Wednesday, October 9, 2013

** အတ္တနောမတိများ ( ဖေမြင့် ) **



ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဆွေးနွေးပွဲများ ကျင်းပဖို့ လိုသည်။

ယခုတလောတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးနေသူများက လူထုထံ ချပြရမည်၊ ချပြရမည် စသဖြင့် ပြောဆိုနေကြသည်။ တကယ်ဆိုတော့ လူထုဆိုတာ ချပြစရာ မဟုတ်။


ဒီမိုကရေစီ နိုင်ငံရေးသမားတို့အနေနှင့် လူထုဆိုတာကို ရိုသေလေးစားအပ်သူများအဖြစ် သိမှတ် လက်ခံမည်ဆိုက “တင်ပြ”ဟုသာ သုံးသင့်၏။  စင်စစ်၊ လူတစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုက မိမိ၏ သဘောထားများ၊ စိတ်ကူးစိတ်သန်းများ၊ စဉ်းစားဆုံးဖြတ်ထားချက်များကို ပိုမို များပြားသော လူစု၊ သို့မဟုတ် လူအများ သိအောင် ပြောတာမှန်သမျှကို “တင်ပြ”ဟုပဲ သုံးနှုန်းသင့်၏။


ယခုတော့ ဘာလဲ၊ ချပြ။ သူ့ကိစ္စ လူအများကိုလည်း လာပြောနေသေး၊ ခင်ဗျားတို့ကို ကျုပ် (တို့)ထက် နိမ့်တယ်လို့ သဘောထား တယ်လည်း ပြောသေး။ အတော်ရိုင်းသော စကားဖြစ်ပါသည်။
ထားပါတော့၊ ဒါက အလျဉ်းသင့်၍ ပြောတာ ဖြစ်သည်။ ယခု ပြောချင်သည်က ဖွဲ့စည်းပုံနှင့် လူထုကိစ္စ ဖြစ်သည်။



ယခုအခါ ဖွဲ့စည်းပုံကိစ်္စ ပုံစံချနေကြသူတွေသည် လူထုကို သတိရလာကြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ပြီးသောအခါ ထုံးစံအတိုင်း ပြည်လုံးကျွတ် ဆန်္ဒခံယူပွဲ လုပ်ရစရာရှိသောကြောင့် ဖြစ်သည်။
လူထုဆန်္ဒမယူဘဲ လွှတ်တော်က ၇၅ ရာခိုင်နှုန်းကျော်နှင့် ပြင်နိုင်သော အချက်တွေလည်း ဖွဲ့စည်းပုံပြင်ဆင်ခြင်း အခန်းမှာ ဖော်ပြထားတာရှိသည်။ အဲသည်မှာလည်း စဉ်းစားစရာတွေ ရှိသည်။ လူထုကို မမေးဘဲ လွှတ်တော်က အများစုကြီးသဘောနှင့် ပြင်နိုင်သည့် အချက်တွေထဲမှာ အလွန်အရေးကြီးသော အရာတွေ အများကြီးပါနေသော ကြောင့် ဖြစ်သည်။
ဥပမာ၊ သမ်္မတသက်တမ်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၆၁ (ဂ)မှာ နိုင်ငံတော်သမ်္မတနှင့် ဒုတိယသမ်္မတများသည် ရာထူးသက်တမ်းနှစ်ကြိမ်ထက် ပို၍ ထမ်းဆောင်ခြင်း မပြုရဟု ပါရှိသည်။ အဲသည် ပြဋ္ဌာန်းချက်အရဆိုလျှင် ဘယ်လောက်သြဇာကြီးသော ပုဂ်္ဂိုလ်ဖြစ်စေ၊ မိမိကိုယ်ကို ရာသက်ပန် သမ်္မတဖြစ်အောင် စီမံ ဖန်တီးနိုင်မည် မဟုတ်တော့။ သို့သော်၊ အဲသည် ပြဋ္ဌာန်းချက်ကို လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားနိုင်သည့် သြဇာကြီးပါတီ၊ သြဇာကြီး ပုဂ်္ဂိုလ်တို့က မိမိတို့သဘော အလျောက် ရုပ်သိမ်း ပယ်ဖျက်ခွင့် ရှိနေသည်။
အဲသည်လို လုပ်ခဲ့သော် ဘာဖြစ်မည်နည်း။
ဒါလည်း အလျဉ်းသင့်၍ ပြောခြင်း ဖြစ်ပါသည်။
 

