Friday, November 22, 2013

လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေးအကြမ်းဖက်မှုကို ကျွန်တော်မလိုလား........

ကျွန်တော်တို့ ဆန့်ကျင်တာ ဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ တောင်းဆိုနေတာကိုပါ။
နိုင်ငံသားတွေအားလုံး၊ တိုင်းရင်းသားတွေအားလုံး မြန်မာနိုင်ငံကို ကာကွယ်ဖို့လိုပါတယ်။
လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ မလိုလားပါဘူး။
ဒါပေမဲ့ သီတဂူဆရာတော်ကြီးမိန့်ကြားဖူးသလို အိမ်ရှင်ကို ဧည့်သည်က လေးစားရပါမယ်။
နေရာတိုင်းမှာ လူ့အခွင့်အရေးဆိုပြီး အော်ပြောနေလို့ မရပါဘူး။
ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံက ဥပဒေကိုတော့ လိုက်နာရပါမယ်။ လေးစားရပါမယ်။
ဗမာစကားတောင် မပြောနိုင်တဲ့၊ နိုင်ငံတော် သီချင်းကို မဆိုချင်တဲ့၊ မဆိုတတ်တဲ့ ဘင်္ဂါလီတွေကို
နိုင်ငံသားပေးဖို့တော့ ကန့်ကွက်ပါတယ်။
=====================================================

ဒါကတော့ အစ္စလာမ်ဘာသာဝင် Mohammed Bilarl Rangooni ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာကို
ပြန်လည်ဖော်ပြတာပါ။  သူ့ရဲ့ Mohammed Bilarl Rangooni ဖေ့စ်ဘွတ် Page မှာ ဗုဒ္ဓဘာသာတွေကို
စော်ကားတဲ့ အသုံးအနှုန်းတွေ အများကြီးတင်ထားပါသေးတယ်။ ဒါပေမဲ့ ဒီတစ်ခုကိုပဲ ပြန်လည်ဖော်ပြလိုက် ပါတယ်။

 မြန်မာနိုင်ငံမှာဖြစ်နေတာ ဘာသာရေး အကြမ်းဖက်မှုပါ။။ ဗုဒၶဘာသာဝင္အစိုးရက အစၥလာမ္ဘာသာ
ဝင်တွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ ဘာသာရေး အကြမ်းဖက်မှု။ နှစ်ဖက်ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘူး။ တစ်ဖက်သတ် အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ (ဒီနေရာမှာ နားလည်ရမှာက ဗုဒ္ဓဘာသာဝင် လူများစုက လုပ်နေတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ ကြောက်တယ်။ မပြောရဲဘူး။ သူတို့မှာလည်း စာနာစိတ်၊ နားလည်
စိတ်တွေရှိတယ်။ ဒါတွေကို ပေါ်တင် မပြရဲကြဘူး။ ကျနော့်မိတ်ဆွေထဲမှာ အစိုးရအမှုထမ်း အရာထမ်းတွေ ရှိတယ်။ ဘုန်းကြီး အစစ်တွေလည်း ရှိတယ်။ သူတို့ဘက်က ဖုန်းဆက်ပြီး စိတ်မကောင်းကြောင်း၊ ဝမ်း
နည်းကြောင်းတွေ ပြောကြတယ်။)

