မေး - လကို မရောက်နိုင်ပုံ ဥပမာပြုပြီး ဟောထားတဲ့ တရားတော်တွေ နာယူဖူးပါတယ်ဘုရား၊ ယခုခေတ်မှာ လကို ဂြိုဟ်တုတွေ ဒုံးပျံတွေနဲ့ သွားနိုင်ကြတယ်လို့ ဆိုပါတယ်ဘုရား၊ ဒီလို ကွဲလွဲချက်ကို ဘာသာခြား ပုဂ္ဂိုလ်တစ်ဦးဦးက ထောက်ပြမေးမြန်းလာရင် ဘယ်လိုအဖြေ ပေးသင့်ပါသလဲဘုရား။
ဖြေ - ဗုဒ္ဓကျမ်းစာအရ ''လ''ဆိုသည်မှာ လနတ်သား၏ ဗိမာန်တစ်ခုမျှသာဖြစ်သည်။ မရောက်နိုင်ဟု ယတိကျပြော၍မရ။ ငါးရာငါးဆယ်ဇာတ်တော်မှာ လူသားကိုယ်တိုင် နတ်ပြည် ရောက်ကြောင်း ဖော်ပြသော ဇာတ်များရှိသည်။ မဃလုလင်၏ဇနီး သုဇာတာဘဝမှ ဖြစ်လာသည့် ဗျိုင်းမသည်ပင် တာဝတိံသာနတ်ပြည်သို့ ပင်ရောက်ဖူးသည်။ ထို့ပြင် ဣဒ္ဓိဝိဓအဘိညာဉ်အခန်းမှာ အရှိန်အဝါကြီးမားတဲ့ 'လ'တွေ'နေ'တွေကိုပင် လက်နဲ့ထိကိုင်နိုင်င်တယ်လို့ဆိုတာဖြစ်လို့ ရုပ်ဝတ္ထု တစ်ခုမျှသာဖြစ်တဲ့ 'လ'အပေါ်( ပိဋကတ်စာပေအရ) ရောက်နိုင်တယ်ဟုပင် ယူဆနိုင်တယ်။ မရောက်နိုင် ဟု ယူဆသူများမှာမူ သာမန်ပုဂ္ဂိုလ်တွေ မရောက်နိုင်ခြင်းမျှကိုသာ ရည်ညွန်းပြောဆိုခြင်းသာ ဖြစ်ပါလိမ့်မည်။
========================================================
မေး - အရှင်ဘုရား
ရိုသေစွာ လျှောက်ထားအပ်ပါသည်၊ ''ရဲဘော်မသေ သေသော် ငရဲမလား'' ဆောင်ပုဒ်
အတိုင်း စစ်သားများသေပြီးနောက် ငရဲကျမကျ သိလိုပါတယ် အရှင်ဘုရား။
ဖြေ - ''ရဲဘော်မသေ သေသော်ငရဲမလား'' ဆိုသည်မှာ စိတ်ဓာတ်စစ်ဆင်မှုနှင့် သူရသတ္တိကို ချီးမွမ်းမှုသာ ဖြစ်သည်။ စစ်သားများ သေပြီးနောက် ငရဲကျမကျ အတိအကျ ပြောလို့မရ။ ထိုပုဂ္ဂိုလ်ရဲ့ ကံနဲ့သာ သက်ဆိုင်သည်။

မေး - ဆရာတော်ဘုရား
စာကိုတစ်ခါမှ မပို့ဘူးသည့်အတွက်ကြောင့် အမှားပါလျှင် ခွင့်လွှတ်
စေချင်ပါသည်ဘုရား၊ တပည့်တော်သိလိုသည့် အကြောင်းအရာမှာ ကောသလမင်းကြီးရဲ့
မိဖုရားကြီး အမည်ကလည်း မလ္လိကာ၊ သူ့ရဲ့သူငယ်ချင်း မဟာဗန္ဓလစစ်သူကြီးရဲ့
မိဖုရားကြီးအမည်ကလည်း မလ္လိကာ ဖြစ်နေသည့် အတွက်ကြောင့်တစ်ယောက်တည်းလား
တစ်ဦးစီလား သိလိုပါသည်ဘုရား။ စာက စရိုက်စဖြစ်သည့် အတွက်ကြောင့် ပြင်ဆင်ပြီး
ဖတ်စေလိုပါသည်ဘုရား။
ဖြေ - ကောသလမင်းကြီး မိဖုရားက ပန်းဥယျာဉ် စိုက်ပျိုးသူ၏ သမီးဖြစ်သည်။ အမည်မှာ မလ္လိကာ။ ဗန္ဓလစစ်သူကြီးကတော်က မလ္လလူမျိုးဖြစ်၍ မလ္လတိုင်းမှ ရောက်လာသည်။ ဗန္ဓလ စစ်သူကြီးကလည်း မလ္လလူမျိုးဖြစ်သည်။ ဗန္ဓလစစ်သူကြီးကတော် မလ္လမင်းသမီးမှာ မဟာလတာ တန်ဆာ ဝတ်ဆင်နိုင်သူ ဖြစ်သည်။ သို့ဖြစ်၍ အမည်တူသော်လည်း လူချင်းမတူပါ။

မေး - ဦးစွာပထမ အရှင်ဘုရားကို ဦးတိုက်ကန်တော့ပါ၏အရှင်ဘုရား၊ တပည့်တော်
