Tuesday, December 24, 2013

ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့စေချင်သလား

F-21-12
ဒီဇင်ဘာ ၁၉ ရက်က ဘန်ကောက်မြို့ရှိ လမ်းပေါ်တွင် ဆန္ဒပြသူများကို တွေ့ရစဉ် (Photo:AFP)

သား  . . .
ဘယ်တော့မဆို မှန်တာကိုပဲလုပ်။
ဘာကြောင့်လို့လဲဆိုတော့ အမှန်တရားဆိုတာ
ထာဝရသစ္စာမို့ပဲ။
မေမေ

ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးတုန်းက ဂျပန်နိုင်ငံရဲ့ တောင်ဘက်တည့်တည့် မိုင် ၇၅၀ အကွာလောက်က 'အီယိုဂျီးမား' (Iwo Jima) ဆိုတဲ့ ကျွန်းကလေးပေါ်မှာ ကျဆုံးသွားတဲ့ အမေရိကန် မရိန်းတပ်သားလေး တစ်ယောက်ရဲ့ အင်္ကျီအိတ်ကပ်ထဲက ရရှိခဲ့တဲ့ စာလေးတစ်စောင် ဖြစ်ပါတယ်။ ဒီစာလေးအကြောင်း တစ်ခါပြောခဲ့ဖူးပါပြီ။ အခုလည်း အကြောင်းတိုက်ဆိုင်လို့ တစ်ခါထပ်ပြောရတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးဟာ ကမ္ဘာကြီးကို သင်ခန်းစာတွေအများကြီး ပေးခဲ့ပါတယ်။ ဒီစာလေးဟာ ဒုတိယကမ္ဘာစစ်ကြီးက ပေးခဲ့တဲ့ သင်ခန်းစာတွေထဲက သာမန်သင်ခန်းစာလေး တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ဒီသင်ခန်းစာဟာ ဒီကနေ့အဖို့ ကမ္ဘာကြီးအတွက်သာ မဟုတ်ဘဲ ကိုယ်တို့နိုင်ငံအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုလို့ ရှုမြင်ပါတယ်။ အမှန်တရားဘက်က ရပ်တည်သူဟာ ဘယ်တော့မဆို စိတ်နှလုံးချမ်းမြေ့ရတယ် ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အမှန်တရားကို အသုံးချရကောင်းမှန်း မသိကြသေးတဲ့ လူတွေလည်း ကမ္ဘာပေါ်မှာ ရှိကြစမြဲပါ။
 အမှန်တရားကို ဆုပ်ကိုင်ပြီး ပြဿနာတစ်ရပ်ကို ဖြေရှင်းမှ မြန်မြန်ပြေလည်လေ့ ရှိတယ်ဆိုတာကိုလည်း တချို့လူတွေ သတိမမူမိကြပါဘူး။


ဒီအကြောင်းကို စဉ်းစားလိုက်မိတာနဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံရဲ့ မတိုးသာမဆုတ်သာ
 ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို သွားသတိရမိပါတယ်။ ဒါနဲ့ပဲ ထိုင်းနိုင်ငံဟာ ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေမျိုးကို ရောက်လာခဲ့ရတာလဲ ဆိုတာကို လေ့လာကြည့်မိပါတယ်။

ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (Thaksin Shinawatra) ရဲ့အဘေး (အဘိုး၏ဖခင်) 'ဆန်စေးခူ' (Seng Sae Khu) ဟာ ၁၈၆၀ ပြည့်လွန်နှစ်များမှာ
 ဟောင်ကောင်တစ်ဖက်ကမ်းမှာရှိတဲ့ တရုတ်နိုင်ငံ 'ဂွမ်ဒေါင်း' ပြည်နယ်ကနေ ထိုင်းနိုင်ငံကို ရောက်လာပါတယ်။ အဲဒီနောက် သားစဉ်မြေးဆက် ထိုင်းနိုင်ငံမှာဆက်နေ၊ ထိုင်းအမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုခဲ့ကြပြီး 'ရှင်နာဝပ်ထရာ' (Shinawatra) ဆိုတဲ့ ထိုင်းမိသားစုနာမည်ကို အဘိုးလက်ထက်ကတည်းကစပြီး ယူလာခဲ့ကြတာ ဒီကနေ့အထိပါပဲ။

သက်ဆင်ဟာ ၁၉၄၉ ခုနှစ်မှာ ချင်းမိုင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ ဖွားမြင်ခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ်ရောက်မှ ကျောင်းဆက်တက်ဖို့ ချင်းမိုင်မြို့ပေါ် တက်လာခဲ့တာပါ။ သက်ဆင်ဟာ အမေရိကားမှာရှိတဲ့ တက္ကသိုလ်နှစ်ခုကိုတက်ပြီး မှုခင်းဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့နဲ့ ဒေါက်တာဘွဲ့ကို ရယူခဲ့ပါတယ်။

