တော့် တုံးတာလည်းပါမှာပေါ့။ ဒါပေမဲ့ စာမေးပွဲအောင်တယ်။

ကျွန်တော်တော်တော် စိတ်ကုန်သွားတယ်။ အဲ့ဒီ ၂၀၀၅ တုန်းက စာမေးပွဲဖြေတာ ကျွန်တော် ပိုက်ဆံ တစ်သိန်းခွဲလောက် ထင်တယ်။ ကုန်သွားတာ။ တောင်သူလုပ်ငန်းလုပ်တဲ့ ကျွန်တော့်အိမ်အတွက် အဲ့ဒီပိုက်ဆံက အတော်များပါတယ်။ ကျွန်တော်က တောင်သူလည်း မလုပ်ချင်ဘူး။ လုပ်သလောက် မသေချာလို့။ ရေသွင်းပြီး စိုက်လို့ရတဲ့ ဒေသလည်း မဟုတ်တော့ မိုးရွာဖို့ ဆုတောင်းရတယ်။ မိုးအရမ်း ရွာရင်လည်း ရပ်ထားပါဦးလို့ ပြောလို့ရတာလည်း မဟုတ်။ အမေ့ဆီက ပိုက်ဆံနဲ့ စာမေးပွဲဖြေရတာ အမေ့ကိုသနားတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျောင်းတက်နိုင်အောင် အလုပ်လုပ်မယ်ဆိုပြီး ကျွန်တော် လည်း ဆိုက်ကားနင်းလိုက်၊ စားသောက်ဆိုင် စားပွဲထိုး လုပ်လိုက်၊ အရောင်းစာရေး လုပ်လိုက်နဲ့။

ကျောင်းအပ်ချိန်ရောက်တော့ အမေက ကျောင်းအပ်ထားဆိုလို့ ကျောင်းအပ်လိုက်တယ်။ ကျွန်တော့် မှာတော့ ပိုက်ဆံက မရသေးဘူး။ စာမေးပွဲဖြေမယ့်အချိန်သာ ရောက်သွားတယ်။ ကျွန်တော့်မှာ ပိုက်ဆံ မလုံလောက်သေးဘူး။ အဲ့ဒါနဲ့ ကျွန်တော် စာမေးပွဲမဖြေဖြစ်တော့ဘူး။  နောက်တော့ ကွန်ပျူတာဆိုင် တစ်ဆိုင်မှာ ၀င်ပြီး အလုပ်သင်ရင်း၊ သင်တန်းတက်။ အဲ့ဒီ ကွန်ပျူတာဆိုင်က ကျွန်တော့်ကျေးဇူးရှင်တွေပေါ့
ဗျာ။ ကျွန်တော် ကွန်ပျူတာ စာစီစာရိုက် နည်းနည်းပါးပါးတတ်လာတယ်။ နောက်တစ်ဆိုင် ထပ်ပြောင်း။ ထပ်ရွှေ့နဲ့။

ဒီလိုနဲ့ ဒုတိယနှစ်စာမေးပွဲကို ၂၀၁၁ မှာဖြေတယ်။ အောင်တယ်။ တတိယနှစ်ကို ၂၀၁၂ မှာ အောင်တယ်။
ဒုတိယနှစ်ကတော့ အမေ့ဆီက ကုန်ကျစရိတ် တစ်ဝက်လောက် တောင်းလိုက်ရသေးတယ်။ အဲ့ဒါတောင် ဒုတိယနှစ်၊ တတိယနှစ်တွေကျတော့ စာလည်းမကျက်တော့ဘူး။ ကျူရှင်လည်းမတက်တော့ဘူး။ ဟုတ်တယ်လေ။ ဘာမှ မတက်ဘဲ၊ မကျက်ဘဲ စာမေးပွဲဖြေတဲ့သူတွေတောင် အောင်တဲ့သူရှိသေးတယ်။ အဲ့ဒီတော့ ကျွန်တော်လည်း စာမေးပွဲအောင်ဖို့အတွက် ကျူရှင်တက်တဲ့သူတွေဆီက စာပုဒ်တွေတောင်း။ စာရွက်သေးသေးလေးတွေနဲ့ ကူး။ စာမေးပွဲခန်းထဲရောက်ရင် ခိုးချပေါ့ဗျာ။

ဒီလိုနဲ့ပဲ ကျွန်တော်လည်း ဘွဲ့ရတစ်ယောက်ဖြစ်လာတာပဲ။ အဲ့ဒီမှာ ကျွန်တော် တက္ကသိုလ်တက်ရတဲ့ အရသာဆိုတာ ဘာမှန်းမသိခဲ့ဘူး။ ပိုက်ဆံချွေတာသုံးရတာဆိုတော့ သိပ်လည်း မပျော်ခဲ့ပါဘူး။ အလုပ်ကနေ ခဏ နားရတယ်၊ သူများတွေလို ဘွဲ့ရမှ အလုပ်ကလည်း အဆင်ပြေတယ် ဆိုပြီး ဖြေခဲ့တာ။

အခုတော့ ကျွန်တော် B.A (Geog;) ဆိုတဲ့ ဘွဲ့တော့ ရခဲ့ပါပြီ။ ပထ၀ီနဲ့ ပတ်သက်လို့ ဘာမှ ကျွန်တော် မတတ်ခဲ့ဘူး။ ဒီလို ဘာမှ မတတ်ဘဲ ပိုက်ဆံကုန်ပြီး စာမေးပွဲဖြေခိုင်းမယ့်အစား အမှန်တကယ် အကျိုးရှိ၊ အသုံးဝင်တဲ့ ပညာရေးစနစ်ကို လေ့ကျင့်သင်ကြားပေးရင် ပိုကောင်းမယ်ထင်ပါတယ်။ အဲ့ဒါက ကျွန်တော့် အမြင်ပါ။ ပညာရေးစနစ်ပြုပြင်ဖို့ ပညာရှင်တွေက ပိုပြီးနားလည်မှာပါ။ အကြံပေးကြမှာပါ။

၁၁-၁၁-၂၀၁၃ (တနင်္လာနေ့)

No comments:

Post a Comment