 ယခု၊ တကယ် ပြောချင်သည့် လူထုကိစ္စ။ လူထုသည် လောလောဆယ် စီမံ ဖန်တီးနိုင်သူတို့က ဖွဲ့စည်းပုံဆိုတာ ပြင်လာ ရေးလာပြီး ဆန်္ဒခံယူပွဲလုပ်သည့် အခါမှ ခေါင်းညိတ်ခေါင်းခါလုပ်တာထက် ကိုယ့်သဘော ကိုယ့်ဆန္ဒကို စောစောစီးစီး ပြောဖို့လို၏။                                                           

ဘာကြောင့်လဲ။
ဖွဲ့စည်းပုံ ပြင်ဆင်ချက်ဆိုတာကြီး ရောက်လာပြီး ဆန္ဒမဲပေးရသည့်အခါ အများ ထောက်ခံတော့ လည်း ရေးဆွဲသူတို့အတွက် အဆင်ပြေ၊ ဂုဏ်သရေရှိ။ မထောက်ခံ၍ ပျက်ပြယ်တော့လည်း နဂိုမူလ ဖွဲ့စည်းပုံပင် ဆက်လက် တည်ရှိတော့ လက်ငုတ်သမားတို့ နစ်နာစရာ မရှိ။ အဲ၊ အများကျေနပ်အောင် နာက်တစ်ကြိမ် ပြင်ပါဦးဆိုတော့လည်း ပထမ ပြင်ဆင်ချက်နှင့် မတိမ်းမယိမ်းဘဲ ထပ်လုပ်ဖို့ များသည်ပေါ့။
အဲဒါကြောင့်၊ ပြင်ဆင်ပြီးကာမှ ထောက်ခံ/ကန့်ကွက်ဖို့ စောင့်မနေဘဲ ကိုယ့်သဘောကိုယ် စောစော ပြောကြပါ၊ ကိုယ်တိုင် ပါဝင် ပြင်ဆင်ကြပါဟု ပြောရခြင်း ဖြစ်သည်။
ယခုဆိုလျှင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဦးစီး စီမံနေ သူတို့ကလည်း လူထုထံကပါ အကြံဉာဏ်တွေ တောင်းခံ နေသည်။
 

သည်အတွက် သူ့ဘက်ကတော့ အကျိုးအမြတ်နှစ်ခု သေချာနေပြီ။ တစ်ခုက လူထုကို တစ်စုံတစ်ရာ အသိအမှတ်ပြုရာရောက်သဖြင့် တာဝန်ကျေသည်ဟု ပြောနိုင်၏။
နောက်တစ်ခုက ဆန်္ဒခံယူပွဲလုပ်သည့်အခါ၊ အများ ပြည်သူ၏ အကြံပြုချက်များနှင့်အညီ၊ သို့မဟုတ် အများ ပြည်သူ၏ အကြံပြုချက်များကိုပါ အလေးအနက် စဉ်းစား၍ ပြင်ဆင်ထားခြင်း ဖြစ်ပါသည်၊ ထို့ကြောင့် လူထုက မိမိတို့ ပါဝင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို လက်ခံ အတည်ပြု ပေးကြပါဟု ပြောဆိုနိုင်မည်။
သို့သော်၊ တကယ် လက်တွေ့တွင် လူထုပေးသည့် အကြံဉဏ်ကို ဘယ်လောက် လက်ခံ စဉ်းစားခဲ့သလဲ သိနိုင်ဖို့ ခက်သည်။
သည်အချိန်အခါမှာ လူထုက ဖွဲ့စည်းပုံထဲမှာ ဘယ်အချက်တွေကို ဘယ်သို့ ပြင်ဆင် ရေးဆွဲရန် မိမိတို့ လိုလားကြောင်း တိတိကျကျ ထုတ်ဖော် ကြေညာဖို့ လိုသည်။ အဲဒါမှသာ နောင်တစ်နေ့ ဖွဲ့စည်းပုံပြင်ဆင်ချက်ကို ဆန်္ဒခံယူပွဲလုပ်သည့်အခါ လူထုက မိမိတို့ လိုလားချက်များနှင့် ဘယ်ဟာတွေ ညီညွတ်၍ ဘယ်ဟာတွေ မညီညွတ်ကြောင်း စိစစ် ပြောဆိုကာ ထောက်ခံခြင်း ကန့်ကွက်ခြင်းတို့ကို ပို၍ တိကျ သေချာစွာ လုပ်နိုင်ကြမည် ဖြစ်သည်။
သည်အတွက် လူထုတွင်းက နိုးကြားတက်ကြွသူတို့က နီးစပ်တူညီရာ စုစည်းကာ၊ ထို့နောက် ပို၍ ကျယ်ပြန့်စွာ ဖိတ်ကြားကာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးပွဲများ ပြုလုပ်ဖို့ လိုသည်။ အဲသည်လို ဆွေးနွေးပွဲတွေ များများ ရှိလာမှ လူထုတွေ ဘာသိသလဲဟု စွပ်စွဲ နှိမ်ချ ပြောဆိုခံနေရခြင်းက လွတ်မြောက်လာမည်။