ကိုယ့်နိုင်ငံမှာလည်း ပြဿနာတစ်ရပ်ကို သမားရိုးကျနည်းနဲ့ ဖြေရှင်းနေကြပြီး အဖြေရှာမတွေ့နိုင် ဖြစ်နေကြတယ်လို့ ယူဆရပါတယ်။ တကယ်တော့ ခုပြောခဲ့တဲ့ အမှန်တရားပေါ် ရပ်တည်ပြီး ပြဿနာကို ဖြေရှင်းမှ လူရောနတ်ပါ ချမ်းသာနိုင်မှာပါ . . . . .
 
အဲဒီနောက် ထိုင်းနိုင်ငံကိုပြန်လာပြီး ရဲတပ်ဖွဲ့မှာ ရဲဒုတိယဗိုလ်မှူးကြီး ရာထူးကို ရတဲ့အထိ တာဝန်ထမ်းဆောင်ပြီး ၁၉၈၇ ခုနှစ်မှာတော့ တာဝန်က အနားယူခဲ့ပါတယ်။ သက်ဆင်နဲ့ဇနီးသည်တို့ဟာ သက်ဆင်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ် ကာလကစပြီး စီးပွားရေးလုပ်ငန်း တော်တော်များများကို လုပ်ခဲ့ကြပေမယ့် ဘာတစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။ ၁၉၈၉ ခုနှစ်လောက်မှာ ထိုင်းတပ်မတော်ထဲက အသိအကျွမ်းတွေရဲ့ အကူအညီနဲ့ (Advance Info Service) လို့ခေါ်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုကို တစ်ဦးတည်း လုပ်ကိုင်ခွင့်ရပြီး GSM ၉၀၀ ဖုန်းတွေကို ရောင်းဝယ်ဖောက်ကားခွင့် ရခဲ့ရာကစပြီး ချမ်းသာလာခဲ့ပါတယ်။ နောက်ပိုင်း ၁၉၉၉ ခုနှစ် ရောက်လာတဲ့အခါမှာတော့ မြန်မာငွေ ကျပ်သန်းပေါင်း ၃၀,၀၀၀ အကုန်အကျခံပြီး 'ရှင်နာဝပ်ထရာတက္ကသိုလ်' ကို 'ပသွန်းထနီ' (Pathum Thani) ပြည်နယ်မှာ ထူထောင်နိုင်တဲ့အထိ ကြွယ်ဝလာခဲ့ပါပြီ။

သက်ဆင်ဟာ ဒီလိုနဲ့ နိုင်ငံရေးနယ်ထဲ ၀င်ရောက်ပြီး ၁၉၉၇ ခုနှစ်မှာ ဒုဝန်ကြီးချုပ် ဖြစ်လာပါတယ်။
၁၉၉၈ ခုနှစ်မှာ Thai Rak Thai (Thais Love Thais-TRT) ပါတီကို ထူထောင်ခဲ့ပါတယ်။ TRT ဟာ ရွေးကောက်ပွဲမ၀င်ခင်မှာ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးမယ့် ကျန်းမာရေး အစီအစဉ်၊ လယ်သမားတွေအတွက် သုံးနှစ်အတိုးမဲ့ ငွေချေးမယ့်အစီအစဉ်၊  ကျေးရွာတိုင်း ကျေးရွာ
တိုင်းကို မြန်မာငွေ ကျပ်သိန်း ၃၀၀ နဲ့ညီမျှတဲ့ ဘတ်တစ်သန်းကို ကျေးရွာအစီအစဉ်နဲ့
ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထောက်ပံ့ပေးမယ့် အစီအစဉ်တွေကို ချပြပေးခဲ့ပါတယ်။

ဒါ့ကြောင့် သက်ဆင်ဟာ ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရပြီး ၀န်ကြီးချုပ် ဖြစ်လာပါတော့တယ်။ ဒီ့နောက်မှာတော့ ဒီထောက်ပံ့ငွေတွေကို အလွန်ဆင်းရဲတဲ့
 နိုင်ငံမြောက်ပိုင်းက ကျေးလက်နေ ပြည်သူလူထုတွေ အမှန်တကယ်လည်း ရခဲ့ကြပါတယ်။
ဒါ့ကြောင့် ထိုင်းနိုင်ငံရဲ့ တန်ခိုးအာဏာဟာ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဘန်ကောက်မြို့ကြီးကနေ 'သက်ဆင်နိုင်ငံ' (Shinawatra country) လို့ နောက်ပိုင်းမှာ လူတွေခေါ်စမှတ် ပြုလာကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းဆီကို ရောက်သွားခဲ့ရပါပြီ။ ရင်းနှီးမြှုပ်နှံမှုတွေလည်း အဲဒီနိုင်ငံလေးထဲကိုပဲ အများအပြား ပြောင်းရွှေ့သွားကြပါတော့တယ်။

