Saturday, February 8, 2014

စည်းရိုးထိုးကာဖို့ အရိုးမလိုပါ




၁၉၈၂ နိုင်ငံသားဥပဒေဟာ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံတွေကြားထဲမှာ သယံဇာတကြွယ်ဝပေမယ့် ပြည်တွင်းရေးမတည်ငြိမ်မှု၊ဆင်းရဲမွဲတေမှုနဲ့ လူဦးရေအချိုးအစားမျှတနေတဲ့ မြန်မာနိုင်ငံကို ခနော်ခနဲ့၊ မလုံမလဲကာရံထားတဲ့ ခြံစည်းရိုးဟောင်းတစ်ခုဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်စံနှုန်းပေတံနဲ့တိုင်းရင်တော့ ပြင်းထန်တယ်လို့

ပြောလို့ရပေမယ့် လစ်ဘရယ်ဝါဒသည် မြန်မာနိုင်ငံနဲ့ အံဝင်ဂွင်ကျမရှိတဲ့အရာဆိုတာကိုတော့ လူအများစုနားလည်လိမ့်မယ်လို့ ယူဆမိပါတယ်။


ဒီဥပဒေရဲ့သဘောသဘာဝကို အကြမ်းဖျဉ်းပြောရရင် နိုင်ငံအတွင်း နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်အခြေချနေတဲ့ နိုင်ငံခြားမျိုးနွယ်တွေကို ကန့်သတ်ထားတဲ့ ဥပဒေလို့ပြောလို့ရမယ်
ထင်ပါတယ်။

ဒါပေမယ့် တဖက်မှာ မြန်မာပြည်က အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာခဲ့ရတဲ့ မြန်မာလူမျိုး
အမြောက်အမြား မွေးရပ်မြေကို ပြန်အခြေချခွင့် ဆုံးရှုံးစေခဲ့တာလည်း ဒီဥပဒေပဲဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ဦးနှောက်ယိုစီးမှုကို ဒီနေရာမှာ သွားတွေ့ရပါတယ်။ 

Dual Citizenship ကို လက်မခံတဲ့အတွက် ဒီလူတွေအနေနဲ့ လက်ရှိနိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ပြီးမှ မြန်မာနိုင်ငံသားပြန်ဖြစ်ခွင့်ရှိတယ်ဆိုပေမယ့် ပြည်တော်ပြန်ရင် အာမခံမရပဲ တိုက်ပိတ်ခံရမယ့် အနေအထားမျိုးကြောင့် ပြန်မလာနိုင်တဲ့လူတွေရှိသလို ပြန်လာဖို့ အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် မြန်မာနိုင်ငံကနေ ရာသက်ပန်ပြည်ဝင်ခွင့် ပိတ်ခံထားရ
သူတွေလည်း ပြည်ပမှာ တပုံကြီးပါပဲ။ သံရုံးကနေ ဗီဇာရပေမယ့် လေဆိပ်ကနေပြည်ဝင်ခွင့်မပေးလို့ လှည့်ပြန်ခဲ့ရတဲ့ လူတွေလည်း ရှိခဲ့တယ်လို့ ပြောသံကြားဖူးပါတယ်။ ခုအစိုးရလက်ထက်မှာ
 ပြန်ဝင်ခွင့်ပေးပေမယ့် နိုင်ငံသားပြန်လည်လျှောက်ထားမှုမှာတော့ မတိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အကန့်အသတ် အများကြီးရှိနေတုန်းပါပဲ။

အပေါ်ကအချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်၏အကျိုးစီးပွား၊ နိုင်ငံတော်လုံခြုံရေးနဲ့ အဲဒီနိုင်ငံသား

အခွင့်အရေး ဆုံးရှုံးသွားသူများရဲ့ နစ်နာမှုမှာ ဘယ်ဟာကပိုအရေးကြီးလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။ အဖြေကတော့ ခလေးကအစသိမှာပါ။ သို့သော် နိုင်ငံတော်အကျိုးစီးပွားနဲ့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူထားသူများက ဒီဥပဒေကို မှန်မှန်ကန်ကန် အသုံးပြုခဲ့ရဲ့လားဆိုတဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။

