(၁)
ရှေ့နေမဟုတ်တဲ့ ဥပဒေပညာ ရှင်တစ်ယောက်ကို ကျောင်းသားဘဝ ကတည်းက
ကြားဖူးပေမယ့် သူ ပင်စင်ယူတဲ့အချိန်ကျမှ လူချင်းတွေ့ ဖူးပါတယ်။ ဒါနဲ့
ကိုယ့်စိတ်ထဲမှာ တော်တော် မရှင်းမရှင်း
ဖြစ်နေတဲ့ကိစ္စကို မေးကြည့်တယ်။ အခု
တွေ့တွေ့နေရတဲ့ ဥပဒေကြမ်းတွေကို ဝေဖန်ကြ၊
ဆွေးနွေးကြတာတွေ ကြား ရတော့
ခပ်ရိုင်းရိုင်းပြောရရင် မူလဆွဲ တဲ့သူတွေက အားနည်းလို့လား၊
ဝေဖန်ဆွေးနွေးနေတဲ့သူတွေကပဲ သိပ် တော်နေသလားလို့။ အခုရက်ပိုင်းမှာ ပါ ထပ်ဆုံကြရင် ''ဝေဖန်တာတွေကို၊ ထပ်ဝေဖန်တာတွေကိုက ပိုတော်နေ သလား''လို့ မေးဖြစ်မယ်ထင်ပါတယ်။
သူကတော့ ''ဥပဒေကြမ်းတွေ ထွက်လာတဲ့အချိန်မှာ မူလရေးဆွဲတဲ့ သူကတောင်
သိပ်ပြီး အားရကျေနပ် သူ ရှိတာမဟုတ်ဘူး'' တဲ့။ မှန်ပါ တယ်။
အချိန်ကာလပြောင်း၊ အခြေ အနေပြောင်း၊ ရှုမြင်ပုံရှုမြင်နည်းတွေ
ပြောင်းသွားတဲ့အခါ ပြင်စရာတွေ၊ ပြောင်းစရာတွေ ဖြစ်လာတာပါ။
(၂)
ကျွန်တော်တို့မိတ်ဆွေ ကာတွန်း ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတစ်ခု ကို ဒီရက်ပိုင်းမှာ တွေ့ရပါတယ်။ ကာ တွန်းက ခဲတံလေးတစ်ခုအကြောင်းပါ။
ခဲဖျက်က မှားရင် ဖျက်ပေးမယ်နော်လို့ ပြောတော့ ခဲတံက ငါ ဘယ် တော့မှ
မမှားဘူးတဲ့။ ချွန်စက်က ချွန်ပေးမယ်ဆို တော့လည်း ငါ ငတုံးမဟုတ်ဘူးကွ တဲ့။
ဖောင်တိန်က မြင်သာအောင် နောက်ကလိုက်ပေးမယ်ဆိုတော့ ငါ့ ဘာသာပေါ်လွင်ပြီးသား တဲ့။
ပေတံက ဖြောင့်တန်းအောင် ကူညီမယ်ဆိုတော့ ဘယ်သူ့အကူအညီ မှ မလိုဘူး တဲ့။
နောက်ဆုံးတစ်ကွက်မှာ ကျတော့ ခဲတံလေးက ''ဟူး... တော် ပါသေးရဲ့။ အထဲမှာ အဆန်မရှိတာ မရိပ်မိကြလို့'' တဲ့။
၂ဝ၁၃ သြဂုတ်လထုတ် အိုင်ဒီ ယာမဂ္ဂဇင်းမှာပါတဲ့ ကာတွန်းလို့ သိရပါတယ်။
(၃)
ဒီကာတွန်းလေးကို ကြိုက်နှစ် သက်တဲ့သူတွေ ထောင်ချီပြီး ရှိကြပါတယ်။
ကျွန်တော်လည်း တစ် ယောက်အပါအဝင်ပေါ့လေ။ လူတွေ ဟာ ကိုယ်ပြောချင်ပေမယ့် မပြော
တတ်တာကို တစ်ယောက်ယောက်က (စာရေးဆရာဖြစ်မယ်။ ဟောပြောတဲ့ သူဖြစ်မယ်။ အခုလို
ကာတွန်းဆရာ လို့ အများသတ်မှတ်ခြင်းခံရတဲ့ ပြည် သူ့ရေးရာ
မူဝါဒပညာရှင်လည်းဖြစ် မယ်။)ကပြောပေးရင် ဝိုင်းပြီး သြဘာ ပေးတတ်ကြတယ်။
ပြောချင်တာက ''ဟန်ပဲရှိတယ်၊ အဆန်မရှိဘူး'' လို့ထင်ပါရဲ့။
ကျွန်တော်ကတော့ ခဲတံကို နှစ် ပိုင်းခွဲမြင်တယ်။
ပထမတစ်ပိုင်းက အများနဲ့ ဆက်ဆံရေး၊ သူ့ကိုလာပြီး ကူညီမယ် ဆိုတာတွေကို
ငြင်းတယ်။ တကယ်လို့ လာကူညီမယ်ဆိုတဲ့သူတွေကို လက်ခံ ပြီး တကယ်တမ်းကျ
တလွဲတချော် တွေ လုပ်နေရမယ်ဆိုရင် အဲဒီခဲတံက ပိုပြီး မညစ်ပတ်ဘူးလား။ ဒုက္ခ
မရောက်ဘူးလား။ အခုတော့ ခဲတံက လက်မခံရုံပဲ လက်မခံတာလေ။
နောက်တစ်ခုက သူ့ကိုယ်သူ 'အဆန်' မရှိတာ သူများတွေကသာ မရိပ်မိတာ။
သူ့ကိုယ်သူတော့ အသိ သားတဲ့။ သူ့ကိုယ်သူသိတာတော့ အတော်တော်လှတယ်လို့
ထင်တာပါ။
ကျွန်တော်တို့ကရော ကျွန်တော် တို့ကိုယ်ကျွန်တော်တို့
အဆန်ရှိတယ် လို့ထင်ပါသလား။ သူများတွေကရော ကျွန်တော်တို့ အဆန်ရှိတာ၊ မရှိတာ
ကို သိကြသလား။
ခဲဖျက်တို့၊ ချွန်စက်တို့၊ ပေတံတို့ က
စေတနာကောင်းကောင်းနဲ့ အကူ အညီပေးချင်ကြပေမယ့် အကူအညီ ယူမယ့်သူ
လက်မခံနိုင်တာ၊ လက် မခံချင်တာကို သိကြသလား။
နောက်ဆုံးမေးခွန်းတစ်ခုက တော့ ချွန်စက်တို့၊ ခဲဖျက်တို့၊ ပေတံ တို့ကရော
သူတို့တာဝန်ကို သူတို့ တကယ်တမ်း ပီပီပြင်ပြင်ထမ်းဆောင် နိုင်တဲ့အခြေအနေနဲ့
အရည်အချင်း ရှိကြရဲ့လားဆိုတာပါပဲ။
ခင်မောင်ညို (ဘောဂဗေဒ)
၁-၉-၂ဝ၁၃
မူရင်းလင့်ပါခင်ဗျ.....
No comments:
Post a Comment