ကျနော်တို့က မင်းတို့လောက် ပညာမတတ်ကြဘူး။
ဒါပေမဲ့ မင်းတို့ထက် အမျိုးကို ပိုချစ်ကြတယ်လို့ ပြောတာကို ကြားဖူးတယ်။
ဒီစကားကို ဆန်းစစ်ကြည့်ရအောင်ပါ။
၁။ ပညာမတတ်လို့ သူ့ကိုယ်သူ သိမ်ငယ်စိတ် ဝင်နေပုံရတယ်။
၂။ ပညာတတ်အသိုင်းအဝိုင်းကို မျိုးချစ်စိတ်နဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်လိုက်ပုံရတယ်။
၃။ မင်းတို့ပညာတတ်အသိုင်းအဝိုင်းက အမျြိုးကို ငါတို့လောက် မချစ်လို့
ခေါင်းဆောင်နေရာကို မပေးနိုင်ဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပုံရတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်ထောင်စုစနစ်ကို ငြင်းပယ်ချင်လို့ ပြည်ထောင်စုစနစ်နဲ့
နီးစပ်တဲ့ ဒီမိုကရေစီစနစ်ကို ပယ်ဖျက်ပြီး အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့
ထူထောင်နေခဲ့သည်မှာ ဒီနေ့အထိပါပဲ။
အဖြေကတော့ ပြည်တွင်းစစ်ကို အသေအကျေတိုက်ကြရာ လက်နက်ကိုင်ဆောင်
သူများသာ ကြီးပွားကြပြီး ပြည်သူတို့ရဲ့ဘဝဟာ မြေဇာပင် ဖြစ်ခဲ့ရပါတယ်။
ပညာရေးလည်း ဘုံးဘုံးလဲခဲ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာကြီးအတွက် ကမ္ဘာ့ခေါင်းဆောင်ပညာရှင်အချို့ကို မြန်မာတို့က
မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ပထမမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ဦးသန့် ဖြစ်တယ်။ ကမ္ဘောဒီယားလူမျိုးတစ်ဦးနဲ့ တွေ့ရာ သူက ဦးသန့်ကြောင့်
ကမ္ဘောဒီယားနိုင်ငံ အဆင်ပြေခဲ့ပုံကို စားမြုံ့ပြန်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ကျူးဘားအရေးအခင်း၊ အာရပ်-အစ္စရေးစစ်ပွဲလို နိုင်ငံတကာအကြပ်အတည်းများကို ဦးဆောင်ပြီး ဖြေရှင်းနိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံပြဿနာကို သူက ဘာမှ မဖြေရှင်းနိုင်ခဲ့ပါ။
အဲဒီတုန်းက အာဏာရှင်ဦးနေဝင်းက ဦးသန့်ကို မခန့်လေးစားပြုခဲ့ပါတယ်။
သူ ဆုံးတဲ့အခါ သူ့ရုပ်အလောင်းကိုတောင် ထိုက်သင့်သလို လက်ခံခဲ့ခြင်းမရှိပါ။
အခု ဒီဘက်ခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘဲလ်ဆုရ မြန်မာလူမျိုးတစ်ဦးပါ။ ဘာပဲပြောပြော မြန်မာနိုင်ငံအတွက် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။
ဒါပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရော ဘုန်းတော်ကြီးအချို့ပါ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုဆက်ဆံနေကြသလဲ စဉ်းစားကြည့်ပါ။
အင်မတန်မှ ဝမ်းနည်းစရာ ကောင်းမနေဘူးလား။ နိုင်ငံရေးပြဿ .နာ တွေ ရှိနေပေမဲ့ ကမ္ဘာက လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးကို ရရှိထားခြင်းမှာ မြန်မာနိုင်ငံအတွက်