သိချင်တာလေး ရှိပါတယ်၊ စကြာဝဠာကြီးမှာ တပည့်တော်တို့လို လူသားတွေနေထိုင်တဲ့
ကမ္ဘာကြီးက တစ်လုံးပဲရှိတာလား ဘုရား၊ နောက်ပြီး မြောက်ကျွန်းဆိုတာကကော
ဘယ်လိုမျိုးလဲဘုရား၊ မြတ်စွာ ဘုရားက စကြာဝဠာ တိုက် တစ်သောင်းလို့
ဟောတော်မူခဲ့ပါတယ်၊ အဲဒီအထဲမှာ တပည့်တော်တို့လို ကမ္ဘာမျိုးက တစ်လုံးပဲ
ရှိတာ လား ဘုရား၊ တပည့်တော်က လူငယ်ပါဘုရား၊ သိလိုတာလေးကို ဖြေပေးတော်မူပါ။
ဖြေ - စကြာဝဠာနှင့် ပတ်သတ်၍ အင်္ဂုတ္တရ်နိကာယ်မှာ စူဠနိကာသုတ်ဆိုတာပါရှိသည်။မြတ်စွာဘုရားက စက္ကဝါဠ(စကြာဝဠာ) ဆိုတဲ့စကားလုံးကို မသုံးဘူး။ လောကဓာတုဆိုတဲ့ အသုံးနဲ့ ဟောတယ်။ လနှင့်နေ အရောင်လင်းရာ ဧရိယာကြီး တစ်ခုကို လောကဓာတုတစ်ခုဟုခေါ်သည်။ (စကြာဝဠာ တစ်ခုဟုလည်းခေါ်နိုင်သည်။) စကြာဝဠာတစ်ခုမှာ နေတစ်စင်း၊ လတစ်စင်း၊ မြင့်မိုရ်တောင် တစ်တောင် ၊ကျွန်းကြီး လေးကျွန်း၊ သမုဒ္ဒရာလေးစင်း ၊နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာပြည်တို့ပါရှိသည်။ အဲ့ဒီလို အမျိုးအစား တစ်ထောင် အရေအတွက်ကို စူဠနိကာ လောကဓာတ် တစ်ခုဟု သတ်မှတ်သည်။
ဒီသုတ်ကိုထောက်ရှုလျှင် စကြာဝဠာတစ်ခုတိုင်းမှာ ကမ္ဘာဂြိုလ်တစ်လုံးရှိသည်ဟု မှတ်ရမည်။ ကမ္ဘာ့ဝင်ရိုးစွန်းကြီး၏ အရှေ့ဘက်ကအရှေ့ကျွန်း၊ တောင်ဘက်က တောင်ကျွန်း၊ အနောက်ဘက်က အနောက်ကျွန်း၊ မြောက်ဘက်က မြောက်ကျွန်းဟု ခေါ်သည်။ စကြာဝဠာ အနန္တရှိသည်ဟု မှတ်ရမည်။ စကြာဝဠာတိုက်တစ်သောင်းဆိုတာ ဓမ္မစကြာတရားအဆုံး တပြိုင်နက်တုန်ခါသွားသော စကြာဝဠာ အရေအတွက်ကိုပြောတာဖြစ်သည်။ မြတ်စွာဘုရား၏ ပရိတ်တရားတော်ကို စကြာဝဠာ ကုဋေ တစ်သိန်းရှိ နတ်ဗြဟ္မာတွေက လက်ခံယုံကြည်ကြသည်။
======================================================
မေး - ဆရာတော် အဘိဓမ္မာသိပ္ဗံကို အဝေးသင် တက်လို့ရသည်ဟုကြားသိရပါသည်။ တပည့်တော် တက်လိုပါသည်။ ညွှန်ကြားတော်မူပါ။
ဖြေ - အဝေးသင်တက်လို့ရသည်။ ရန်ကုန်ကမ္ဘာအေး အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာတက္ကသိုလ်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်ပါ။
ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဖြေကြားတော်မူသည်။
http://www.drnandamalabhivamsa.com.mm/
ဖြေ - အဝေးသင်တက်လို့ရသည်။ ရန်ကုန်ကမ္ဘာအေး အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာတက္ကသိုလ်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်ပါ။
ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဖြေကြားတော်မူသည်။
http://www.drnandamalabhivamsa.com.mm/
No comments:
Post a Comment