အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲ ဒုတိယနေ့ကို နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မယုံကြည်ဘူးလား
မယုံကြည်တာ မင်္ဂလာစကားတော့ မဟုတ်ပါဘူး။ ကောင်းတဲ့အစဉ်အလာကို ရည်ညွှန်းနေတာလည်း မဟုတ်ပါဘူး။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖက်ဖက်က တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖက်ဖက်ကို အထင်အမြင်လွဲနေတာ၊ လက်မခံနိုင်တာ အထင်မကြီးတာကို ထုတ်ဖော်ပြသ လိုက်တာပါ။
လူတစ်ဦးနဲ့တစ်ဦး တစ်စုနဲ့တစ်စု မယုံနိုင်စရာ အကြောင်းတွေက အများအပြား ရှိနေပါတယ်။
လင်နဲ့မယား၊ သားနဲ့သမီး၊ ညီနဲ့အစ်ကို အချင်းချင်း၊ ဆွေမျိုးသားချင်း အတူတူ တစ်အိမ်တည်းနေသူ အချင်းချင်း၊ တစ်နိုင်ငံတည်းနေသူ အချင်းချင်း နိစ္စဓူဝ ပြဿနာများ ဖြေရှင်းနေရတာကြောင့် ဖြေရှင်းပုံ ကွဲလွဲမှု အကြောင်းအရာအပေါ် သဘောပေါက်ပုံ ကွဲလွဲမှု၊ ခံယူချက် ကွဲလွဲမှု စတာတွေကြောင့် ယုံကြည်မှုတွေ ပျက်ပြားကြတာ အဆန်းတကြယ်တော့ မဟုတ်လှပါဘူး။
သူ့အမြင် သူ့အတွေးဟာ သူဖြတ်သန်းလာတဲ့ဘ၀၊ သူတွေ့ကြုံလာတဲ့အသိ၊ သူဆည်းပူးတတ်
မြောက်ထားတဲ့ပညာ၊ သူလေ့ကျင့်သင်ယူထားတဲ့ ပတ်ဝန်းကျင်နဲ့အသိ စသဖြင့် ဘ၀မတူ၊ ခံစားချက် မတူရာမှ ယုံကြည်ချက်တွေ ကွဲလွဲလာကြတာ အရှိအတိုင်း လက်ခံထားရမှာပါ။
လူနာတစ်ယောက်ကို ချဉ်းကပ်ကြတဲ့ နည်းအမြင်တွေဟာ ကုသတဲ့ဆရာအပေါ် မူတည်ပြီး ကွဲပြား
ကြပါတယ်။ လူနာတစ်ယောက်တည်းကို အနောက်တိုင်းဆေးပညာ သင်ယူတတ်မြောက်ထားတဲ့ ဆရာဝန် (Doctor) ကုသနည်းက တိုင်းရင်းဆေးပညာ တတ်မြောက်ထားတဲ့ တိုင်းရင်းဆေးသမားတော်ရဲ့ ကုသနည်းနဲ့ မတူပါဘူး။
ဒီနေရာမှာ သူ့ကုသနည်းကို ကိုယ်မယုံတာ၊ ကိုယ့်ကုသနည်းကို သူမယုံတာက ပြဿနာ လုပ်နေရမယ့်
ရေးကြီးခွင့်ကျယ်ကိစ္စ မဟုတ်ပါဘူး။ လူနာရောဂါ ပျောက်ကင်းဖို့ ဘယ်ဆရာကကုကု ကြိုဆိုရမှာ လက်ခံရမှာပါ။
လူနာရောဂါ ပျောက်ရေးအတွက် လူနာကတော့ ဘယ်သူ့ကိုမဆို ယုံကြည်ပါတယ်။ အားကိုးပါတယ်။ ကုပေးပါ။ ဆရာသမားအချင်းချင်း ယုံကြည်လိုက်ရင် လူနာအတွက် ကုသခွင့် အမြန်ရမှာပါ။
ရင်မှာစိုက်နေတဲ့ အဆိပ်လူးမြားကို အရင်ဆွဲနုတ်ရမှာက အဓိကလား၊ မြားပစ်သူဟာ သူဌေးလား၊ သူကြွယ်လား၊ သူဆင်းရဲလား၊ ဘယ်အရပ်က ပစ်တဲ့မြားလဲ စတဲ့လတ်တလော အရေးမကြီးတဲ့ အမှုကို အရင်ပြုမှာလား။
တိုင်းပြည်က လူနာဖြစ်နေပြီ
ခုလည်း နှစ်ပေါင်း ၁၀၀ ကျော် အင်္ဂလိပ်နယ်ချဲ့က နှိပ်စက်၊ ဂျပန်က အလစ်အငိုက် ၀င်ဆွဲလိုက်သေး။
