by ရဟန်းတော်တပါး
( Ashin Pan ၏ မှတ်ချက်။ ။ သီရိလင်္ကာမှာ နေတဲ့ မြန်မာ ရဟန်းတော်တပါး ရေးထားတဲ့
စာကို သဘောကျလို့
တင်ပေးလိုက်ပါတယ်။ မေးစရာ၊ ထောက်စရာတွေရှိရင် comment
ရေးထားကြပါ၊ အဲဒီဆရာတော်ကို မေးပြီး status update
အနေနဲ့ ပြန်တင်ပေးပါ့မယ်)
(၁၉၈၈)မှ (၂၀၁၀)အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရသည်
(၁၉၉၀)မှာ
တကြိမ်၊ (၂၀၀၇)မှာ တကြိမ် ဘုရားသားဟု ခေါ်ကြသော သံဃာထုနှင့်
ထိပ်တိုက်တွေ့ပြီး သံဃာတော်များက ပတ္တနိကုဇ္ဇနကံဟု ခေါ်သော သံဃာ့ကံတမျိုးဖြင့်
နှိပ်ကွပ်ခြင်းကို
ခံခဲ့ရသည်ကို အများ သိပြီးဖြစ်သည်။
ထိုသို့ကံဆောင်ရာမှာ သံဃာအားလုံး ပါဝင်မှု
မရှိခဲ့ခြင်းကိုမူ ပြည်သူအားလုံး
သတိထားမိချင်မှ ထားမိကြမည်။ ကံဆောင်ရာမှာ ပါဝင်သော သံဃာတို့၏ အသံကို
မီဒီယာမှာ ကြားခဲ့ကြရသော်လည်း မပါဝင်သော သံဃာတို့၏ အသံကို
မကြားခဲ့ရသောကြောင့် ဖြစ်သည်။ ယခုအချိန် မှာကား အဘယ်ကြောင့် ထိုသို့
သဘောထား ကွဲပြားခဲ့ရသည်ကို ဖေါ်ထုတ်ရန် အချိန်ရောက်ပြီဟု ယူဆသောကြောင့်
ဤစာကို
ရေးလိုက်ရပါသည်။
ပတ္တနိကုဇ္ဇနကံ ဟူသည်
-----------------------------
(က) သပိတ်မှောက်ကံဟု မြန်မာပြန်ကြသည့်အတိုင်း သပိတ်မှောက်ခံရသည့် ဒကာ၊
ဒကာမများ လှူဒါန်းသည့် လှူဖွယ်ဝတ္ထုများကို သပိတ်မှောက် သံဃာတော်များက
အလှူမခံဘဲ ငြင်းဆိုခြင်းသည် ပတ္တနိကုဇ္ဖနကံ၏ သဘောဖြစ်သည်။
ဤသဘောသွားကို
ကြည့်လိုက်သည်နှင့် သာသနာကို ကြည်ညိုပြီးသား ဒကာ၊
ဒကာမများကို ဆုံးမသည့်
နည်းတမျိုးသာ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော၊
ဗုဒ္ဓဘာသာ၏ ရန်သူဖြစ်သော
သူများကို တိုက်ခိုက်သော လက်နက် မဟုတ်ကြောင်း
ထင်ရှားသည်။
(ခ) သံဃာတော်များသည် အောက်ပါ အပြစ် (၈)ပါးအနက် အနည်းဆုံး တပါးပါးကို
ကျူးလွန်သော ဗုဒ္ဓဘာသာဝင် ဒကာဒကာမတဦးကို သပိတ်မှောက်ခြင်းဖြင့် ဆုံးမနိုင်သည်။
၁။ သံဃာများ ရသင့်သည့် လှူဖွယ်ဝတ္ထုများ မရအောင် တားမြစ်ဟန့်တားလျှင်
၂။ သံဃာများ နစ်နာထိခိုက်အောင် ပြုလုပ်လျှင်
၃။ သံဃာများ နေထိုင်စရာမရှိ၊ ခိုကိုးရာမဲ့အောင် ပြုလုပ်လျှင်
၎။ သံဃာများကို ဆဲရေးပုတ်ခတ်လျှင်
၅။ သံဃာအချင်းချင်း သွေးခွဲလျှင်
၆။ ဘုရားရတနာကို ကဲ့ရဲ့လျှင်
၇။ တရားရတနာကို ကဲ့ရဲ့လျှင်
၈။ သံဃာရတနာကို ကဲ့ရဲ့လျှင်
အထက်ပါ အပြစ် (၈)မျိုးကို အသေအချာ ကြည့်လိုက်လျင် သပိတ်မှောက် ကံဆောင်ခြင်းသည် ဗုဒ္ဓသာသနာနှင့် သံဃာထုကို ကာကွယ်ရန် ဖြစ်ပြီး သံဃာထု
အပြင်ဖက်က လူ့အဖွဲ့အစည်းကို
