ဘောလုံးပွဲ
လက်မှတ် ၀ယ်ယူတာနဲ့ ပါတ်သက်ပြီး ပြည်သူတွေကို စည်းကမ်းမရှိသူတွေအဖြစ်
အပြစ်တင်သူတွေ ရှိပါတယ်။ အထူးသဖြင့် အစိုးရဘက်ကပါ။ ပြည်သူတွေ
စည်းကမ်းရှိဖို့ဆိုတာ အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးဖို့၊
စည်းကမ်းစနစ်တကျ နဲ့ ၀ယ်ယူနိုင်အောင် စီစဉ်ပေးပြီးမှ မေးခွန်းထုတ်ရမယ့်
ကိစ္စပါ။
“ ဘောပွဲလက်မှတ် ရောင်းချပုံနဲ့ မပြောင်းလဲသေးတဲ့ အစိုးရ”
စည်သူအောင်မြင့်
မြန်မာပို့စ်၊ ၁၆-၁၂-၁၃။ စာ-၁၂။
တိုးရဝှေ့ရ မလွတ်ကျွတ်တဲ့ မြန်မာတွေ ဘဝ
လူအတော်များများ လက်မှတ်ရောင်းရာ နေရာရှေ့မှာ တိုးဝှေ့နေကြတယ်။ စနစ်ကျအောင် ဘယ်သူမှ လုပ်မပေး၊ သက်ဆိုင်ရာ လက်မှတ်ရောင်းတဲ့ ဌာနကလည်း တာဝန်မယူ၊ တစ်ချို့ လူတွေ အကျီင်္ချွတ်၊ တစ်ချို့လူတွေ တစ်ယောက် အပေါ် တစ်ယောက်တက်၊ လက်မှတ်ရောင်းခါနီး ရဲ နှစ်ယောက် ရောက်လာ။ နောက်တော့ လူအုပ်ကြီးရဲ့ အရှေ့ကို ရောက်အောင် တိုးဝှေ့သွားလိုက်ပြီး ပါတ်ထားတဲ့ ခါးပါတ်ကို ချွတ်လိုက်တယ်၊ နောက် ပါးစပ်ကနေ စည်းကမ်းမရှိတဲ့ကောင်တွေ စည်းကမ်းမရှိတဲ့ ကောင်တွေ ဆိုပြီး မြှောက်မြှောက်ပြီး ခေါင်းတွေကို ဆင့် ဆင့်ရိုက်တယ်။ ခါးပါတ်ခေါင်းနဲ့ အရိုက်ခံရတာကြောင့် လူတစ်ယောက် ခေါင်းပေါက်ပြီး သွေးတွေ ဖြာကနဲ ထွက်သွားတယ်။ အဲဒီလူ သူ့ခေါင်းသူ အုပ်ပြီး လူအုပ်ထဲကနေ တိုးဝှေ့ ပြန်ထွက်သွားတယ်။ ဒီလို ထိခိုက်နာကျင်မှုတွေ ရှိပေမယ့် လူအုပ်ကြီးကတော့ တိုးမြဲ ဝှေ့မြဲ။ အဲဒါက မဆလ ခေတ် နယ်ရုပ်ရှင်ရုံတစ်ရုံမှာ ရုပ်ရှင်ဇတ်ကား တစ်ကားကြည့်ရဖို့ လူတွေ လူမဆန်အောင် တိုးဝှေ့ကြရတာ။
ဒါကတော့ သိပ်မကြာသေးခင် အရင် နအဖ စစ်အစိုးရခေတ်မှာ ဖြစ်ခဲ့တာ။ ရန်ကုန်ဗိုလ်ချုပ်လမ်း နဲ့ ဆူးလေလမ်းဒေါင့် မီးရထားလက်မှတ် ရောင်းတဲ့ ၀င်း အပြင်ဘက် ဗိုလ်ချုပ်လမ်း တံခါးပေါက်မှာ ညလုံးပေါက် ထိုင်စောင့်၊ အိပ်စောင့်နေသူတွေနဲ့ ပြည့်နှက်နေတယ်။ တစ်ညလုံး ဒုက္ခခံပြီး မနက် ၆ နာရီလောက် တံခါးဖွင့်ချိန် လူတွေ အတွင်းကို ၀ရုန်းသုန်းကား ပြေးလွှားတိုးဝှေ့ ၀င်ကြရပြန်တယ်။ အထဲရောက်တော့ သံဘောင်တွေ ကာရံထားတဲ့အထဲ ထပ်ပြီး တန်းစီ။ မနက် (၈) နာရီလောက်ရောက်တော့ လက်မှတ် စ ရောင်း။ ရောင်းမယ့် ခုံ လက်မှတ် ၁၀၀ ကျော်လောက် လို့ ရေးထားပေမယ့် အယောက် ၁၀ - ၂၀ မပြည့်ခင် လက်မှတ် ကုန်သွားပြီပြော။ အရောင်းပိတ်၊ မိုးမလင်းခင် လာစောင့်တဲ့ ပြည်သူတွေ ခေါင်းငိုက်စိုက်ချပြန်။ အခု ၂၀၁၃ ကုန်ခါနီး၊ အပြောင်းအလဲ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် တာဝန်ယူတာ ၂ နှစ်ခွဲကျော် ကာလ။ အဲဒါမျိုးတွေ ပြောင်းလဲ သွားပြီလား။
ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်ရောင်းပွဲ
ဒီဇင်ဘာ ၁၄ ရက်နေ့မှာ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ထိုင်းအသင်း ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ကြပါတယ်။ မြန်မာနိုင်ငံသား အများစုက ဒီ ဘောလုံးပွဲကို စိတ်ဝင်စားပါတယ်။ လူဦးရေ ထူထပ်တဲ့ ရန်ကုန်မှာ ကျင်းပတဲ့ ပွဲမို့လို့လည်း ကြည့်ဖို့ အားပေးဖို့ စိတ်စောနေကြပါတယ်။ ဒီအတွက် ကြိုတင်လက်မှတ် ၀ယ်ဖို့ ကြိုးစားကြပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကတော့ လက်မှတ်တွေကို ဒီဇင်ဘာ၁၃- ၁၄ ရက်နေ့တွေ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ စလင်းကွင်း စသဖြင့် နေရာတစ်ချို့မှာ ခွဲဝေ ရောင်းချမယ်လို့ ဆိုပါတယ်။ ဒီ အတွက် ပြည်သူအများအပြားဟာ လက်မှတ် မရမှာစိုးလို့ မိုးမလင်းခင် သွားပြီး တန်းစီ ကြပါတယ်။ တကယ့်တကယ် မနက် ၁၀ နာရီဝန်းကျင် လက်မှတ်လည်း ရောင်းရော တန်းစီထားတာတွေ ပျက်ပြီး ရှေ့ပိုင်းမှာ တိုးတာ ဝှေ့တာတွေ ဖြစ်လာရော။ အကျီ င်္ ကျွတ်သူကျွတ်၊ လုံခြည်ကျွတ်သူကျွတ်၊ တစ်ချို့တွေကလည်း အမိုးတွေပေါ် တွယ်တက်၊ တစ်ယောက် အပေါ် တစ်ယောက် တွယ်တက်၊ အဲဒီ လူတွေကို နောက်ကနေ ရေသန့်ဗူးနဲ့ ပေါက်သူကပေါက်၊ ဖိနပ်နဲ့ ပစ်သူကပစ် ဗရမ်းဗတာ ဖြစ်ကုန်ပါတယ်။ နောက် ရဲ ၅ ယောက် ၆ ယောက် ရောက်လာပေမယ့် မထိန်းတတ်တာလား၊ မထိန်းချင်တာလား၊ ဗရမ်းဗတာဖြစ်တာ ဘာမှ လျော့မသွားပါဘူး။ နောက်တော့ ထုံးစံအတိုင်း ဘယ်လောက် ရောင်းပေးလိုက်မှန်းမသိ လက်မှတ်တွေ ကုန်ပြီ ဖြစ်သွားခဲ့ပါတယ်။