ဒါပေမဲ့ နောက်ပိုင်းပြဿနာက သက်ဆင်ရဲ့ ဆင်းရဲသားပြည်သူတွေအပေါ် ဒီလွှမ်းမိုးနိုင်မှုဟာ
ဘုရင်ကြီးရဲ့ ရာဇပလ္လင်ကို ကိုင်လှုပ်နိုင်တဲ့အဆင့်ထိ ရောက်ရှိသွားခြင်းပါပဲ။ ထိုင်းနိုင်ငံမှာ
လက်ရှိဘုရင်ကို ချစ်မြတ်နိုးတဲ့ စိတ်ကြည်ညိုတဲ့ စိတ်တွေဟာ ပြည်သူပြည်သားတွေရဲ့ အသွေးအသားတွေထဲမှာ သာမက ရိုးတွင်းခြင်ဆီတွေထဲမှာတောင် ရှိနေပါတယ်။

သက်ဆင်ဟာ ဒီအမှန်တရားကို လျစ်လျူရှုခဲ့လို့ ဘယ်အစိုးရအဖွဲ့တက်တက် ဘယ်တော့မှ မအေးဆေးနိုင်တော့တဲ့ ဒီကနေ့လို အဖြစ်ဆိုးကြီးမျိုးနဲ့ ထိုင်းနိုင်ငံ ကြုံတွေ့လာရတာလို့
 နိုင်ငံရေးသုံးသပ်သူ တော်တော်များများက ယုံကြည်ကြပါတယ်။

အခုတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ရွေးကောက်ပွဲနိုင်ပြီး တက်လာတဲ့ အစိုးရကို ဆန္ဒပြပြီး ဖြုတ်ချချင်တယ် ဆိုရင်တောင်မှ ဖြုတ်ချလို့ရတဲ့ အခြေအနေမျိုးထိ ရောက်လာခဲ့ပါပြီ။ အခုလက်ရှိအစိုးရ နုတ်ထွက်ပေးလိုက်ရပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ
 ပြန်ကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။ ဒါကို ဆန္ဒပြနေတဲ့ အတိုက်အခံအဖွဲ့က လက်မခံပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ဘယ်အချိန်ထလုပ်လုပ် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ညီမအရင်း အခုလက်ရှိ နုတ်ထွက်ပေးလိုက်ရတဲ့ ၀န်ကြီးချုပ် ‘ယင်လက်’ တို့ဘက်က
 ပြန်နိုင်မှာ သေချာနေလို့ပါပဲ။ အခုတော့ အတိုက်အခံတွေက ‘ငွေကြေးကို အခြေခံတဲ့ နိုင်ငံရေးကို စိတ်ကုန်လှပါပြီ။ ဒါ့ကြောင့် ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖွဲ့တာမျိုးတွေ မလုပ်ချင်တော့ဘူး။

ဘယ်လိုပဲ ကမ္ပည်းတပ်ပါစေ။ တိုက်ရိုက်ခန့် ပြည်သူ့အစိုးရ (People's government) ကိုဖွဲ့ပြီး အဲဒီအစိုးရကပဲ တိုင်းပြည်ကို အုပ်ချုပ်သွားနိုင်အောင် မရမနေ ကြိုးစားတော့မယ်’ လို့ဆိုနေကြလို့ ဘာမှန်းမသိနိုင်တော့တဲ့ အရာတွေ ထိုင်းနိုင်ငံမှာ ဖြစ်ကုန်ပါပြီ။

မြို့နေလူထုနဲ့ မြောက်ပိုင်းက ကျေးလက်နေလူထုတို့အကြား ပေါ်ပေါက်လာတဲ့ ချောက်ကမ်းပါး
ကြီးဟာလည်း မတရား နက်ရှိုင်းသွားပါပြီ။ ဒီရင်ကြားကို စေ့ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ သလောက်ပါဘဲ။