ပြုပြင်ပြောင်းလဲရန် သုံးစွဲဖို့ မဟုတ်သည်မှာ
ထင်ရှားသည်။
(ဂ) အပြစ်ရှိတိုင်း သပိတ် မှောက်ကိုမှောက်ရမည်ဟု မဆိုလို၊ သပိတ်မှောက် သင့်
မသင့်ကို
သံဃာက ချင့်ချိန်ဆုံးဖြတ်ခွင့် ရှိသည်။
အထက်ပါ သဘောတရားများကို နားလည်မှ
(၁၉၉၀)နှင့် (၂၀၀၇) သပိတ်မှောက်ကံ
ကိစ္စတို့ကို နားလည်နိုင်မည်။
(၁၉၉၀) သပိတ်မှောက်ကံ
-------------------------------
အများသိပြီး ဖြစ်သည့်အတိုင်း (၁၉၉၀) မန္တလေးမှာ ကျင်းပသော (၈) လေးလုံး
နှစ်ပတ်လည် အထိမ်းအမြတ် ဆွမ်းလောင်းပွဲ့ကို စစ်တပ်က ပစ်ခတ်နှိမ်နင်းသောကြောင့်
သံဃာများသေသူသေ၊ ဒဏ်ရာရသူရ၊ အဖမ်းခံရ၍ ထောင်ကျသူ ကျခဲ့ကြသည် (ဘယ်သူမှ
မသေပါဟု ဗိုလ်ချုပ်
စောမောင် ပြောသည်မှာကား သူကိုယ်တိုင် သတင်းအမှန်မရခြင်း
(သို့) အမှန်သိပါလျက်
ပြောင်ပြောင်တင်းတင်း လိမ်ညာခြင်းသာ ဖြစ်သည်။
ထိုကိစ္စကို အကြောင်းပြု၍ စာတတ်
ပေတတ် ထိပ်တန်းဆရာတော်ကြီး များ
ခေါင်းဆောင်ကာ စစ်အစိုးရပေါ် သပိတ်မှောက်ကံ
ဆောင်ခဲ့ကြသည်။
သူတို့အမြင်မှာ...
(၁) အတိုက်အခံဖက်မှ ပြုလုပ်သော ဆွမ်းလောင်းပွဲကို မကြွရောက်ရန် တားမြစ်ခြင်းသည်
သံဃာများ ရသင့်သည့် လျူဖွယ်ပစ္စည်းများ မရအောင်
ပြုလုပ်ခြင်း (အပြစ် နံပတ် [၁])
ဖြစ်သည်၊
(၂) သံဃာများကို ရိုက်နှက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည်
သံဃာများ
ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်း (အပြစ် နံပတ် [၂]) ဖြစ်သည်။
(၃) သံဃာများကို ထောင်သွင်းအကျဉ်းချခြင်းသည် သံဃာများ မိမိနေရာကျောင်းတိုက်မှာ
နေခွင့်မရ၊ ခိုကိုးရာမဲ့အောင် ပြုလုပ်ခြင်း (အပြစ်
နံပတ် [၃]) ဖြစ်သည်။
(၄) အဖမ်းခံရသည့် သံဃာများအကြောင်း မဟုတ်တမ်းတရား သတင်းများ ထုတ်လွှင့်ခြင်းသည်
သံဃာကို ဆဲရေးပုတ်ခတ်ခြင်း (အပြစ် နံပတ် [၄) ဖြစ်သည်။
(၅) အထက်ပါ အပြစ်များကို ကျူးလွန်သော စစ်အစိုးရထဲ ပါသည့် လူကြီးများ
အားလုံး
လိုလိုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့် သူတို့ကို
လမ်းမှန်ရောက်အောင်
တည့်မတ်ပေးဖို့ရာ သံဃာတော် တို့မှာ တာဝန်ရှိသည်။
ထို့ကြောင့် သပိတ်မှောက်
သင့်သည်။
ဤနေရာမှာ သံဃာကို နှိပ်စက်သောကြောင့်သာ သပိတ်မှောက်ခြင်းဖြစ်ပြီး
အတိုက်အခံများကို ထောက်ခံခြင်းဟူသော နိုင်ငံရေးသဘော မပါကြောင်း
သတိထားရ
ပေမည်။ သို့သော် စစ်အစိုးရကား ဤသို့ မြင်နိုင်ခဲ့ပုံ မပေါ်။ တဖက်မှာမူ ထိုသို့ သပိတ်
မမှောက်သင့်ဟု ယူဆသဖြင့် မပါဝင်သော ဆရာတော်ကြီး
များစွာလဲ ရှိခဲ့သည်။
သူတို့အမြင်မှာ...