လက်မှတ်တွေ လူမှန်းသူမှန်း မသိအောင် တိုးနေရကတည်းက မှောင်ခို ရောင်းနေသူတွေက ရောင်းကြပါတယ်။ ဒါလည်း ဘယ်သူမှ အရေးယူတာမျိုး အလေးထားတာမျိုးလည်း မရှိပါဘူး။ ကျပ် ၂၀၀၀၊ ၄၀၀၀ ပေးရတဲ့ လက်မှတ် ကျပ် ၂ သောင်းခွဲ ၃ သောင်း တစ်ချို့ ဒီထက်များတဲ့ ငွေနဲ့ ၀ယ်ရတာတွေလည်း ရှိပါတယ်။ ဒီ ပြသနာ သေးသေးလေးလား၊ ဘာမှ အရေးမကြီးတဲ့ ပြသနာလား၊ ပြည်သူတွေဟာ စည်းမရှိ ကမ်းမရှိ ဒီမိုကရေစီ ခေတ်နဲ့ မထိုက်တန်သူတွေလို့ပဲ ရှုံ့ချကြမလား၊ ခုတစ်ပါတ် အဲဒီ အကြောင်း ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
အစိုးရရဲ့ ပွင့်လင်းမြင်သာ မရှိမှု
အစောက တင်ပြခဲ့တဲ့ နမူနာတွေကိုကြည့်ရင် လက်ရှိ ဖြစ်ပျက်နေတာတွေဟာ အရင် မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ်ကနဲ့ ဘာမှ မကွာသေးတာ တွေ့မြင်ရမယ် ဖြစ်ပါတယ်။ ဒီလို ဘာကြောင့် ဖြစ်ရသလဲ တဆင့်ချင်း၊ တစ်ပိုင်းချင်း ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပါတယ်။ ပထမ တစ်ခုကတော့ အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ အပိုင်းပါ။ အရင်စစ်အာဏာရှင်တွေ ခေတ်တုန်းကဆို လေယာဉ်လက်မှတ်၊ မီးရထားလက်မှတ်၊ အခြားသော ရောင်းချမှု ဆိုင်ရာ အခွင့်အရေး ဘယ်နေရာမှာမှ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ပြည်သူတွေကို တန်းစီ ၀ယ်ရမယ် ဆိုပေမယ့် အာဏာပိုင်နဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းအတွက် အထူးအခွင့်အရေးတွေ ရယူထားပါတယ်။ ဘာ တန်းစီ စရာမှ မလိုပါဘူး။ အဲဒီ ကနေ တဆင့် ခွဲတန်း စနစ် ဆိုတာ ပေါ်လာပါတယ်။ တပ်အတွက် ဘယ်လောက်၊ ရဲအတွက် လက်မှတ်ဘယ်လောက်၊ ထောက်လှမ်းရေး အတွက် ဘယ်လောက်၊ အုပ်ချုပ်ရေးအတွက် ဘယ်လောက် စသဖြင့်။
ပွင့်လင်းမြင်သာမှု မရှိ အခွင့်ထူးခံတဲ့အခါ တစ်ဆက်တည်း ပေါ်လာတာက အဂတိ လိုက်စားမှုပါ။ နောက်ပိုင်း လက်မှတ် မှောင်ခို ပေါ်ပေါက်လာတာလည်း အဲဒါတွေရဲ့ အဆက်အစပ်ပါပဲ။ ပြည်သူတွေအနေနဲ့ ဘယ်သူတွေကို လက်မှတ် ဘယ်နှစ်စောင်ရောင်းတယ်၊ ပြည်သူတွေအတွက် ဘယ်လောက်ရှိတယ် ပွင့်ပွင့်လင်းလင်း မသိရပဲ ကုန်ပြီ ပြောတာနဲ့ လှည့်ပြန်ရတာကလွဲပြီး ဘာမှ မေးမြန်းပိုင်ခွင့်မရှိသလို လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ နောက်ပိုင်း အဲဒီ စနစ် ပုဂ္ဂလိက ရုပ်ရှင်ရုံတွေနဲ့ ပုဂ္ဂလိက အဝေးပြေး ယာဉ်လိုင်းတွေအထိတောင် ကူးစက်သွားခဲ့ပါတယ်။ အာဏာပိုင်တွေအတွက် နေရာတစ်ချို့ မရောင်းပဲ နောက်ဆုံးအချိန်အထိ ချန်ထားပေးရတာမျိုးပါ။