ဘယ်နေရာမှာမှ နစ်နာသွားစရာအကြောင်းမရှိဘူး။
ဒီလိုစဉ်းစားကြည့်မယ်။
ဦးသန့်လိုပုဂ္ဂိုလ်မျိုးကို အိမ်နီးချင်းနိုင်ငံတွေက မွေးမထုတ်နိုင်ခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည်လိုမျိုးကိုလည်း အိမ်နီးချင်းနိုင်ငံတွေက မပျိုးထောင်နိုင်ခဲ့ပါ။
ဒလိုင်လာမားဆိုတာ လူနည်းစုတိဗက်လူမျိုးဖြစ်လို့ ဟန်လူမျိုးမဟုတ်ပါ။
ဒီပုဂ္ဂိုလ်(၂)ဦးနဲ့ပဲ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်အစရှိတဲ့ အိမ်နီးချင်းတွေက မြန်မာတို့ကို မော့ကြည့်နေရမှာ ဖြစ်တယ်။
ဒီပုဂ္ဂိုလ်နှစ်ဦးကိုသာ ကောင်းကောင်းအသုံးချနိုင်ခဲ့ရင် မြန်မာနိုင်ငံဟာ
အိမ်နီးချင်းများကိုသာမက ကမ္ဘာ့နိုင်ငံရေးကိုတောင် လွှမ်းမိုးနိုင်တဲ့အနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးကို ဘယ်သူကမှ မချိုးနှိမ်ခဲ့ကြပါ။ မြန်မာမျုက်ကန်းများကသာ ကိုယ်မွေးထုတ်လိုက်တဲ့ ကျောက်ကောင်းတစ်ပွင့်ကို ကြေမွသွားအောင် ထုချေဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား အစရှိတဲ့
နိုင်ငံများသာ ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ကမ္ဘာကျော်ခေါင်းဆောင်များကို ရယူပိုင်ဆိုင်နိုင်ခဲ့ကြရင် နိုင်ငံတော်ပိတ်ရက်များ၊ တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ၊ ငွေဒင်္ဂါးများ၊
ဖောင်ဒေးရှင်များကို တသီကြီး ပုံနှိပ်ထူထောင်ဖွဲ့စည်းထားကြမှာ မုချပါပဲ။ မြန်မာနိုင်ငံမှာကျတော့ ပညာရှင်များကို ရန်သူလို့ သတ်မှတ်ထားကြတာ များလို့ အဆိုပါအမှတ်တရနေရာများမှာ တိရစ္ဆာန်ပုံများသာ မင်းမူလျက် ရှိနေပါတော့တယ်။
အမှန်မှာ ပညာရှင်တစ်ဦး ပေါ်ထွန်းခဲ့ရင် ယင်းပညာရှင်ကို ရန်ရှာနေမဲ့အစား
သူ့ပညာကို အသုံးချလို့ ရအောင် ကြိုးစားသင့်တယ်။ ပညာရှင်ဆိုတဲ့အတိုင်း
ပညာ့မာန်တော့ ရှိတတ်ကြတယ်။ ဒါပေမဲ့ အဲဒါတွေကို လျစ်လျူရှုပြီး သူတို့ဆီက
contributions တွေ ရအောင် ယူတတ်ကြရမှာဖြစ်တယ်။ တကယ်လို့ သူတို့ဆီက
လုပ်အားကို မရယူနိုင်ခဲ့ရင် တိုင်းပြည်အတွက် အများကြီး နစ်နာမှာကတော့
သေချာပါတယ်။
ဟုတ်တယ်။ ပညာတတ်တတ် မတတ်တတ် အမျိုးကို ချစ်တာကတော့ တကဏ္ဍပါ။
ပညာမဲ့တိုင်း အမျိုးကို မချစ်ကြသလို ပညာတတ်တိုင်းလည်း အမျိုးကို ပစ်ပယ်
သွားတာမဟုတ်ဘူး။ မနာလိုဝန်တိုစိတ်ကြီးခြင်း၊ စိတ်ကျရောဂါခံစားနေရခြင်းကြောင့်
ကြီးမြင့်သူများကို အကြောင်းမရှိဘဲ တိုက်ခိုက်နေခဲ့ရင် အကျိုးသိပ်မများလှဘူးလို့
ဆိုချင်ပါတယ်။
Ven Ravika
No comments:
Post a Comment