အစိုးရက အစ္စလာမ်တွေကို ဘာသာရေးစစ်ပွဲ ဘယ်လိုဆင်နွှဲခဲ့သလဲ။


=======================================
၁။ အုပ်ချုပ်ရေးပိုင်းမှာ အစ္စလာမ်တွေ မထားပါ။ အာဏာပိုင်ထဲမှာ အစ္စလာမ်မရှိပါ။ (အစ္စလာမ့်ညီလာခံ OIC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဝင် ဝန်ကြီးရှိပါတယ်။ ခု မြန်မာနိုင်ငံရဲ့ ဘင်္ဂလား သံအမတ်က ဗုဒ္ဓဘာသာဝင်ပါ။)
၂။ ကက်ဘိနက်မှာ အစ္စလာမ်ဘာသာဝင် မပါပါ။ မလေးရှားကက်ဘိနက်မှာ ဘာသာစုံပါဝင်တယ်။ (မဟာသီယာက ဦးသန်းရွှေကို ပြောဖူးတယ်။ ဦးသန်းရွှေ နားမဝင်ပါ။)
၃။ လူဦးရေ အချိုးအစားအရ လွှတ်တော်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ အင်မတန်နည်းလွန်းပါတယ်။ (စင်ကာပူလွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အစ္စလာမ်အမျိုးသမီးပါ။ စင်ကာပူ အစ္စလာမ်မစ်နိုင်ငံမဖြစ်သွားပါ။)
၎။ အစ္စလာမ်ဘာသာဝင်တွေကို ရာထူးမတက်ပေးပါ။ အစ္စလာမ်တွေအတွက်သတ်မှတ်ထားတဲ့ ရာထူးတစ်ခု အထိ တက်ပေးပါတယ်။ အဲဒီရာထူး ရောက်ရင် STOP ပဲ။ (ထေရဝါဒ ထိုင်းနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်က မွတ်စလင်မ်ပါ။)
၅။ ရခိုင်မှာ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားသားကဲ့သို့ဆက်ဆံခြင်း။ ပုံစံ ၄ ဖြင့်ခရီးသွားစေခြင်း။
၆။ မှတ်ပုံတင်လုပ်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို အထက်ညွှန်ကြားချက်အရဟုဆိုပြီး သွေးနှော သံသယ။ နိုင်ငံသားသံသယ လက်မှတ်တွေ ထုတ်ပေးတယ်။ ဒါတွေကိုတောင် ငွေ သိန်းချီပေးမှ ထုတ်ပေးတယ်။ မဲလိုချင်တဲ့အခါမှာ အသုံးချဖို့ ယာယီကတ်ဆိုပြီး ကတ်တစ်ခုထုတ်ပေးလိုက်တယ်။ ဒီကတ်ကိုတော့ ငွေလုံးဝမပေးရပါ။
၇။ ဗုဒ္ဓဘာသာ စစ်အစိုးရတက်ခဲ့တဲ့ ၁၉၆၂ ကနေစပြီး နိုင်ငံအနှံ့မှာ ဗလီတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်ခဲ့တယ်။ မွတ်စလင်မ်ရပ်ကွက်တွေကို သီးသန့် Target ထားပြီး ကျူးကျော်တံဆိပ်နှိပ်ကာ ဗလီမရှိ၊ ဘာသာရေးစာသင်ကျောင်းမရှိနေရာကို ပို့ပစ်တယ်။
၈။ မြို့သစ်တွေမှာ ယာယီ ဝတ်ပြုဆောင်တွေကို လာဘ်ငွေယူပြီး ဖွင့်ခွင့်ပြုတယ်။ ဗလီတည်ဆောက်ခွင့်တွေကို တင်ထားရင် ၁၀ နှစ်ကြာသော်လည်း ပြန်မကျပါ။
၉။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ အလှူခံသီချင်းတွေမှာ ဗုဒ္ဓဘာသာနဲ့ မြန်မာကို တွဲပြီး ဗုဒ္ဓဘာသာမြန်မာတို့တိုင်းပြည် ဆိုပြီး လော်နဲ့အော်ခဲ့တယ်။ တကယ်က မြန်မာနဲ့ ဗမာ ဆိုတာက လူမျိုးနာမည်။ တိုင်းပြည်နာမည်။ လူမျိုးနာမည်ကို ဘာသာနာမည်နဲ့မတွဲရဘူးလို့ အသံကျယ်ကျယ်အော်ထားတယ်။ ဒါပေမယ့် အစိုးရကိုယ်တိုင် ဒါမျိုးကို ပေါ်လစီချပြီးတွဲတာကို အားပေးတယ်။