(၁) အတိုက်အခံဖက်မှ ကျင်းပသော ဆွမ်းလောင်းပွဲကို မကြွရောက်ရန်
တားမြစ်ခြင်းသည်
အတိုက်အခံနိုင်ငံရေးကို ဖိနှိပ်ခြင်းသာ ဖြစ်၍ သံဃာများ
နစ်နာစေရန် ရည်ရွယ်သည်ဟု
မဆိုနိုင်။ အာဏာပိုင်များအနေဖြင့်
အတိုက်အခံမဟုတ်သော ဒကာဒကာမများ အလှူကို
မတားမြစ်သည့်အပြင် သူတို့
ကိုယ်တိုင်က လှူချင်လျှင် လှူနေသော ဗုဒ္ဓဘာသာဝင်များ
ဖြစ်သည်။
(၂) ထိုဆွမ်းလောင်းပွဲသည် ဘာသာရေးအသွင်ဆောင်သော နိုင်ငံရေးလှုပ်ရှားမှု
ဖြစ်သည်။
အာဏာပိုင်များက တားမြစ်ထားသလို ကျောင်းတိုက်ဆရာတော်များကလဲ
တားနေပါလျက်
ဖီဆန်၍ ကြွရောက်ကြသော ရဟန်းငယ်များသည် စစ်အစိုးရကို
နိုင်ငံရေးအရ အာခံလိုက်
ခြင်းဖြစ်သည်။ စစ်အစိုးရဖက်မှ
အလွန်အကျွံတုံ့ပြန်ခဲ့သည်မှာ မှန်သော်လည်း ရဟန်းငယ်
များဖက်မှ ဤရန်မီးကို
စမွှေးခဲ့ခြင်း ဖြစ်သည်။
(၃) စစ်တပ်ကို အသုံးပြု၍ သံဃာများကို ဖမ်းဆီးရိုက်နှက်ခြင်း၊
ပစ်ခတ်သတ်ဖြတ်ခြင်း၊
မဟုတ်တမ်းတရား သတင်းလွှင့်ခြင်း စသည့် အပြစ်များကို
ကျူးလွန်ရဲသော စစ်အစိုးရ
သည် ဗုဒ္ဓသာသနာကို တကယ် ကြည်ညိုသည်ဟု မဆိုနိုင်၊
အာဏာကိုသာ ကိုးကွယ်
သော လူမိုက်များ ဖြစ်သည်။ ဤသို့သော လူမိုက်များကို
သပိတ်မှောက်ကံဖြင့် ဆုံးမ၍
မရနိုင်။ စေတနာဖြင့် ဆုံးမသည်ဟု နားမလည်ဘဲ
နိုင်ငံရေးအရ ခြိမ်းချောက်သည်ဟု
မြင်သွားခဲ့လျှင် ဗုဒ္ဓသာသနာနှင့် သံဃာကို
နစ်နာသထက် နစ်နာအောင် လုပ်လာနိုင်သည့်
အန္တရာယ် ရှိသည်။
အထက်ပါ အကြောင်းများကို ဆင်ခြင်စဉ်းစားသဖြင့် သပိတ်မှောက်ကံမှာ မပါဝင်ဘဲ
ငြင်းဆိုသော ဆရာတော်ကြီးများစွာလဲ ရှိခဲ့သည်။
(၁၉၉၀—၂၀၀၇) ကာလ
------------------------------
အများသိပြီး ဖြစ်သည့်အတိုင်း (၁၉၉၀) သပိတ်မှောက်ကံ ကိစ္စကြောင့် ရန်ကုန်မဟာ
ဂန္ဓာရုံဆရာတော်၊ အင်းစိန်ရွာမ ဆရာတော်၊ မန္တလေးမှ
မစိုးရိမ်တိုက်သစ် ဆရာတော်
ဦးရာဇဓမ္မ၊ မစိုးရိမ်တိုက်ဟောင်း ဆရာတော်
ဦးကောဝိဒ စသော သာသနာ့ ဦးဆောင် ဆရာတော်ကြီးများ အကျဉ်းချခံခဲ့ ရသည်။
သီတဂူဆရာတော်ကား ကံကောင်းထောက်မစွာ
ထောင်ကျမည့်ဘေးမှ ဝေးခဲ့သည်။