ရောင်စုံသောင်းကျန်းသူ၊ ကွန်မြူနစ်သူပုန်၊ ပြည်တွင်းစစ်၊ တောခိုတော်လှန် ထကြွသူတွေရဲ့ စစ်ဒဏ်ကို နိုင်ငံအနှံ့ ခံစားနေခဲ့ရ၊ နေနေရတုန်းပဲ ရှိသေးတယ်။
လူနာဖြစ်နေတဲ့ တိုင်းပြည်ကို မသိကျိုးကျွန်ပြုပြီး အပေါ်ယံရွှေမှုန်ကြဲ၊ ရွှေနိုင်ငံလို့ ထထအော်နေတာ
တွေးတတ်ရင် ရှက်စရာကောင်းပါတယ်။ ရွှေထွက်တဲ့နိုင်ငံ ဖြစ်ပေမယ့် ပြည်သူတွေ ရွှေမကိုင်နိုင်တဲ့
နိုင်ငံပါ။ ကျောက်စိမ်းတွေ အလျှံပယ် ထွက်နေပေမယ့် ကျောက်စိမ်းတစ်စမျှ မကိုင်နိုင်တဲ့
ပြည်သူတွေပါ။ ကျောက်စိမ်းအရောင်းပြပွဲတွေမှာ မြန်မာစကား မပြောတတ်တဲ့ တိုင်းတစ်ပါး ကုန်သည်တွေနဲ့ ပြည်တွင်းခရိုနီတွေပဲ ခြေချင်းလိမ်နေကြတာပါ။
တကယ်ဆို ခုထိတိုင်းပြည်က နာလန်မထသေးပါဘူး။ ဘာကြောင့်လဲ။ တိုင်းပြည်ကုသမယ့်
ဆရာဝန်တွေ၊ သမားတော်တွေက တိုင်းပြည်ကို ကုသပေးရေးထက် ကိုယ့်ရဲ့အခန်းကဏ္ဍ အရေးပါရေး ဦးဆောင်မှုရရေးက ပိုလို့အရေးကြီးနေကြလို့ ဖြစ်ပါတယ်။
ဒီလိုနဲ့ တိုင်းပြည်ခမျာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေပါပြီ။ အသက်ရှည်ရှည်နေရအောင် ၀ိုင်းဝန်းကုသပေး
ကြမယ့် တိုင်းပြည်ကိုချစ်တဲ့ ပုဂ္ဂိုလ်၊ နိုင်ငံကို နာလန်ထစေလိုတဲ့ စိတ်ကောင်းရှိသူကို မျှော်လင့်နေပါတယ်။
မာတင်လူသာကင်းဟာ လူဖြူ၊ လူမည်း အသားအရောင်ခွဲခြားရေးကို တိုက်ဖျက်ခဲ့သလို နယ်လ်ဆင်မင်ဒဲလားကလည်း လူမည်းတွေအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။
အပေါ်ယံကြောမြင်သာတဲ့ အရေပြား အဖြူအမည်း ခွဲခြားမှုဟာ တိုက်ဖျက်ရ လွယ်ကူပေမယ့် အသားအရောင်ချင်းလည်း တူပါရဲ့။ လူမျိုးဘာသာစကားလည်း တူပါရဲ့။ ဒီမြေမှာနေ၊ ဒီရေသောက်သုံး ကြီးပြင်းလာတာချင်းလည်း တူနေပါရက်နဲ့ ဘာတွေမတူလို့ ပြည်သူတွေကို ခွဲခြားဆက်ဆံ
နေတာလဲဆိုတာ တွေးမရအောင်ပါဘဲ။ ဘာကြောင့် မယုံကြည်တာလဲ ဆိုတာကိုလည်း ပိုလို့ပိုလို့ မတွေးတတ်တော့ပါဘူး။
ပြည်သူတွေကို ခွဲခြားဆက်ဆံတာ၊ မယုံကြည်တာက အရေးမကြီးဘူးဘဲ ထားလိုက်ကြပါစို့။ ဒါပေမဲ့ ပြည်သူတွေနဲ့ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နေထိုင်ကြတဲ့ ပြည်သူတွေကို ခွဲခြားဆက်ဆံ နေတဲ့သူတွေပါ နေထိုင်နေကြတဲ့ ဒီတိုင်းပြည်ကို လူနာအဖြစ် သေလုမြောပါး ခံစားနေစေပြီး ကြာလေမွဲလေ အခြေအနေ ဆိုက်ရောက်လာနေတာဟာ ခွဲခြားဆက်ဆံချင်တဲ့ ပုဂ္ဂိုလ်တွေကိုပါ တစ်နေ့နေ့ ထိခိုက်လာမှာ မစိုးရိမ်ဘူးလား။ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်လာမှာ မတွက်ဆမိကြဘူးလား။