စတင်ရေးဆွဲကတည်းက နောင်နှစ်ပေါင်းများစွာကြာတဲ့အထိ စစ်အာဏာရှင်စနစ်ရဲ့ အကျင့်ပျက်အုပ်ချုပ်ရေးအောက်မှာ လူမသိသူမသိချောင်ထိုးခံခဲ့ရတဲ့ ဥပဒေတွေထဲမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေလည်းပါဝင်ပါတယ်။ ခု မှတ်ပုံတင်ကိုင်ထားတဲ့ ကုလား၊ တရုတ်တွေထဲမှာ ဥပဒေပါပုဒ်မအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းရှေ့မှောက်မှာ ကတိသစ္စာဆိုပြီးမှ ပန်းရောင်မှတ်ပုံတင်ရလာတဲ့ လူအရေအတွက် ဘယ်လောက်ရှိမယ်ထင်လဲ။ 

ပွဲစားကနေတဆင့် ငွေထုတ်ကျဲပြီး မှတ်ပုံတင်ရခဲ့တဲ့လူ အရေအတွက် ဘယ်လောက်ရှိမယ်ထင်လဲ။ ဒီနှစ်ချက်ကိုပဲ အကြမ်းဖျဉ်းခန့်မှန်းကြည့်ပါ။ 

ဒီလိုတရားမ၀င် နိုင်ငံသားဖြစ်သွားတဲ့လူတွေဟာ မြန်မာပြည်ရဲ့မွေးရာပါနိုင်ငံသား အခွင့်အရေး
အပြည့်ရှိသူတွေ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကနေစွန့်ခွာသွားရတဲ့နေရာကို အပြည့်အ၀အစားထိုး နေထိုင်နိုင်ခဲ့ပါတယ်။ 

အဲဒါဘာကြောင့်ပါလဲ။ နိုင်ငံသား၊ဧည့်နိုင်ငံသားအခွင့်အရေးနဲ့ မွေးရာပါတိုင်းရင်းသား၊
 နိုင်ငံသားအခွင့်အရေး ကွဲပြားမှုမရှိတဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။
 မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်တလျှောက် တိုင်းရင်းသားစစ်စစ်တွေ တရုတ်ကုလားတွေလောက် အခွင့်အရေးမရခဲ့တာ လူတိုင်းသိပါလိမ့်မယ်။

အမေရိကန်လိုနိုင်ငံမျိုးမှာတောင် တိုင်းရင်းသားအခွင့်အရေးကို ရက်အင်ဒီးယန်းတွေ

အပြည့်အ၀ ရနေပါတယ်။ သြစတြေးလျနဲ့ နယူးဇီလန်မှာဆိုရင်လည်း အဘော်ရီးဂျင်းတွေ
 နိုင်ငံသားတွေထက်ပိုတဲ့ တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ရနေပါတယ်။ 
မလေးရှားလို နိုင်ငံမျိုးမှာတောင် ဘူမိပူတြာဆိုပြီး ဌာနေတိုင်းရင်းသားအခွင့်အရေး ပေးထားပါတယ်။ ဘယ်မှာလဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအခွင့်အရေး။ တိုင်းရင်းသားတွေ ပါတီထောင်ခွင့်ရှိသလို ကုလားတွေလည်း ပါတီထောင်ခွင့်ရှိနေတယ်။ လက်ရှိအခြေခံဥပဒေလိုဟာမျိုးမှာတောင် တိုင်းရင်းသားနဲ့တန်းတူ ဧည့်နိုင်ငံသား၊ ယာယီကတ်ကိုင်ဆောင်သူအထိ နိုင်ငံရေးနယ်ပယ်မှာ
 ဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့ အချက်မျိုးတွေ ပါနေတဲ့အတွက် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေရဲ့ သက်ရောက်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ White Card သမားတွေမဲနဲ့ လွှတ်တော်ထဲရောက်နေတဲ့ ကြံ့ခိုင်ရေးအမတ်သုံးယောက်ဟာ အထင်ရှားဆုံးသာဓကပါ။
 