(မှတ်ချက်။
။ သီတဂူဆရာတော်ကို မဖမ်းဆီးခဲ့ခြင်းမှာ မင်းကွန်းတိပိဋက ဆရာတော်ကြီးမှ တားမြစ်သောကြောင့်ဟု ဆိုကြသည်။ မင်းကွန်းဆရာတော်ကြီးက တားမြစ်ခဲ့ခြင်းမှာ
အမှန်ဖြစ်စေကာမူ သူ့စကားကို လေးစားသောကြောင့် သီတဂူဆရာတော်ကို
ချမ်းသာ
ပေးခဲ့ခြင်း ဖြစ်ဟန်မတူပါ။ မြန်မာပြည်၏ နံပတ်(၁) တရားဟော ဓမ္မကထိက ဖြစ်သော သီတဂူဆရာတော်ကို ကြည်ညိုသူ ဒကာဒကာမများ မြန်မာပြည်အနှံ့မှာ
ရှိနေသောကြောင့်
သူတို့၏ ဒေါသကို ရင်မဆိုင်ရဲ၊ ရင်မဆိုင်လို သဖြင့်သာ ချမ်းသာပေးခဲ့ခြင်း ဖြစ်ဟန်
ရှိသည်။ အခြားဆရာတော်အများစုကား
စာပေပို့ချရေးသားနေသည့် ပညာရှင်များသာ
ဖြစ်သောကြောင့် ဒကာဒကာမ
အသိုင်းအဝိုင်းအပေါ် သြဇာသက်ရောက်မှု နည်းပါးသည်။
ထို့ကြောင့် စစ်အစိုးရက
မတွန့်မဆုတ် ဖမ်းရဲခြင်း ဖြစ်ပေလိမ့်မည်။)
မည်သို့ပင် ဖြစ်စေ၊ သပိတ်မှောက်ကံမှာ မပါဝင်သော ဆရာတော်ကြီးများ၏ ”စစ်အစိုးရသည် အာဏာကိုသာ ကိုးးကွယ်သည့် လူမိုက်များ ဖြစ်သည်၊ ဆိုဆုံးမ၍
မရနိုင်”
ဟူသော အယူအဆ မှန်ကန်ကြောင်း သပိတ်မှောက်ကံမှာ ပါခဲ့သော
သာသနာ့ထိပ်တင်ဆရာတော်ကြီးများစွာကို ဖမ်းဆီးထောင်ချခဲ့ခြင်းက ခိုင်မာသော
အထောက်အထား ဖြစ်သည်။
ထို့ကြောင့် (၁၉၉၀) သပိတ်မှောက်ကံကိစ္စ အပြီးမှာ မင်းကွန်း ဆရာတော်ကြီး ဦးဆောင်သော
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် စစ်အစိုးရနှင့် ဆက်ဆံရေး
ပြေလည်မှု
ပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းခဲ့သဖြင့်
မင်းကွန်း ဆရာတော်ကြီးကို မကျေနပ်ကြသော သံဃာငယ်များက ”ဗိုလ်ချုပ်မှူးကြီး
တိပိဋက” ဟု သရော်သည်ကို ခံခဲ့ရ
သည်။
အမှန်မှာမူ မင်းကွန်းဆရာတော်ကြီးက စစ်အစိုးရနှင့် အဆင်ပြေအောင် ဆက်ဆံရသည်မှာ
သူတို့ ကိုးကွယ်လှူဒါန်းတာ ခံယူချင်လွန်းလို့ မဟုတ်၊
ဆိုဆုံးမ၍ မရသော လူမိုက်နှင့် ဖက်ဖြစ်နေသဖြင့် အကျိုးမရှိဘဲ သာသနာနှင့်
သံဃာသာလျှင် နစ်နာတော့မည်ကို မြင်သော
ကြောင့် ဖြစ်လေသည်။
(၂၀၀၇) သပိတ်မှောက်ကံ
--------------------------------
