Tuesday, December 24, 2013

ကျေးဇူးတရားလား၊ မကင်းရာမကင်းကြောင်းလား

ကျွန်တော်တို့ ဘ၀တစ်လျှောက်မှာ ‘ကျေးဇူး’ ဆိုတဲ့ စကားတစ်ခွန်း၊ ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းကို မပြောခဲ့ဖူးတဲ့သူတွေ၊ အပြောမခံရဖူးတဲ့ သူတွေဆိုတာ အလွန်ရှားပါတယ်။ ခပ်လွယ်လွယ် ကျေးဇူးတင်စကားတွေ၊ ရင်ထဲကမပါတဲ့ ကျေးဇူးတင်စကားတွေနဲ့လည်း ကြုံရ၊ တွေ့ရတာပါပဲ။ အကြောင်းမဲ့သက်သက် ကျေးဇူးပါပဲလို့ အမြဲပြောချင်တဲ့သူတွေ၊ 
အလကားနေ၊ အလကား ကျေးဇူးအတင်ခံနေချင်တဲ့ သူတွေလည်း လောကမှာ ရှိနေတာပါပဲ။ ခြုံငုံပြီး ပြောကြရမယ်ဆိုရင် အားလုံးဟာ ကျေးဇူးနဲ့ မကင်းကြပါဘူး။ 

‘ကျေးဇူး’ ဆိုတဲ့ အပြုအမူကောင်းတွေကို တချို့က ‘ကျေးဇူး’ ရှိတယ်လို့ မသုံးကြဘဲ 
‘မကင်းရာ မကင်းကြောင်း’ လို့ အစားထိုးလိုက်တဲ့ အခါမှာ ကျေးဇူးရဲ့ အနက်အဓိပ္ပာယ်ဟာ အဝေးကြီးကို ရောက်သွားပါတယ်။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေထက်
jမန်မာနိုင်ငံသားတွေဟာ ‘ကျေးဇူးသိ၊ ကျေးဇူးဆပ်’ ဆိုတဲ့ သူတော်ကောင်းတွေရဲ့
လက္ခဏာရပ်တွေကို ပိုပြီးအလေးအနက်ထား ပြုမူနေထိုင်တတ်ကြပါတယ်။ 
ဘာကြောင့်လဲဆိုရင် ‘ကျေးဇူးမသိ၊ ကျေးဇူးမဲ့နေကြခြင်း’ ဟာ ‘လူယုတ်မာတွေရဲ့ စရိုက်လက္ခဏာ’ ဖြစ်နေလို့ပါပဲ။

‘သူ၏ကျေးဇူး၊ များများမဟုတ်၊ တစ်လုတ်ထမင်း၊ တစ်ရှုပ်ပဲဟင်းကို ၀မ်းတွင်ရှာနူး၊ စားရဖူးမူ၊ ထိုသသူအား၊ ပြစ်မှားတရန်၊ မကြံအပ်ပေ’ လို့ ‘မဃဒေ၀လင်္ကာ’ မှာ မန်လည်ဆရာတော်ကြီးက မိန့်ဆိုထားပါတယ်။ ကျေးဇူးနဲ့ပတ်သက်လို့ ရှေးကတည်းက ကျွန်တော်တို့မြန်မာတွေဟာ
လေးလေးနက်နက် ထားခဲ့ကြတာပါ။ ‘ရင်ထဲက’ အစစ်မှန်မဟုတ်တဲ့၊ ကျေးဇူးတရားကို 
မလေးနက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေကို သတိပြုသင့်ပါတယ်။

ယနေ့ခေတ်မှာ ကျေးဇူးပါပဲဆိုတဲ့ စကားတစ်ခွန်းကို လွယ်လွယ်ကူကူပဲ ပြောလိုက်ကြပါတယ်။ သူတစ်ဖက်သားရဲ့ ကိုယ့်အပေါ်မှာ ကူညီပေးမှုကို အသိအမှတ်ပြုတယ်ဆိုရင် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ ‘ကျေးဇူးတင်စကားမျိုး’ ကို ပြောတတ်ဖို့ လိုပါတယ်။ 

