မကြာသေးမီက
အင်းစိန်ဘက်သို့သွားရန် အကြောင်းပေါ်လာသဖြင့် မြို့တော်ခန်းမရှေ့မှ အမှတ် ၄၅ဘတ်စ်
ကားကိုစီးခဲ့သည်။ နေ့ခင်းအချိန့်ဖြစ်သောကြောင့် လူအနည်းငယ်ပါးသဖြင့်
ထိုင်ခုံတွေလွတ်နေသည်။ ခရီးဆုံး လောက်စီးရမည်ဖြစ်သဖြင့်
နောက်ဆုံးခုံတွင်သွားထိုင်ကာ အေးအေးဆေးဆေး ဂျာနယ်လေး ဖတ်ပြီး လိုက်ခဲ့သည်။
စံပြမှတ်တိုင်အရောက်တွင် ကျောင်းသားအရွယ် ကောင်လေးတစ်ယောက်နှင့်
ကောင်မလေးတစ်ယောက် တက်လာပြီး ကျွန်တော်ထိုင်သည့် ထိုင်ခုံရှေ့တည့်တည့်
နှစ်ယောက်ထိုင်ခုံတွင် နေရာယူလိုက်ကြ သည်။ မြေနီကုန်းလောက်ရောက်ကတည်းက
တစ်ယောက်နှင့်တစ်ယောက် ဖက်လိုက်၊ ဆံပင်တွေ ပွတ်သပ် လိုက်လုပ်နေရာက ပြောရမှာ
အားနာပါရဲ့ ဖက်နမ်းသည့်အဆင့်တွေဖြစ်ကုန်ကြသည်။ ဖက်နမ်းသည်မှ ရိုးရိုးမဟုတ်
နိုင်ငံခြား ဗီဒီယိုကားတွေထဲ ကလိုဖြစ်လာသဖြင့် ကျွန်တော့်မှာ ယိုသူမရှက်
မြင်သူရှက်ဖြစ်ပြီး ဒရိုင်ဘာနောက်အထိ ထပြေးခဲ့ရသည်။
ကျွန်တော်သည်
ခေတ်အနေနှင့်ဆိုလျှင် အဘိုးကြီးတစ်ယောက်ဟု ဆိုနိုင်သည့် အရွယ်ရောက်နေပါပြီ။
ဘတ်စ်ကားဆင်းလျှင်ပင် စပယ်ယာများက သက်ကြီးပိုင်းတစ်ယောက် ပါတယ်ဟု
အော်လေ့ရှိသဖြင့် ကိုယ့်ကိုယ်ကိုယ်ခုမှ အရွယ်ရနေပြီဖြစ်ကြောင်း
သတိထားမိလိုက်သည်။ ထို့ကြောင့်ပင် အဘိုးကြီး တစ်ယောက်
ဂရုစိုက်စရာမလိုပါဘူးဆိုသည့် သဘောဖြင့် လုပ်ချင်တိုင်း လုပ်ပြနေသည်ကို
မပြောသာ၊ မမြင်ဝံ့သည့် ကျွန်တော်ကသာ ရှောင်ခဲ့ရပါသည်။
တစ်လောက
တက္ကစီ တစ်စီးနှင့် ခရီးတစ်ခုသွားဖူးသည်။ တက္ကစီပေါ်တွင် “ကားပေါ်တွင်
စုံတွဲများ မဖွယ်မရာ လုပ်လျှင် မောင်းချခြင်းခံရမည်” ဆိုသည့်စာတန်းကို
ထင်ရှားစွာမြင်သာသည့်နေရာတွင် ကပ်ထားသည်။ ကျွန်တော်က တက္ကစီမောင်း သည့်
ကျွန်တော်နှင့် ရွယ်တူခန့်ရှိမည် ထင်သောသူကို “ခင်ဗျား ဘယ်နှစ်ယောက်လောက်
မောင်းချပြီးပြီလဲ” ဟု မေးလိုက်သော အခါစာကပ်ထားသဖြင့် ယနေ့အထိ
မောင်း ချထားခြင်း မရှိသေးကြောင်း၊ စာမကပ်ထားစဉ်က အမြင်မတော်လုပ်မှုများနှင့်
ကြုံတွေ့ခဲ့ရသောကြောင့် ဤစာကို ကပ်ထားရခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“သူတို့က တက္ကစီကို