၁၀။ ၁၉၉၃ လောက်မှာ အမျိုးပျောက်မှာစိုးကြောက်စရာ စာအုပ်ကို ရွှေတိဂုံဘုရားစောင်းတန်းက ဆိုင်တွေမှာ စရောင်းတယ်။ လက်သိပ်ထိုးရောင်းတယ်။ လက်သိပ်ထိုးဝယ်ကြတယ်။
၁၁။ မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မယ်ဆိုပြီး လဝက ရုံးတိုင်းရဲ့ နံရံတွေမှာ ဝေါရှိအရွယ်စာလုံးတွေနဲ့ ရေးသားပြီး လူထု လှုံ့ဆော်ရေးတွေလုပ်ခဲ့တယ်။
၁၂။ နိုင်ငံတကာ အမြင်မှာဗန်းပြဖို့ မွတ်စလင်မ်တွေထဲက အငြိမ်းစား ရာထူးကြီးကြီးရခဲ့သူတွေကို လက်ကိုင်ဒုတ်လုပ်ပြီး အစိုးရသစ္စာခံအဖြစ် အသုံးချခဲ့တယ်။
၁၃။ အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးခုဆိုပြီး ဟိတ်ကြီး ဟန်ကြီး တခမ်းတနား လုပ်ပေးထားပေမယ့် တကယ့်အရေးဆိုရင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိတာကို အဖွဲ့ကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့်မှသိရမယ်။
၁၄။ အစ္စလာမ် ဘာသာကို ဘယ်လောက်ထိ စစ်အေးတိုက်လာသလဲဆိုရင် မွတ်စလင်မ်များတဲ့ရပ်ကွက်မှာ လူနေအိမ်ဆောက်မယ်ဆိုရင် အိမ်ဆောက်ခွင့်ပါမစ်က တစ်နှစ်ကျော်နေလို့မကျဘူး။ ဗုဒ္ဓဘာသာများတဲ့ ရပ်ကွက်မှာ တစ်လကျော်ကျော်နဲ့ ပါမစ်ကျတယ်။
၁၅။ လူကြီးမင်းအားလုံးအသိ 2012 ကနေစပြီး ဒီနေ့တိုင် ကမ္ဘာ့မီဒီယာများရှေ့ရောက်သည်အထိ မွတ်စလင်မ်ကို ပေါ်တင်စော်ကားသတ်ဖြတ် အနိုင်ကျင့်လာခဲ့တာ လူမြင်သူမြင်ဖြစ်လာပြီ။
၁၆။ ဒါတွေအားလုံးကို အစိုးရကိုယ်တိုင်မလုပ်ပါဘူး။ လက်ကိုင်ဒုတ်တွေမွေးပြီးလုပ်ခိုင်းခဲ့တာပါ။ မိတ္ထီလာမှာ ကလေးငယ်လေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်မီးရှို့တော့ အစိုးရကိုယ်တိုင်မဟုတ်ပါဘူး။ လက်ကိုင်ဒုတ် အကြမ်းဖက်သမားတွေကို လုပ်ခိုင်းတာပါ။ ရဲကတောင် ပစ်မိန့်မရဘူး။ တားခွင့်မရှိဘူး။
၁၇။ ဗလီတွေကို မီးရှို့တဲ့အခါ မီးသတ်ကားတွေရောက်မလာပါဘူး။ အထက်က အမိန့်မရလို့ပါ။ အထက်က ဘယ်သူလဲ။
၁၈။ ပုဒ်မ ၁၈ အရ ဆန္ဒပြသူတွေဟာ မြို့နယ်မှူးဆီမှာ ခွင့်ပြုချက်တောင်းခံရပါတယ်။ 15-11-2013 နေ့က ကမ္ဘာ့အစ္စလာမ်ကို ဗုဒ္ဓဘာသာအာဏာပိုင် ခွင့်ပြုချက်နဲ့စော်ကားလိုက်ကြပီ။
၁၉။ သမ္မတရဲ့ စကားတွေကို သစ်ပင်မှာချိတ်ထားလိုက်ရင် ပန်းဝတ်ရည်နဲ့မှားပြီး ပျားတွေတောင် လာစုပ်မှာစိုးရိမ်ရတယ်။ သမ္မတရဲ့လူတွေရဲ့ လုပ်ရပ်ကတော့ နာဇီတွေရဲ့လုပ်ရပ်ထက် ဆိုးဝါးနေတာ တွေ့ရတယ်။