တချို့သောသူတွေက မကင်းရာမကင်းကြောင်းလို့ အဖန်တစ်ရာ ထပ်အောင်သုံးတတ်ကြပါတယ်။ ‘မကောင်းတတ်လို့ဆိုတဲ့’ စကားကိုလည်း တွင်တွင်ကြီး သုံးတတ်ကြတာပါပဲ။ မြို့ဓလေ့နဲ့မတူတဲ့ ရွာဓလေ့တွေ ရှိပါတယ်။ ရွာတွေမှာ များသောအားဖြင့် ဆွေမျိုးတွေ တော်စပ်ကြတာများတယ်။
ခေတ်စကားနဲ့ဆိုရင် မကင်းရာမကင်းကြောင်းပေါ့။ အလှူတစ်ခု ဒါမှမဟုတ် နာရေးတစ်ခုကြုံပြီဆိုရင် ကိုးကွယ်တဲ့ဘုန်းကြီးတွေ၊ ရွာဘုန်းကြီးကျောင်းတွေကများတော့ “ဟိုဘုန်းကြီး မပင့်လို့လည်းမကောင်း၊ ဒီဘုန်းကြီး မပင့်လို့လည်းမကောင်း” ဆိုတော့ မကောင်းလို့ ပင့်ရတဲ့ ဘုန်းကြီးတွေ ဖြစ်ကုန်ရော။ ဒါဟာ ဟာသအနေနဲ့ပါ။ မကင်းရာမကင်းကြောင်းဆိုတာ ရင်ထဲက မပါတတ်ကြပါဘူး။ မကောင်းတတ်လို့ဆိုတဲ့ အရာတွေကလည်း မဖြူစင်ပါဘူး။