ပိုက်ဆံပေးစီးတာပဲဆိုပြီး ကျွန်တော်တို့ကို လူလို့တောင် သတ်မှတ်ကြတော့တာ
မဟုတ်ဘူး။ တက္ကစီကို လုပ်ချင်တိုင်းလုပ်လို့ ရတဲ့နေရာထင်ပြီး
ဗြောင်ကျကျရမ်းကားတာကိုတော့ လက် မခံနိုင်ဘူး” ဟုတက္ကစီဆရာကရှင်းပြသည့်
စကားကလည်း မှတ်သားစရာကောင်းပါသည်။
ကျွန်တော်သည်
တာမွေတွင်နေထိုင်သဖြင့် မနက်မြို့ထဲ အလုပ်သို့လာလျှင် မြို့ပတ်ရထားစီးပြီး၊
ညမိုးချုပ် အလုပ်ကပြန်လျှင်လည်း တစ်ခါတစ်ရံ နောက်ဆုံးရထားစီးပြီး
ပြန်လေ့ရှိသည်။ မြို့ပတ်ရထားပေါ်တွင် အလုပ်သွား အလုပ်ပြန်လူတန်းစားသည်
မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးနှင့် ရန်ကုန်မြို့တွင်း အလုပ်သွား အလုပ်ပြန်
သာမန်လူတန်းစားတွေစုံလှသည်။ မြို့ပတ်ရထားများသည် ရုံးချိန်ကလွဲပြီး
ကျန်သည့် အချိန်များ တွင် ချောင်ချိစွာ စီးနိုင်ပါသည်။
မနက်ခင်းအလုပ်လာချိန်
သူလိုကိုယ်လို တိုးဝှေ့ပြီး ရထားစီးလာရသူများကြားတွင် ယခုတစ်လော
အလွန်ကဲ သည့် အတွဲလေးများ ပေါ်လာသည်ကို သတိထားမိသည်။ သူတို့လည်း လူကြားသူကြား
အရှက်တရား၊ အကြောက်တရားများကို လွှင့်ပစ်ကာ ကဲကြသည်။ မောင်နှင့်နှစ်မ၊
သားနှင့်အမိ အမြင်မတော် စရာတွေဖြစ် သည်။ ညဘက်မိုးချုပ်ချိန် မြို့ပတ်စီးသည့်
သူတွေ ပိုပြီးတော့ ရုပ်ပျက်ဆင်းပျက် ပါးစပ်၊ လက်သရမ်းမှုတွေ ကို
ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။ ယင်းသည်ပင် မြန်မာနိုင်ငံ၏
ခေတ်ပေါ်ယဉ်ကျေးမှုတွင် အနောက်တိုင်း ဓလေ့များ အဓမ္မသွပ်သွင်း
လက်ခံနေခြင်းလားဟု စဉ်းစား စရာဖြစ်လာပါသည်။
မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာ
လွန်စွာမြတ်နိုးချစ်ခင်စရာဖြစ်ပါသည်။ လူကြီးသူမများကို
ရိုသေကိုင်းရှိုင်း ကြသည်။ ကိုယ့်ထက် အသက်ကြီးသူများရှေ့တွင်
ခါးကိုင်းသွားခြင်း၊ ဆရာများကိုတွေ့လျှင် ဦးညွှတ်ကာ အသိအမှတ်ပြုခြင်း၊
ရဟန်းသံဃာများတွေ့လျှင် အရိပ်မနင်းမိစေရန်သတိထားပြီး လက်အုပ်ချီကာ
ရပ်ပေးခြင်း၊ အစားအစာကို မိဦး ဖဦး ဆရာဦးချပြီးမှ စားလေ့ရှိခြင်း