နောက်တစ်ချက်က ပြည်ပနိုင်ငံတစ်ခုခုမှာ နိုင်ငံသားခံယူတာ ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်(သို့) အလားတူလက်မှတ်တစ်ခုခုကို ကိုင်ဆောင်ခဲ့ရင် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲတယ်ဆိုတဲ့ ပုဒ်မ(၁၆)ပါ။ နောက်ထပ် ပုဒ်မ(၂၂)ကိုကြည့်ရင် နိုင်ငံသားအဖြစ်ရပ်စဲခံရသူ(သို့)ရုပ်သိမ်းခံရ
သူဟာ နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ ဧည့်နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ နိုင်ငံသား
ပြုခွင့်ရထားသူ အဖြစ်သော်လည်းကောင်း ပြန်လည်လျှောက်ထားခွင့် မရှိစေရ ဆိုတဲ့အချက်ကို သွားတွေ့ပါတယ်။ ပြန်လျှောက်ခွင့်မရှိတဲ့အတွက် ခုကားပါမစ်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး
အဖွဲ့တွေလို နိုင်ငံတော်က တရားဝင်ဖိတ်ခေါ် ကမ်းလှမ်းမှသာ နိုင်ငံသားပြန်ဖြစ်ခွင့်ရမယ့် သဘောမှာရှိနေပါတယ်။

ဥပဒေမှာ ပုဒ်မခွဲတွေ အများကြီးရေးထားပေမယ့်လို့ ပုဒ်မ(၈-က)အရ နိုင်ငံသားအဖြစ်
သတ်မှတ်ပိုင်ခွင့်ကို နိုင်ငံတော်ကောင်စီ(အစိုးရ)က သတ်မှတ်နိုင်တယ်ဆိုတော့ အစိုးရတစ်ခု
ပြောင်းတိုင်း လွှတ်တော်ရဲ့အဆုံးအဖြတ်ခံစရာမလိုပဲ အစိုးရဆုံးဖြတ်ချက်သက်သက်နဲ့ မည်သူ့ကိုမဆို နိုင်ငံသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ပေးလို့ရတယ် ဆိုတဲ့သဘော ဖြစ်နေ
တယ်။

ဥပဒေက အစိုးရကို အခွင့်အာဏာအပြည့်ပေးထားတဲ့အတွက် အစိုးရလုပ်တာကို လွှတ်တော်က ၀င်စွက်လို့မရဘူး။ တစ်ယောက်စနှစ်ယောက်စက ပြဿနာမရှိပေမယ့် ခုအခြေအနေလိုမျိုး သန်းနဲ့ချီတဲ့ တရားမ၀င်ဘင်္ဂလီတွေကို နိုင်ငံသားအခွင့်အရေးပေးဖို့ နိုင်ငံတကာကနေ ဖိအားပေးတောင်းဆိုနေ
တဲ့အချိန်မှာ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဟာ လုံခြုံပြည့်စုံတဲ့ အကာအကွယ်တစ်ခု မဟုတ်တော့
ပါဘူး။ ဘာလို့လဲဆိုတော့ လွှတ်တော်ရဲ့ခွင့်ပြုချက် တောင်းခံစရာမလိုပဲ အစိုးရကနေ သူ့သဘောနဲ့သူ
 နိုင်ငံသားဖြစ်ခွင့် ပေးလို့ရတဲ့အာဏာကို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေက ပေးထားပါတယ်။

ပုဒ်မ(၇၁)မှာ ဤဥပဒေဖြင့် လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် အဖွဲ့အစည်းများသည် ဤဥပဒေပါကိစ္စရပ်များကို ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းပြရန်မလို ဆိုပြီးတွေ့ရပါတယ်။ အဲဒီတော့ခါ ဒီဥပဒေကို ပြင်ဆင်ဖို့လိုမလို ရုပ်လုံးပေါ်လာပါပြီ။

ဒီဥပဒေဟာ ပါတီကောင်စီခေတ် တနည်းအားဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ခေတ်မှာ

ရေးဆွဲခဲ့တဲ့ဥပဒေဖြစ်လို့ တချို့အသုံးအနှုန်းတွေဟာ ဒိတ်အောက်နေပါပြီ။ ဥပမာ ပြည်ထောင်စု
ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်လို၊ နိုင်ငံတော်ကောင်စီ၊ ဗဟိုအဖွဲ့စတဲ့ အသုံးအနှုန်းမျိုးတွေပဲ
ဖြစ်ပါတယ်။