တစ်ခါက မြန်မာနိုင်ငံမှဆို မည်သည့်ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကိုမှ ၀င်ခွင့်မပေးခဲ့တာ ပြန်အမှတ်ရကြပါ။
ဘယ်သူက ဘယ်သူ့ကို မယုံတာလဲ။ သူ့လက်ညှိုးထိုး ကိုယ့်လက်ညှိုးထိုးနေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ဘယ်သူက ယုံယုံမယုံယုံ ကိုယ်ကစတင် ယုံကြည်မှုပြပေးပါ။ ကိုယ်က တိုင်းပြည်ချစ်ကြောင်း၊ တိုင်းပြည်အတွက်ဆို ဘာကိုဖြစ်ဖြစ် စွန့်စွန့်စားစား ယုံကြည်ပါကြောင်း ပြသကြပါ။ ပြလိုက်ကြပါ . . . . . |
ပြည်သူရဲ့ ဆင်းရဲမွဲတေမှု ပုံရိပ်ဟာ တိုင်းပြည်ကို ကူးစက်လာပြီး ဆင်းရဲမွဲတေတဲ့ တိုင်းပြည်ရဲ့ ပုံရိပ်ဟာ အဲ့ဒီတိုင်းပြည်မှာ နေထိုင်တဲ့ ဘယ်သူ့ကိုမဆို ကူးစက်လာမှာကို မတွေးတောမိကြဘူးလား။ ကိုယ်တစ်ဦးတည်း၊ ကိုယ့်အသိုင်းအ၀ိုင်း တစ်စုတည်းမှာ ချမ်းသာလို့ နိုင်ငံခြားဘဏ်တွေမှာ
ငွေတွေအပ်ထားရတာဟာ ဂုဏ်ယူစရာ မဖြစ်ပါဘူး။ တိုင်းပြည်ကို ရောင်းစားသူလို့ပဲ သတ်မှတ်ကြမှာပါ။
ဒီတိုင်းပြည်ထဲ နေသူပီပီ ဒီတိုင်းပြည်ကို ကယ်တင်ကြရပါမယ်။ တိုင်းပြည်ချမ်းသာအောင် ထူထောင်
ရပါမယ်။ တိုင်းပြည်ကို ချမ်းသာစေချင်ရင် ပြည်သူတွေကို မမွဲအောင် စီမံဆောင်ရွက်ရပါမယ်။
ပြည်သူတွေကို စီးပွားရေး လုပ်ငန်းထဲမှာ လုပ်ကိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေးရမှာပါ။
ပြည်သူအများစုနဲ့ လူအနည်းစုတို့ ရင်ဆိုင်တွေ့ကြပြီဆိုရင် ပြည်သူအများစုဘက်က ရပ်တည်ကာကွယ် ယုံကြည်ပေးရမှာပါ။
ဆိုတော့ လူမမာဖြစ်နေတဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ရာ အကြောင်းမပြ၊ လက်မနှေးကြဘဲ ယုံယုံမယုံယုံ ယုံနိုင်သရွေ့ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။
ယုံကြည်မှု တည်ဆောက်မယ်။ ယုံကြည်အောင် ပြုမူနေထိုင်ကြတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်
ခိုင်ခိုင်မာမာ ချမှတ်ကြပြီဆိုမှတော့ အပေးအယူ၊ အလျှော့ပေးမှု၊ နားလည်မှု စတဲ့နောက်ဆက်တွဲ လုပ်ဆောင်ရမှာတွေ ပေါ်ထွက်လာပါတယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ် နောက်ဆုံးရလဒ်က တစ်ဦးကိုတစ်ဦး ယုံကြည်လိုက်ကြဖို့ပဲ ဖြစ်ပါတယ်။
အလျှော့ပေးမှု
ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ အလျှော့ပေးမှုက မလွဲမသွေ ပါဝင်လာပါတယ်။ အလျော့ပေးမှု ဆိုတာနဲ့ အချို့က မိမိထံမှ တစ်ခုခု ပေးလိုက်ရပြီ။ လျှော့နည်းသွားပြီလို့ မှတ်ယူကြသလို အချို့က အလျှော့ပေးမှုဟာ မြင့်မြတ်သူတို့ရဲ့ လုပ်ရပ်လို့ မှတ်ယူသူတွေလည်း ရှိတတ်ပါတယ်။
ဘယ်လိုပဲ ယူဆယူဆ ပြဿနာ ပြေလည်ရေးက ပဓာန ကျပါတယ်။ ပြဿနာပြေလည်အောင် တချို့က စစ်ရေးနဲ့ ဖြေရှင်းကြပါတယ်။ တစ်ဖက်ဖက်က လက်နက်ချ အရှုံးပေးလိုက်မှ ပြဿနာ ပြီးဆုံးသွားမယ်။ ပြီးဆုံးသွားပြီလို့ ယူဆကြပါတယ်။ တဒင်္ဂ ပြီးဆုံးပေမယ့် တချိန်ချိန်မှ ပြန်ခေါင်းထောင်နိုင်တဲ့ အချိန်မှာ စစ်ရေးကို စစ်ရေးနဲ့ တုံ့ပြန်ခြင်းအားဖြင့် စစ်ပွဲတွေဟာ မဆုံးနိုင်သေးတာ လူတွေကိုယ်တွေ့ကြုံခဲ့၊ ခံစားခဲ့ကြပြီးပါပြီ။
တဒင်္ဂ အလျှော့မပေးချင်ဘဲ အနိုင်ကိုမှ လိုချင်ရင် ထာဝရအောင်နိုင်သူ ဖြစ်ရိုးထုံးစံ မရှိပါဘူး။ အနိုင်သာလိုချင်ပြီး ထာဝရ အရှုံးမပေးလိုတဲ့ အဒေါ့ဟစ်တလာဟာ စစ်တပ်ကိုချဲ့ထွင်ပြီး နိုင်ငံတိုင်းကို သိမ်းသွင်းအနိုင်ကျင့်ဖို့ နယ်ချဲ့ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နိဂုံးဟာ ဇာတ်သိမ်းမလှခဲ့ပါဘူး။ ဒါဟာ သိပ်မဟောင်းသေးတဲ့ သမိုင်းဆိုတာ သိကြမှာပါ။
လိုအပ်လို့ အလျှော့ပေးခြင်းဖြင့် စွန့်လွှတ်ပြတာဟာ ထာဝရ အောင်နိုင်သူအဖြစ် အသိအမှတ်ပြုခံရ တတ်ပါတယ်။
မြတ်စွာဘုရားရဲ့ အောင်ခြင်းရှစ်ပါးဟာ မေတ္တာရဲ့ အောင်မြင်မှု၊ တစ်နည်း အလျှော့ပေးခြင်းရဲ့ အောင်မြင်သူအဖြစ် ယနေ့ကာလထိတိုင် အသိအမှတ် ပြုခံနေရတာ လက်တွေ့ဖြစ်ပါတယ်။
တိုင်းပြည်ကောင်းစားမယ်ဆိုရင် ကျွန်မကို အသုံးချနိုင်ပါတယ်ဆိုတဲ့ ဆိုစကားဟာ အလျှော့ပေးပါတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဘုံသဘောတူညီချက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၂ ရက်က လိုင်ဇာမြို့၌ ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ အလျှော့ပေးခြင်းနဲ့ အစပြုရပါမယ်။ တစ်ဖက်က စတင်အလျှော့
ပေးတာကို တစ်ဖက်က အလျင်အမြန် အသိအမှတ်ပြု တုံ့ပြန်ပြီး အလားတူ အလျှော့ပေးမှုနဲ့ ယုံကြည်မှု ရှေ့တစ်လှမ်းတိုး လုပ်ဆောင်ပြသင့်ပါတယ်။ ဖိအားပေးလို့၊ မနိုင်နိုင်လို့ဆိုတဲ့ ပြေးထွက်လို့ မလွတ်တော့တဲ့ ထောင့်ကျဉ်းထဲရောက်မှ အလျှော့ပေးတာမျိုး မဖြစ်သင့်ပါဘူး။
အလျှော့ပေးတာဟာ အရှုံးပေးတာ မဟုတ်သလို အနိုင်လိုချင်တာလည်း မဟုတ်ပါဘူး။ ပြည်သူအများစုကို ငဲ့ကွက်ပြီး လုပ်သင့်တာကို လုပ်ရင်ဖြစ်လို့ သူရှုံးရှုံး၊ ကိုယ်ရှုံးရှုံး၊ ပြည်သူတွေ မရှုံးဖို့သာ အဓိကဖြစ်ပါတယ်။ အလျှော့ပေးလိုက်လို့၊ ယုံကြည်မှု တည်ဆောက်နိုင်လို့ ပြည်သူတွေ အောင်ပွဲခံသွားမှာ ဘာမနာလိုစရာ ရှိမှာလဲ၊ ဘာမရှုဆိတ်စရာ ရှိရမှာလဲ။