စသည့်ယဉ်ကျေးမှုဓလေ့များသည့် မည်သည့်အချိန်တွင် ပျောက်ကွယ်သွားမည်တော့မသိ
ယခုရင်ဆိုင်နေကြရသည်ကတော့ ပတ်ဝန်းကျင်မှာ ဘာဖြစ်ဖြစ်၊ ဘယ်သူတွေရှိရှိ
ဂရုစိုက်စရာမလိုဆိုသည့် ဥပေက္ခာစိတ်များ လူငယ်များတွင် လွှမ်းမိုးနေသည် ကို
တော့ အံ့အားသင့်မိသည်။
မြန်မာနိုင်ငံအတွင်း
ယဉ်ကျေးမှုတွေစီးဆင်းခြင်းကို ပိတ်ပင်တားဆီးရန် မဖြစ်နိုင်ပါ။
နိုင်ငံခြားဗီဒီယို ဇာတ် ကားများ၊ အင်တာနက်လိုင်းများကြောင့်
လူတိုင်းလွတ်လပ်ပေါများစွာ သရုပ်ပျက်၊ အကျင့်စရိုက် ပျက်နိုင် သည့်
ဓလေ့စရိုက်များကို ခံစားနိုင်သည့် ခေတ်သို့ရောက်လာပြီဖြစ်ပါသည်။
ဓလေ့စရိုက်ကိုပြင်ရန် ဆိုသည် မှာ ဆရာများတွင် တာဝန်ရှိပါသည်။ မိဘများ
တွင်တာဝန်ရှိပါသည်။ ကျောင်းများတွင် တာဝန်ရှိပါသည်။ ရဟန်းသံဃာတော်များတွင်
တာဝန်ရှိပါသည်။
စနေနေ့တစ်ရက်တွင်
မိတ်ဆွေတစ်ယောက်အိမ်သို့သွားလည်စဉ် သူ့မြေးကလေးကို ယောဂီထမီ၊
အင်္ကျီ အဖြူလက်ရှည်၊ ယောဂီ တဘက်လေးနှင့် တွေ့လိုက်ရသည်။ ကလေးက ယခုမှ
ပထမတန်းပဲရောက်သေး သည်။ ထူးဆန်းသော မြင်ကွင်းဖြစ်သဖြင့် သမီးလေးကိုခေါ်ပြီး
ဘယ်သွားမလို့လဲဟုမေးလိုက်ရာ “စနေ ယဉ်ကျေးမှုကျောင်းကို သွားမလို့ပါရှင့်” ဟု
ရိုသေစွာ လက်အုပ်ချီပြီး ပြန်ဖြေသည်။ ကျွန်တော့်အနေဖြင့် ကြုံတွေ့ခဲ့ရသော
ရိုင်းစိုင်းသည့် အသွင်အပြင်အမူအယာများသည့် ပျောက်ကွယ်သွားပြီး ကြည်လင်သည့်
အလင်းတစ်ခုကို မြင်တွေ့လိုက်ရသလို ပီတိဖြစ်သွားခဲ့ရသည်။
နောက်မှ
မိတ်ဆွေထံတွင် စုံစမ်းသိရသည်မှာ ရပ်ကွက်အတွင်း ဘုန်းတော်ကြီးကျောင်းတွင်
ယဉ်ကျေးလိမ္မာ သင်တန်းကို စနေနေ့တိုင်း ဆရာတော်တစ်ပါးကခေါ်သင်ပေးနေသဖြင့်
ကလေးတိုင်းသွားတက်ကြကြောင်း၊ ဘုရားရှိခိုး၊ နေထိုင်၊ ပြောဆို
ဓလေ့စရိုက်ကောင်းများအပြင် ဘာသာရေးဆိုင်ရာစာပေ ကဗျာများကိုပါ သင်ပေးသဖြင့်
မိမိတို့သားသမီးတိုင်းကို ပို့ကြ ကြောင်း၊ ကလေးများကို
ထိုသင်တန်းသို့တက်ခိုင်းရာတွင် မိဘကအတင်းလွှတ်ခြင်းထက်၊ သူတို့ကိုယ်တိုင်က
စနေကျောင်းကို သွားမည်ဟု မနက်မိုးလင်း ကတည်း က ပြင်ဆင်လှုပ်ရှားပြီး
စိတ်ဝင်စားကြကြောင်း၊ ဆရာတော်ကြီးကလည်း ကလေးတွေကို ဂရုစိုက်ပြီး