(၂၀၀၇) ရွှေဝါရောင် အရေးအခင်းဖြစ်ချိန်မှာ (၁၉၉၀) သပိတ်မှောက်ကံမှာ ပါဝင်ခဲ့သည့်
ခေါင်းဆောင် ဆရာတော် အများစု သက်ရှိထင်ရှား ရှိနေကြဆဲ
ဖြစ်သည်။ သို့သော် ထိုဆရာတော်တို့သည် (၂၀၀၇) သပိတ်မှောက် ကံဆောင်မှုမှာ
မပါဝင်ဘဲ ရှောင်နေသည်ကို
တွေ့ရမည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဆိုဆုံးမ၍
မရသော လူမိုက်ကို ဆုံးမရန်
ကြိုးစားလျှင် သာသနာတော်သာ နစ်နာမည်ကို
မင်းကွန်းဆရာတော်ကြီးနည်းတူ သဘော
ပေါက်သွားကြသောကြောင့် ဖြစ်ပါသည်။
ထိုသို့ ဆရာတော်ကြီးများက မျက်နှာလွှဲနေခဲ့သော
ကြောင့်သာ (ယခု
လူဝတ်လဲသွားပြီဖြစ်သည့်) ဆရာတော် ဦးဂမ္ဘီရကဲ့သို့ ငယ်ရွယ်နုပျိုသော
ရဟန်းတော်များက ရွှေဝါရောင် အရေးအခင်းကို ဦးဆောင်ခွင့် ရခဲ့ကြခြင်း
ဖြစ်ပါသည်။
ထို့ကြောင့်ပင်လျှင် သာသနာရေးသက်သက် မဟုတ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကဲ့သို့
နိုင်ငံရေးတောင်းဆိုချက်များ ထိုအရေးအခင်းမှာ
ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။
ဤနေရာမှာ
မေးစရာ
ရှိသည်ကား ဦးဂမ္ဘီရကဲ့သို့သော ရဟန်းတော်များသည် သင်္ကန်း အရေခြုံထားသော
နိုင်ငံရေးသမားသက်သက် ဖြစ်သလော ဟူသော မေးခွန်းဖြစ်သည်။ မဟုတ်ပါ။
သူတို့မှာ
သာသနာရေးအမြင် ရှိပါသည်။ ထိုအမြင်ကို ပြည်ပ သာသနာပြု ပီနန်ဆရာတော်
ဦးပညာဝံသ၏ အောက်ပါ သြဝါဒမှာ တွေ့မြင်နိုင်ပါသည်။
ထိုဆရာတော်ကြီးက...
“နိုင်ငံတခု မကောင်းဘဲနဲ့ သာသနာဆိုတာ ဘယ်လိုကောင်းနိုင်မလဲ။
နိုင်ငံဆိုတာ
(ဌာန) အိမ်လိုပဲ၊ သာသနာဆိုတာ (ဌာနီ) အိမ်ပေါ်မှာ တက်နေတဲ့ လူလိုပဲ။
အိမ်ကြီးက ယိုယွင်းပျက်စီးနေရင် အိမ်ပေါ်မှာနေတဲ့ လူတွေ ဘယ်လိုလုပ်မလဲ။ သာသနာရေးနှင့်
နိုင်ငံရေး တွဲမလုပ်သင့်ဘူးလို့ ပြောနေတာ သာသနာရေးနှင့်
နိုင်ငံရေးကို ကွဲကွဲပြားပြား မသိလို့ပါပဲ”ဟု သြဝါဒ ပေးခဲ့ပါသည်။
အဆိုပါ သြဝါဒသည် ရွှေဝါရောင် အရေးအခင်းကို ဦးဆောင်ခဲ့သော
ငယ်ရွယ်နုပျိုသည့် သံဃာတော်များ၏ သာသနာရေးအမြင်ကို အကောင်းဆုံး
ထင်ဟပ်ထားသည်ဟု ယူဆပါသည်။
Ashin Pan
No comments:
Post a Comment