Thursday, October 17, 2013

လွှတ်တော်နိုင်ငံရေးနှင့် လုံးပါးပါးလာသော အတိုက်အခံ

အောက်တိုဘာ ဒုတိယပတ် အတွင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်


အတိုက်အခံများသည် အာဏာရ ပါတီကဲ့သို့ အစိုးရကဲ့သို့ ပြုမူပြောဆိုမှုများကို အထူးဆင်ခြင် သင့်သည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင် အစိုးရသည် အစိုးရ၊ အာဏာပိုင်သည် အာဏာပိုင်၊ အတိုက်အခံသည် အတိုက်အခံပင် ဖြစ်သည်။ အတိုက်အခံများသည် အာဏာရပါတီနှင့် ပလူးပလဲ လုပ်လျှင်သော် လည်းကောင်း၊ အတိုက်အခံများသည် အစိုးရကဲ့သို့ ပြုမူ၊ ပြောဆိုလာလျှင်သော် လည်းကောင်း၊ ပြည်သူလူ ထုနှင့် သတင်းမီဒီယာများအနေဖြင့် အတိုက်အခံ ပျောက်ဆုံးပြီဟု ခံစားလာရ တတ်သည်။ ထို့ကြောင့်   မြန်မာ့နိုင်ငံရေး ၀န်းကျင်တွင်လည်း အတိုက်အခံများသည် အာဏာပိုင်များနှင့် တတ်နိုင်သမျှ စည်းခြား ရပ်တည်နိုင်ရန် လိုအပ်သည်။ အတိုက်အခံ အားမကောင်းသော နိုင်ငံရေး ၀န်းကျင်တွင် အတိုက်အခံကို အားကောင်းလာအောင် တည်ဆောက်ရမည်မှာ ဒီမိုကရက်တစ် စနစ်ကို ထူထောင်လိုသော အတိုက် အခံ နိုင်ငံရေး ပါတီများတွင် သာမက အာဏာပိုင်များနှင့် အာဏာရ ပါတီတွင်လည်း တာဝန်ရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး သို့မဟုတ် ယုံကြည်မှု တည်ဆောက်ရေးကို အကြောင်းပြုလျက် အတိုက်အခံများသည် အာဏာရပါတီ၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ရသည့် အခြေ အနေများရှိတတ်သည်မှာ သဘာဝဖြစ်သည်။ သို့သော် အတိုက်အခံ များအနေဖြင့် မိမိ၏ အတိုက်အခံဟူသော နိုင်ငံရေးဆိုင်းဘုတ် ကို ပြုတ်ကျစေလောက်သည်အထိ အစိုးရ၊ အာဏာရပါတီတို့နှင့် အလွန်အကျွံလုံးထွေးမသွားစေရန် သတိချပ်သင့်သည်။ 


ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနှင့် ပါတီခေါင်းဆောင်များသည် အာဏာပိုင်များနှင့် ဆက်ဆံရာတွင် ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူမှုရှိရှိ၊ အသိ   ပေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့တွင် အတိုက်အခံသည် မရှိမဖြစ် နိုင်ငံရေးမင်းသား ဖြစ်သည်။ 

လက်ရှိ လွှတ်တော်ထဲတွင် အတိုက်အခံမရှိ သို့မဟုတ် အတိုက်အခံ အားမကောင်းသည်ကို မည်သို့မည်ပုံ ပြုပြင်သင့်ကြောင်း၊ စီမံချက် ချမှတ်ပုံဖော်သင့်ပြီး ရေတို၊ ရေရှည် စီမံချက်ကို ကိုင်လျက် နိုင်ငံရေးအရ ကတုံးပေါ် ထိပ်ကွက်မည့်သူများကို ခေါင်းမထောင်နိုင် အောင် ပြုလုပ်သင့် သည်။ 

အတိုက်အခံ နိုင်ငံရေးသည် လုံးပါးပါး သွားမည်ဆိုလျှင် ပါတီစုံ ဒီမိုကရေစီ၏ အသွင်ရုပ်ကိုလည်း ထိခိုက်စေနိုင်သည်။

 မြန်မာ့နိုင်ငံရေးတွင် ဒီချုပ်နှင့်ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် အတိုက်အခံ နိုင်ငံရေး လမ်းပေါ်၌ အားကောင်းမောင်းသန် ရပ်တည်နိုင်ရန် အလားအလာကောင်းများ ရှိနေသည့်အလျောက် 
 မဖြစ်မနေ အတိုက်အခံအဖြစ် ရပ်တည်နိုင်ရန် အားထုတ်သင့်သည်။ 

သို့မှသာ မြန်မာ့နိုင်ငံရေးသည် ပြည်သူလူထု၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများအတွက် ရင်ခုန်စရာများ ပြည့်နှက်နေသည့် ခေတ်ပြိုင်အခင်းအကျင်းတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။ အတိုက် အခံနိုင်ငံရေး လုံးပါးပါးမလာစေရန် ၀ိုင်းဝန်းထိန်းသိမ်း ကြရမည်မှာ တာဝန်သိသော၊ ပွင့်လင်း   သော နိုင်ငံရေးဖြစ်တည်မှု၏ တွန်းအားပင် ဖြစ်သည်။ 

Eleven Journal ပါ  ဒေါက်တာရန်မျိုးသိမ်း ရေးသော လွှတ်တော်နိုင်ငံရေးနှင့် လုံးပါးပါးလာသော အတိုက်အခံ မှ ကောက်နှုတ်ချက်

No comments:

Post a Comment