အဲသည် ဆွေးနွေးပွဲတွေ များများ ရှိလာသည့်အခါ လူထုသည်၊....
ဖွဲ့စည်းပုံဆိုတာ ငါတို့နဲ့ အစိုးရလုပ်မည့်သူများအကြား စာချုပ်ချုပ်တာပဲဟု သဘောပေါက်လာမည်။
သည်လို အရေးကြီးသော စာချုပ်ကို မဖတ်ရှု မစဉ်းစားဘဲ လက်မှတ်ထိုးလိုက်လျှင် ချစ်တီးထံမှာ လယ်ပေါင်စာချုပ်ကို လက်မှတ် ထိုးပေးခဲ့ကြသလို ဖြစ်လိမ့်မည်၊ စာချုပ်မှာ ဘာတွေ ရေးထားသလဲ ငါ သိမှ ဖြစ်မည်၊ စသဖြင့် သဘောပေါက်လာမည်။


အဲသည်အခါ လူထုသည်၊
နိုင်ငံ၏ အကြီးအကဲဟု ဆိုသော သမ်္မတကို ဟိုကိုယ်စားလှယ် သည်ကိုယ်စားလှယ်တွေက ရွေးတာထက် ငါတို့ကိုယ်တိုင်က မဲပေး ရွေးချယ်ရရင် မကောင်းဘူးလား ဟု စဉ်းစားလိမ့်မည်၊ ပြောလိမ့်မည်။
အဲသလိုပါပဲ။ ဆက်စဉ်းစားလျှင် ... တပ်မတော်သား ကိုယ်စားလှယ်များကိစ္စ။
မိမိတို့ မရွေးချယ်ဘဲ ကိုယ်စားလှယ် ဖြစ်နေသည့် ကိစ်္စကို ဘယ်လို လုပ်ကြမည်လဲ လူထု စဉ်းစားလိမ့်မည်။ လူထုသည်လည်း သူ့အတွေ့အကြုံ သူ့ဗဟုသုတ သူ့ ဉာဏ် ပညာနှင့်သူရှိသောကြောင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ အဲသည် ကိုယ်စားလှယ်မျိုး ရှိသင့် မရှိသင့်၊ ရှိလျှင် ဘယ်လောက် ရှိသင့်သလဲ ချင့်ချိန်လိမ့်မည်၊ ပြောလိမ့်မည်။ လူထုက အဲသည်လို ပြောလာဆိုလာ လှုပ်ရှား ဆောင်ရွက်လာလျှင် လူထု ကိုယ်စားလှယ် လုပ်လိုသော နိုင်ငံရေးသမားတို့ လူထုကို မလွဲမသွေ အလေးထား လာရလိမ့်မည်။ အဲသည်ခါ လူထုကို ပုံစံချဖို့ထက် လူထုသဘော ဆန္ဒကို နားထောင်မှတ်သားဖို့ သတိထားလာကြမည်။ အဲသည်အခါမှသာ ဒီမိုကရေစီ (လူထုအုပ်စိုးမှု) စနစ်ဆီသို့ နီးစပ်လာမည်။

ယနေ့ ရှေ့တန်းရောက်လာသော ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ်္စသည် လူထုအား မိမိတို့ မူလပိုင်ဆိုင် သည့် နိုင်ငံတော် အာဏာနှင့် ပြန်လည် နီးစပ်အောင် ပို့ဆောင်ပေးလျက် ရှိသည်။ လူထုသည် သူများ ပြောကာမှ ခေါင်းညိတ် ခေါင်းခါတာထက် မိမိသဘောကို ပြတ်သားပီပြင်စွာ ပြောဆို ကြေညာဖို့ အချိန်အခါ ကျရောက်နေပေပြီ။
 
ဖေမြင့်
၇-၁၀-၂၀၁၃
ပြည်သူ့ခေတ်

No comments:

Post a Comment