အမျိုးသားရေးလှုပ်ရှားမှု အရှိန်အဟုန်တက်လာတော့မှ ဒီဥပဒေဟာ လူရာဝင်လာတာလို့ပြောရင် လွန်မယ်မထင်ပါဘူး။ ခုဆို ပိုပြီးတော့တောင် ရှေ့တန်းရောက်လာခဲ့ပါတယ်။ ဒီဥပဒေကို

ပြင်ဆင်သင့်တယ်လို့ ပြောတဲ့လူကို အမျိုးသားရေးသစ္စာဖောက်အဖြစ် ပုံဖော်လာကြပါတယ်။
ပြင်ဆင်တယ်ဆိုတဲ့နေရာမှာ တိုင်းရင်းသား ၊ နိုင်ငံသားအရည်အချင်း သတ်မှတ်ချက်ကိုပဲ
ပြင်ဆင်မယ်ထင်ပြီး အပြင်းအထန်ကန့်ကွက်ကြပါတယ်။ အဲလိုကန့်ကွက်သံတွေကို အသုံးချပြီး
ပြင်ဆင်ဖို့စကားဟလာတဲ့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေကို ထိုးနှက်တိုက်ခိုက်ကြပါတယ်။ အဲဒီပြင်ဆင်ဖို့စကားဟလာတဲ့ အတိုက်အခံတွေကိုယ်တိုင်ကလည်း ဘာကြောင့်ပြင်သင့်တယ်လို့
ပြောတဲ့နေရာမှာ နိုင်ငံတကာ စံချိန်စံညွှန်း၊ လူ့အခွင့်အရေးဆိုတာတွေကို ဦးထိပ်ပန်ဆင်မြွက်ကြား
နေလေတော့ လူချဉ်စရာဖြစ်ကုန်ပါတယ်။ တကယ့်တကယ် ပြင်ဆင်သင့်တဲ့၊ဖြည့်စွက်သင့်တဲ့ ပုဒ်မတွေကိုကျတော့ အတိုက်အခံဖက်ကရော၊ အမျိုးသားရေးအင်အားစုနဲ့ အစိုးရဘက်တော်
သားတွေဆီကပါ လေသံသဲ့သဲ့တောင် မကြားရပါဘူး။
 

မြန်မာတစ်မျိုးသားလုံးရဲ့ လုံခြုံရေး၊ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ဒီဥပဒေကို တစ်စုံတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအားနည်းချက်ကို ထိုးနှက်တိုက်ခိုက်ဖို့သက်သက် အသုံးချနေတာကို တွေ့ရတော့
တော်တော်လေးကို စိတ်ပျက်မိပါတယ်။ အမျိုးသားရေးသမားတွေရဲ့ အဆင့်အတန်းဟာ ဒါပဲလားလို့
မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ရှေ့တန်းတင်ဟောပြောနေတဲ့
၉၆၉ သံဃာတွေ၊ မျိုးစောင့်အုပ်စုဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသားရေးသမားတွေ၊ တက်ကြွ
လှုပ်ရှားသူတွေဟာ ဒီဥပဒေကို နိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ချိန်ထိုးသုံးသပ်ပြီးမှ စင်ပေါ်တက်ဟောစေချင်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ခုအတိုင်းရှေ့ဆက်သွားနေမယ် ဆိုရင်တော့
 ခြံစည်းရိုးတစ်ခုလုံးပေါက်ပြဲနေတာကို ဖာထေးဖို့ မစဉ်းစားပဲ မုဒ်ဝကိုရွှေချပြီး အလှကြည့်နေ
သလိုပဲ ဖြစ်နေမှာပါ။

ပုဆိုးခေါင်းမြီးချုံ
လုံလှပြီထင်ရဲ့

အောက်စက ခါးမှာတင်။
သူ့ဖြစ်အင်
လေအ၀င် ရွှေဖင်မအေးခင်ပ
လူမမြင် တကိုယ်နွေးသည့်နှယ်
ရှက်ဖွယ်လိလိ။

ဘွရှင်

ပေါ်တင် ကလိသည်။(၆.၁.၂၁၀၄)

No comments:

Post a Comment