Thursday, October 17, 2013

တရားဥပဒေ စိုးမိုးရေး

         ပြစ်မှုတစ်ခု ကျူးလွန်ခြင်းအတွက် တစ်စုံတစ်ဦးအား အရေးယူသည်ဆိုလျှင် အလားတူ  ပြစ်မှုကျူး လွန်သည့် အခြားမည်သူကိုမဆို ထိရောက်စွာ အရေးယူရန် လိုအပ်သည်။ မည်သည့်ပြစ်မှု မျိုးကိုမဆို ကျူးလွန်သူသည် မည်သူဖြစ်စေ အမှုမှန် ဖော်ထုတ်လျက် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန် လိုအပ်သည်။

    ကျူးလွန်သူအချို့ အရေးယူ ခံရချိန်တွင် အလားတူပြစ်မှု ကျူးလွန်သူများ အရေးယူခံရမှုမှ လွတ်မြောက်နေမည်ဆိုလျှင် တရားမျှတမှုအတွက် မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မည်။

           တရားဥပဒေ စိုးမိုးရေးတွင် အမှုတစ်ခု၌ ပြဿနာ အရင်းအမြစ်အထိ သွားရန်လိုအပ်သည်။   ချောင်းဆိုး၍ ချောင်းဆိုးပျောက်ဆေး ပေးရုံနှင့် ပြဿနာ ပြီးသွားမည် မဟုတ်။ "ဘာကြောင့် ချောင်းဆိုးသလဲ" ဟူသည့် အရင်းအမြစ်သို့သွားရန် လိုအပ်သည်။ တီဘီကြောင့် ချောင်းဆိုးသည်ဆိုလျှင် တီဘီရောဂါကို အမြစ်ပြတ်ကုသရန် လိုအပ်သည်။ "ဗုံးပေါက်ကွဲမှုများ ဘာကြောင့်ဖြစ်ပေါ် ရသလဲ" ဟူသည့် ပြဿနာ အရင်းအမြစ်ထိ သွားရန်လိုအပ်သည်။ တရားခံ အစစ်အမှန်ကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရန် လိုအပ်သကဲ့သို့ နောက်ကွယ်မှ ကြိုးကိုင်သူများကိုပါ အမိအရ ဖော်ထုတ်ရန် လိုအပ်သည်။ ယင်းနောက် "အဘယ့်ကြောင့် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နေရသနည်း" ဟူသည့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းရန် လိုအပ်သည်။

သို့ဖြစ်ပါ၍ ဥပဒေသည် ကျောသားရင်သား မခွဲခြားဘဲ ပြစ်မှုကျူးလွန်သူ မှန်သမျှကို ထိရောက်စွာ အရေးယူရန် လိုအပ်သကဲ့သို့ တရားခံ အစစ်မှန်ကို အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအပြင် နောက်ကွယ်မှ ကြိုးကိုင်သူများကိုပါ ဖော်ထုတ်လျက် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းနိုင်ရန် လိုအပ်ပါကြောင်း။

No comments:

Post a Comment