ဗုဒ္ဓဘာသာအစိုးရက အစ္စလာမ်အပေါ်မှာ နှစ်ပေါင်း ရာစုဝက်မက တိုက်စစ်ဆင်လာတာကို သိအောင်ရေးသားလိုက်ရပါတယ်။ ဒီနေ့ဖြစ်ပျက်နေတာတွေက အစ မဟုတ်ပါဘူး။ အဆုံးပါဆိုတာကို သိအောင်လို့ပါ။

မိတ်ဆွေ ဗုဒ္ဓဘာသာဝင်များသိအောင် ပြောပြချင်တာက မွတ်စလင်မ်တွေဟာ သားဖောက်သာသနာပြုခြင်းမရှိခဲ့ဘူး၊ နောက်လည်းရှိမှာမဟုတ်သလို အခုလည်း မရှိပါ။ ဘာသာမတူသူချင်းချစ်ကြိုက်မိတာ တစ်ကဏ္ဍပါ။ ခုလဲ ကျနော့်မိတ်ဆွေတွေထဲမှာ ရှိနေတုန်းပါ။ အမျိုးထဲမှာတောင်ရှိပါတယ်။ သူတို့မှာ သာသနာပြုလိုတဲ့ ရည်ရွယ်ချက်မပြောနဲ့၊ အစ္စလာမ်က ပြဌာန်းထားတဲ့ တစ်နေ့ ငါးကြိမ် ဝတ်ပြုမှုလေးကိုတောင် မလုပ်နိုင်တဲ့လူတွေပါ။ ဘယ်လိုသာသနာပြုမလဲ။ ဒါ့ကြောင့် အစ္စလာမ်က မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့မရှိဘူး။ ဗုဒ္ဓဘာသာကို ပျောက်ကွယ်သွားအောင်လုပ်ဖို့မရှိဘူး။ ရှင်းရှင်းပြောရင် စိတ်မဝင်စားဘူး။ အစ္စလာမ့်တရားတွေကို လေ့လာကြည့်ပါ။ လိုက်နာကျင့်သုံးတဲ့ အစ္စလာမ် ဘာသာဝင်တစ်ယောက်မှာ အပိုချိန် မရှိသလောက်ရှားတယ်။ သာသနာတစ်ခုဆိုတာ ပျောက်အောင်လုပ်လို့မရပါ။ မြန်မာနိုင်ငံမှာ ခုထက်ထိ နတ်ကိုးကွယ်သူတွေ ရှိနေသေးတာကို ကြည့်ပါ။ ဗုဒ္ဓဘာသာမှာ နတ်ကိုးကွယ်ခြင်းမရှိပါ။ ဒါပေမယ့် ဗုဒ္ဓထွန်းကားတဲ့တိုင်းပြည်မှာ နတ်ကိုးကွယ်သူတွေ ဒုနဲ့ဒေးပါ။ ဒီလိုပဲ အာရပ်ကမ္ဘာမှာ မွတ်စလင်မ်တွေချည့်ပဲလို့ထင်ရင် မှားသွားမယ်။ အာရပ် ခရစ်ယာန်တွေ အများကြီးပါ။ စာလဲရှည်သွားပြီ။ အမှားပါရင် ခွင့်လွှတ်ပါ။ လူမျိုးမခြား ဘာသာမခြား ပြည်ထောင်စုဖွား အားလုံး ကိုယ်စိတ်နှလုံး သုံးပါးစလုံး ငြိမ်းချမ်းသာယာ ကြည်နူးစွာ ရှိပါစေ။

MD. Bilarl Rangooni

No comments:

Post a Comment