တိုင်းပြည်အတွက် စွန့်စွန့်စားစား ယုံလိုက်ပါ
ဒီကနေ့ မြန်မာနိုင်ငံဆိုတဲ့ အမည်နာမဟာ ကမ္ဘာ့အလယ်မှာ ထည်ဝါစ၊ နာမည်ကောင်းပေါ်ထွန်းစ ကာလကောင်းတစ်ခု ရောက်နေချိန် ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက အခုမှစ တင်ရရှိတဲ့ အခြေအနေမျိုးပါ။
၁၉၄၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ နှစ်ပေါင်း ၇၀ နီးပါး ကာလရှည်ကြာထဲမှာ မြန်မာနိုင်ငံဟာ နာလန်ထ
လိုက်၊ လူမမာဖြစ်လိုက်၊ ဒဏ်ရာတွေနဲ့ မိန်းမောနေလိုက်နဲ့ လူကောင်းပကတိ ဘ၀ရယ်လို့ ထူထူထောင်
ထောင် ရပ်တည်ခဲ့ရတဲ့ ကာလတွေ ရှားပါးပါတယ်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာမှ ဒီမိုကရေစီ အားဆေးလေး တိုက်ကျွေးလို့ နည်းနည်းလေး အသက်ရှူ
မှန်လာတာပါ။ ဒီအချိန်မှာ လူနာရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူအပါအ၀င် တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့
အစည်းပေါင်းစုံက ယုံကြည်မှုတွေ တည်ဆောက်ကြပြီး တိုင်းပြည်ကို စိတ်ရောကိုယ်ပါ ၀ိုင်းဝန်းကယ်တင်ကြဖို့ အချိန်တန်ပါပြီ။
အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ်၊ မယုံကြည်နိုင်တာတွေကို ဘေးဖယ်ထားပြီး ယုံကြည်နိုင်
စရာတွေ ရွေးချယ်ထားဖို့ လိုပါတယ်။ ကိုယ့်ဖို့ထက်၊ ကိုယ့်အဖွဲ့အစည်းအတွက်ထက်၊ တိုင်းပြည် တိုးတက်ဖို့ဆိုရင် စွန့်လွှတ်သင့်တာတွေ စွန့်လွှတ်ကြရပါမယ်။ တိုင်းပြည်အတွက်ဆို စွန့်လွှတ်ဖို့ ၀န်မလေးဘူးလို့ ပါးစပ်ကတော့ ပြောကြတာပါပဲ။ တိုင်းပြည်အတွက်ဆို အသက်စွန့်ဖို့ ၀န်မလေး ဘူးလို့လည်း ဆိုကြပါတယ်။ ယုံကြည်မှု တည်ဆောက်မှု အရေးကိစ္စက အသက်အထိ စွန့်စရာ မလိုသလို အလျှော့ပေး စွန့်လွှတ်မှုဟာ ဂုဏ်သိက္ခာ မြင့်မားစေမယ့် လုပ်ရပ်ဖြစ်ပါတယ်။
ဘယ်သူက ဘယ်သူ့ကို မယုံတာလဲ။ သူ့လက်ညှိုးထိုး ကိုယ့်လက်ညှိုးထိုးနေရမယ့် အချိန်မဟုတ်တော့ ပါဘူး။ ဘယ်သူက ယုံယုံမယုံယုံ ကိုယ်ကစတင် ယုံကြည်မှုပြပေးပါ။ ကိုယ်က တိုင်းပြည်ချစ်ကြောင်း၊ တိုင်းပြည်အတွက်ဆို ဘာကိုဖြစ်ဖြစ် စွန့်စွန့်စားစား ယုံကြည်ပါကြောင်း ပြသကြပါ။ ပြလိုက်ကြပါ။
Written by မောင်တင်ဦး (မြောင်းမြ)
Eleven Media Group
No comments:
Post a Comment