ပျော် ရွှင်အောင်ထားကာ သင်ကြားမှန်းမသိ သင်ကြားတတ်ခြင်းကြောင့်
ကလေးများလည်းပျော်၊ လူကြီးများ လည်း စိတ်ချမ်းသာသည့် ဓလေ့တစ်ခုဖြစ်လာကြောင်း
မမောမပန်းနိုင်ရှင်းပြရှာသည်။
ကျွန်တော်တို့
စာသင်ကျောင်းများတွင် ကြီးကျယ်ခမ်းနားစွာဖြင့် “အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်း က” ဆိုပြီး စာတန်းကြီးတွေ ဆောင်ပုဒ်ကြီးတွေ ကပ်ထားသည်ကို
တွေ့ဖူးပါသည်။ မျိုးချစ်စိတ်ပေါ်ထွန်းရန် လား၊ ဘာလားတော့မသိ ကျောင်းမတက်မီ
မြန်မာ့ကျောင်းသားသီချင်းကို ဓာတ်စက်တွေနှင့်ဖွင့်ပြီး တစ်ကျောင်းလုံး
ပြိုင်တူအော်ဆိုခိုင်းထားသည်။ သို့သော် ယဉ်ကျေးလိမ္မာသည့်ဓလေ့စရိုက်တွေ
သင်ကြား ရန် ပျောက်နေသေးသည်ဟု ထင်ပါသည်။ တပည့်ကို ကျူရှင်သင်ပြီး
ပိုက်ဆံပြန် ယူနေသောခေတ်နှ င့် တော့ လေးစားချစ်ခင်တတ်သည့် ယဉ်ကျေးမှုဓလေ့ကို
ထူထောင်ရန် ခက်မည်ထင်သည်။
ယဉ်ကျေးလိမ္မာစေရန်
ဘာသာရေးကလုပ်ပေးနေကြရသည်။ ကျောင်းသားတွေ ကတော့ ကျောင်းမတက် ဘဲ ဒေးကလပ်တွေသို့
သွားတက်နေကြသည်။ မြို့စွန်က တက္ကသိုလ်များတွင် ဖြစ်ချင်တိုင်းဖြစ်သည့်
ဇာတ် လမ်းတွေကို ကြားနေရသည်။
ပန်းခြံများ ထဲတွင် လုပ်ချင်ရာလုပ်နေသူများ၊
ရုပ်ရှင်ရုံထဲဝင်ပြီး ဖြစ်ချင်သလိုဖြစ်နေသူများ၊ အဝတ် အစားလေးတွေလဲပြီး
တည်းခိုခန်းသို့ အရွယ်မရောက်သေးဘဲလာနေသူများကို
မိမိစီးပွားရေးတစ်ခု တည်းကိုကြည့်ကာ လက်ခံချင်သလို လက်ခံနေကြသူများ၊
ကလေးတွေစိတ်ကို ထကြွေသောင်း ကျန်းစေနိုင်သော စိတ်ဆင်ရိုင်းကို မုန်ယိုစေမည့်
ဗီဒီယိုအခွေများ လွတ်လပ်စွာဝယ်နိုင် ခြင်း၊ ကာရာအိုကေ ခန်း၊
သီးသန့်ခန်းများပေါများပြီး လွတ်လပ်စွာနေချင်သလိုနေနိုင်သော
အခွင့်အလမ်းများကို ကျွန်တော်တို့ မည်သို့ တားဆီးနိုင်မည်နည်း။
ယဉ်ကျေးအောင်
ယဉ်ကျေးသောပတ်ဝန်းကျင်တစ်ခုကိုထူထောင်ပြီး၊ ထိုပတ်ဝန်းကျင်ကို ချဲ့ထွင်ကာ
ယဉ်ကျေးအောင်ပြုပြင် ခြင်းမှလွဲပြီးအခြားနည်းလမ်းမရှိပေ။
ယဉ်ကျေးသောပတ်ဝန်းကျင်များကို ကျွန်တော် တို့ မည်သို့ထူထောင်ကြမည်နည်း။
No comments:
Post a Comment