ဒီအကြောင်းတွေကို စဉ်းစားရင်း ‘ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြသေးတာပေါ့ကွာ’ လို့ ကိုယ်တို့လူမျိုးတွေ ကြုံးဝါးလေ့ရှိတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲကြုံးဝါးကြုံးဝါး၊ ကျားနဲ့ဆင်ဟာ လယ်ပြင်မှာ ဘယ်တော့မှ မတွေ့ကြပါဘူး။ လယ်ပြင်မှာ မတွေ့ခဲ့ကြသလို
 တောထဲမှာလည်း မတွေ့ခဲ့ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ တွေ့လည်းဘာမှ အကျိုးမထူးလို့ပါဘဲ။

ကျားကဆင်ကို သေအောင်ကိုက်သတ်နိုင်တောင်မှ ဆင်အသားက ချေတို့သမင်တို့ အသားလို စားလို့မကောင်းမှန်း ကျားကသိပါတယ်။ ဒီလိုပါပဲ။ ကျားဆိုတဲ့ အကောင်က ဆင်ကြိုက်တဲ့ ၀ါးပင်နုနုလေးတွေကို စားတတ်တဲ့အကောင် မဟုတ်လို့ ဆင်အနေနဲ့ကလည်း စားကျက်လုပြီး ကျားကိုအသေသတ်နေစရာ မလိုပါဘူး။ ကြီးနှစ်ကြီးဆိုတာ တစ်ဦးကတစ်ဦးကို ဖြိုနိုင်တယ်ထားဦး အနိုင်ရသူဟာလည်း သေလောက်တဲ့ ဒဏ်ရာတွေ ရသွားမှာမို့ ကျားနဲ့ဆင်ဟာ လယ်ပြင်မှာတွေ့တောင်မှ တစ်ဦးကိုတစ်ဦး ရန်ပြုလေ့မရှိဘဲ လွတ်ရာကို ရှောင်ထွက်သွားလေ့ ရှိကြတာ ဖြစ်ပါတယ်။ အခုတော့ ထိုင်းမှာ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ခဲ့ကြလို့ ထိုင်းမှာသာမက ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ လူတွေပါ ရတက်မအေး ဖြစ်ကုန်ကြရပါပြီ။

ဒါကြောင့် ကြီးနှစ်ကြီးဆိုတာ တစ်ဦးအပေါ်တစ်ဦး အန္တရာယ် မပြုရုံသာမက တစ်ဦးရဲ့ စိုးရိမ်သောကကို
တစ်ဦးက ဖြေဖျောက်ပေးဖို့လည်း လိုပါတယ်။ ဒါမှသာ ကျန်တစ်ဦးအနေနဲ့ သွားလိုရာခရီးကို
 ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းနိုင်မှာပါ။ ဒီအမှန်တရားကို ပစ်ပယ်ထားလို့ မရနိုင်ပါဘူး။

ကိုယ့်နိုင်ငံမှာလည်း ပြဿနာတစ်ရပ်ကို သမားရိုးကျနည်းနဲ့ ဖြေရှင်းနေကြပြီး အဖြေရှာ
မတွေ့နိုင် ဖြစ်နေကြတယ်လို့ ယူဆရပါတယ်။ တကယ်တော့ ခုပြောခဲ့တဲ့ အမှန်တရားပေါ် ရပ်တည်ပြီး ပြဿနာကို ဖြေရှင်းမှ လူရောနတ်ပါ ချမ်းသာနိုင်မှာပါ။

ဒါ့ကြောင့် အနှစ်ချုပ်ပြောလိုတာက ကျားနဲ့ဆင် အမြန်တွေ့ဖို့ လိုပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦးဟာ လယ်ပြင်မှာတွေ့ဖို့တော့ မဟုတ်ဘူး။
စားပွဲတစ်လုံးမှာ နှစ်ယောက်တည်း အတူထိုင်ပြီး တစ်နာရီလောက်တွေ့ဖို့ပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် သားတွေသမီးတွေ လက်ထက်မှာ ချမ်းချမ်းသာသာနဲ့ မပူမပင်
မကြောင့်မကြ နေရဖို့ထက် ပိုပြီးအရေးကြီးတာ ကိုယ့်တိုင်းပြည်မှာ ဘာမှမရှိဘူး။
ဒါ့ကြောင့် ဒီတွေ့ဆုံပွဲ အမြန်ဖြစ်မြောက်အောင် ပြည်သူပြည်သား တိုင်းနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားအားထုတ် သင့်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမှန်တရားပေါ် ရပ်တည်ထားတဲ့ ဒီနည်းလမ်းသာလျှင် ကိုယ့်နိုင်ငံကို အမြန်ဆုံးကယ်တင်နိုင်မယ့်နည်းလမ်း ဖြစ်နေလို့ပါပဲ။

နီမင်းဆွေ
news-eleven

No comments:

Post a Comment