အခု ဆီးဂိမ်း ဘောလုံးပွဲ လက်မှတ် ရောင်းချပုံကလည်း အဲဒီ အတိုင်းပါပဲ။ ပရိတ်သတ် ၃ သောင်းဆန့် ကွင်းအတွက် လက်မှတ် ဘယ်နှစ်စောင် ပြည်သူတွေကို ရောင်းမယ်၊ လက်မှတ် ဘယ်နှစ်စောင်က ဘယ်အဖွဲ့အစည်း ဘယ်သူတွေအတွက် ဆိုတာ ဘယ်သူမှ မသိရပါဘူး။ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်တဲ့ အစိုးရဆို ခုလို အခြေအနေ အသိပေးကို ပေးရပါမယ်။ ဒါ့အပြင် ဘယ်နေ့မှာ ဘယ်အားကစားရုံမှာ ရောင်းမယ့် လက်မှတ် ဘယ်လောက်ဆိုတာ အများပြည်သူသိအောင် ထင်ထင်ရှားရှား ဖော်ပြထားရပါမယ်။ အားလုံးပေါင်းလိုက်ရင် ရောင်းချမယ့် လက်မှတ် ၃ သောင်းဆို ၃ သောင်း စာရင်းတိတိကျကျ ရှိရပါမယ်။ မီဒီယာတွေက မေးရင် တိတိကျကျ ပေးနိုင်ရပါမယ်။ အားကစားရုံ တစ်ရုံချင်းစီမှာ ရောင်းမယ့် လက်မှတ် အရည်အတွက် နဲ့ ရောင်းချပေးတဲ့ အခြေအနေ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိမြင်စေရပါမယ်။ ဒါတွေဟာ ပွင့်လင်းမြင်သာမှု ရှိမှ ဖြစ်နိုင်မယ့် ကိစ္စဖြစ်ပါတယ်။ ခုတော့ အဲလို ဘောလုံးပွဲ လက်မှတ် ရောင်းရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ပွင့်လင်းမြင်သာမှု လုံးဝ မရှိပါဘူး။
စီမံခန့်ခွဲမှု
ရောင်းချရမယ့် လက်မှတ် အရည်အတွက် နည်းနေမယ်၊ ၀ယ်ယူလိုတဲ့ ပြည်သူတွေ များနေမယ်ဆိုရင် စနစ်တကျ ၀ယ်ယူနိုင်အောင် အစီအစဉ် လုပ်ပေးရပါမယ်။ အခုကတော့ လုံခြုံရေးအတွက် ရဲ ခေါ်တာကလွဲရင် လက်မှတ်ရောင်းတာ စနစ်တကျဖြစ်အောင် လုပ်ထားတဲ့ ဘာ အစီအမံမှ မရှိပါဘူး။ ဒါကို ပြည်သူတွေအတွက် လုပ်ပေးရကောင်းမှန်း မသိသလို၊ တကယ်လုပ်ပေးမယ် ဆိုရင်တော့ ကျွမ်းကျင်မှု ရှိမယ် မရှိဘူး ဘာမှ မပြောနိုင်ပါဘူး။ ပြောရရင် အစိုးရ တာဝန်ရှိသူတွေဟာ အရင်ခေတ်တွေကအတိုင်း စီမံခန့်ခွဲမှု ညံ့မြဲညံ့၊ ပြည်သူတွေကို အလေးမထားမြဲ အလေးမထားတာ တွေ့မြင်နိုင်ပါတယ်။