လူမှုလောကဖွံ့ဖြိုးဖို့၊ သူတစ်ပါးအခက်အခဲ ဖြေရှင်းပေးနိုင်ဖို့။ အပြုသဘောဆောင်တဲ့ ကျေးဇူးပြုမှုတွေ လူမှုလောကမှာ ထားရှိသင့်ပါတယ်။ ကျေးဇူးစကားကို လွယ်လွယ်မပြောသင့်သလို ကျေးဇူးတရားကို ဘောင်မခတ် ထားသင့်ပါဘူး . . . . .
တကယ်တော့ ကျေးဇူးဆိုတာ သိဖို့နဲ့ ဆပ်ဖို့ပါပဲ။ အဲဒီသိတတ်မှုနဲ့ ဆပ်တတ်ဖို့ဆိုတဲ့ အဆင့်ကို မရောက်သေးဘူးဆိုရင် လူကောင်းတစ်ယောက် မဖြစ်နိုင်သေးပါဘူး။ ၃၈ ဖြာ မင်္ဂလာတရားတော်ထဲမှာ ကျေးဇူးသိ ကျေးဇူးဆပ်ခြင်းဟာ မင်္ဂလာတရားလို့ မြတ်ဗုဒ္ဓက ဟောပါတယ်။ ကျေးဇူးသိတဲ့သူ၊ သိထားတဲ့ကျေးဇူးကို အခွင့်အခါသင့်တိုင်း မကောင်းတတ်လို့၊ မကင်းရာမကင်းကြောင်းမို့လို့ဆိုတဲ့ ဆင်ခြေတွေကို ဘေးဖယ်ပြီး စစ်မှန်တဲ့စိတ်ထားနဲ့ ကျေးဇူးဆပ်တတ်တဲ့သူဟာ မင်္ဂလာရှိတဲ့သူပါပဲ။
‘သူ၏ကျေးဇူးရှိခဲ့ဖူး၊ အထူးပြန်ဆပ်နိုင်စေသော်၊ မဆပ်နိုင်နေ ရှိပစေ မချေမဖျက်မိစေသော်၊ နင်ကဘာလဲ၊ ငါဘာလဲ ပြိုင်ပွဲမ၀င်မိစေသော်’ လို့ သူ့ကျေးဇူးဆိုတဲ့ အလေးအနက်ထားဖို့ စံတစ်ခုကို ‘မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီး’ က ဆိုဆုံးမထားခဲ့ပါတယ်။ လူတိုင်းဟာ သူတစ်ဖက်သားကို ကျေးဇူးပြုချင်တဲ့သူတွေ များပါတယ်။ ဒါပေမဲ့ ကျေးဇူးကန်းတာကို မုန်းတတ်ကြပါတယ်။ ကျေးဇူးကန်းတဲ့သူ မဖြစ်ချင်ကြပါဘူး။ ကျေးဇူးဆိုတဲ့ အပြုသဘောနဲ့ ပြန်ဆပ်ခြင်းဆိုတဲ့ အဆပ်သဘောကြားမှာ လူသားတွေဟာ သံသရာလည်နေတာပါ။ ကျေးဇူးမဆပ်ဖြစ်ရင် နေပါစေ ကျေးဇူးမကန်းမိစေဖို့တော့ ဘ၀မှာ လိုအပ်ပါတယ်။
တကယ်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျေးဇူးတရား တစ်ခုရဲ့ ကဏ္ဍဟာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ အခွင့်အခါသင့်ရင် ပြန်ဆပ်နိုင်ဖို့နဲ့ ပြန်ဆပ်ဖို့ အခွင့်မရသေးခင် သူ၏ကျေးဇူးကို သိနေဖို့ပါပဲ။ သန့်ရှင်းဖြူစင်တဲ့ ကျေးဇူးတရားတွေရဲ့ အပေါ်မှာ အရောင်တွေ မဆိုးသင့်ပါဘူး။ မကင်းရာမကင်းကြောင်းမို့လို့ ပြုခဲ့ရတဲ့ ကျေးဇူးတွေဟာလည်း မကင်းရာမကင်းကြောင်း အနေနဲ့ပဲ မလေးမနက် ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ‘မကောင်းတတ်လို့ ပြုခဲ့ရတဲ့’ ကျေးဇူးတရားတွေဟာလည်း မကောင်းတတ်စွာနဲ့ပဲ ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ကျေးဇူးပြုတဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးပြုကြမယ်။ ကျေးဇူးဆပ်တဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးဆပ်ကြမယ်ဆိုရင် မကင်းရာမကင်းကြောင်းတွေ၊ မကောင်းတတ်တာတွေလည်း ဘေးရောက်သွားကြမှာပါ။
တချို့တွေက သူများက ကိုယ့်ကိုကျေးဇူးပြန်ဆပ်မှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူတစ်ဖက်သားကို ကျေးဇူးပြုမိကြပါတယ်။ မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီးက လူဆိုတာ အညမညပစ္စည်းလို မကျင့်ရဘူး။ သဟဇာတပစ္စည်းလို ကျင့်ရမယ်။ အညမည ပစ္စည်းဆိုတာ သူကကျေးဇူးပြုလို့ ကိုယ်ကပြန်ပြီး ကျေးဇူးပြုရတာမျိုး။ သဟဇာတ ဆိုတာကတော့ သူကကျေးဇူးပြုပြု မပြုပြု၊ တုံ့ပြန်မှု ရရမရရ ကိုယ့်ဘက်က အမြဲတမ်း ကျေးဇူးပြုနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ အဆုံးအမလေးကို သတိပြုသင့်ပါတယ်။
ကျွန်တော်တို့တွေအားလုံး လူပီသအောင် ကျေးဇူးတရားတွေကို အလေးအနက် ထားသင့်ပါတယ်။ လူမှုလောကဖွံ့ဖြိုးဖို့၊ သူတစ်ပါးအခက်အခဲ ဖြေရှင်းပေးနိုင်ဖို့။ အပြုသဘောဆောင်တဲ့ ကျေးဇူးပြုမှုတွေ လူမှုလောကမှာ ထားရှိသင့်ပါတယ်။ ကျေးဇူးစကားကို လွယ်လွယ်မပြောသင့်သလို ကျေးဇူးတရားကို ဘောင်မခတ်ထားသင့်ပါဘူး။ အကန့်အသတ် မထားသင့်ပါဘူး။ ကျေးဇူးသိရင် ကျေးဇူးဆပ်တတ်ရင် လူကောင်းစာရင်း ၀င်ပါပြီ။ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ညီအောင်ညီ 
Eleven Media Group

No comments:

Post a Comment