ပြည်သူတွေရဲ့ ခံယူချက်
အခုကိစ္စနဲ့ ပါတ်သက်ရင် ပြည်သူတွေကို စည်းကမ်းမရှိသူတွေအဖြစ် အပြစ်တင်သူတွေ ရှိပါတယ်။ အထူးသဖြင့် အစိုးရဘက်ကပါ။ ပြည်သူတွေ စည်းကမ်းရှိဖို့ဆိုတာ အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးဖို့၊ စည်းကမ်းစနစ်တကျ နဲ့ ၀ယ်ယူနိုင်အောင် စီစဉ်ပေးပြီးမှ မေးခွန်းထုတ်ရမယ့် ကိစ္စပါ။ နောက်တစ်ချက် ပြည်သူတွေဟာ အသက် ဘယ်လောက်ကြီးကြီး ဘယ်လောက် ငယ်ငယ် မွေးကတည်းက မျှတမှုဆိုတာ မမြင်ဖူးခဲ့ကြပါဘူး။ တစ်ခါမှ ကြုံလည်း မကြုံဘူး လေ့ကျင့်ပျိုးထောင်မှုကိုလည်း မခံခဲ့ကြရပါဘူး။ ခုလို သေးသေးဖွဲဖွဲ လက်မှတ်ဝယ်တာကအစ ပထမ ဦးဆုံး စဉ်းစားကြတာက ဘယ်သူ့ဆီမှာ အထူးအခွင့်အရေးနဲ့ တောင်းရင် ရနိုင်မလဲ ဆိုတာပါ။ ဘယ်နည်းနဲ့ ငွေပိုပေး ၀ယ်ရင် ရနိုင်မလဲ စဉ်းစားတာပါ။ ရိုးရိုးသားသား ဇွဲကောင်းကောင်းနဲ့ တန်းစီရင် လက်မှတ် ၀ယ်လို့ ရကို ရနိုင်တယ် ဆိုတဲ့ ယုံကြည်မှု ဘယ်သူ့ဆီမှာမှ ရှိမနေပါဘူး။ လက်တွေ့လည်း မရနိုင်ပါဘူး။ ဒီ အတွက် နောက်ဆုံး ကုန်ကုန် ခွန်အားကြီးသူ အနိုင်ရစတမ်း စည်းမဲ့ကမ်းမဲ့ တိုးဝှေ့ အနိုင့်အထက်လုပ် လက်မှတ် ၀ယ်ယူဖို့ ကြိုးစားကြပါတော့တယ်။ ပြောရရင် ပြည်သူတွေ ဒီလို ဖြစ်တာဟာ စနစ်ကြောင့် ဖြစ်ရတာလို့ ဆိုရင် မမှားပါဘူး။
မပြောင်းလဲသေးတဲ့ အစိုးရ၊ မပြောင်းလဲနိုင်သေးတဲ့ပြည်သူ
ဒီဖြစ်ရပ်မျိုးတွေဟာ ခုလို ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်ရောင်းတဲ့ ကိစ္စ တစ်ခုတည်းမှာပဲ ကွက် ဖြစ်နေတာ မဟုတ်ပါဘူး။ ၁၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းကဒ်တွေ ရောင်းချတာက အစ၊ အစိုးရပိုင် လုပ်ငန်းတွေကို လုပ်ခွင့်ပေးတာ အလည် ဒေါ်လာသန်းချီ စီမံကိန်းတွေ အဆုံး အားလုံးမှာ ဖြစ်ပျက်နေတာပါ။ အစိုးရအဖွဲ့ဟာ အပြောင်းအလဲတွေ လုပ်နေတယ် ဆိုပေမယ့် ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးတွေမှာ မပြောင်းလဲနိုင်သေးသမျှ ပြောင်းလဲနေတဲ့ စည်းကမ်းရှိတဲ့ စနစ်ကျတဲ့ ပြည်သူတွေ မြင်ရဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

No comments:
Post a Comment