Tuesday, October 15, 2013
စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း
စင်ကာပူနိုင်ငံသို့ရောက်ရှိလာသူ နိုင်ငံခြားသား ဧည့်သည်တစ်ဦးအဖို့ နိုင်ငံအတွင်း လှည့်လည်သွားလျှင် ပန်းခြံကြီးတစ်ခုအတွင်း သို့မဟုတ် ဥယျာဉ်ကြီးတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားရပါလိမ့်မည်။ 
 မြေလွတ်အားလုံးကို မြက်ခင်းစိမ်းစိမ်းတို့ဖြင့် ဖုံးလွှမ်းလျှက်။ လမ်းဘေးဝဲယာတို့တွင် သစ်ပင်များ၊ ပန်းပွင့်များဝေဆာစွာပွင့်ဖူးနေသော ပန်းပင်၊ ပန်းခြုံ၊ ပန်းနွယ်များ စီတန်းလျှက်။ အိမ်များအကြား၊ အဆောက်အအုံများအကြား သစ်ပင်ကြီးများစိမ်းစိုလျှက်။ Jurong Bird Park, Night Safari, Singapore Zoo စသည့်နေရာများ၊ ပန်းခြံများ အတွင်း၌ စိမ်းစိုညိုမှောင်နေသော အပင်ကြီးများ၊ ပန်းခြုံများဖြင့် စိမ်းစိမ်းစိုစို ရှိလျှက်။ လူမနေသည့်တောတန်းများတွင် သစ်ပင်၊ ၀ါးပင်ကြီး များဖြင့် ပြည့်နှက်လျှက်။ ယုတ်စွအဆုံး၊ စူပါမားကက်ကြီးများအတွင်း၌ ပန်းပင်များကို အိုးကြီးများဖြင့် စိုက်ထားသည်၊ ကားရပ်နားသည့် အဆောက်အအုံ ခေါင်မိုးများပေါ်တွင်ပါ သစ်ပင်ပန်းမာလ်များဖြင့်
 ဝေဆာလှပလျှက်ရှိသည်ကို သတိထားမိကြပါလိမ့်မည်။
                 စင်ကာပူနိုင်ငံကို ဤကဲ့သို့ စိမ်းစိုလှပနေအောင် မည်ကဲ့သို့စီမံထားသနည်းဆိုသည်ကို
 သေသေချာချာသိနိုင်ရန် စင်ကာပူမှ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၌ လက်တွေ့ပါဝင် ဆောင်ရွက်နေကြသော မြန်မာစိုက်ပျိုးရေးပညာရှင် များနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကျွန်တော်တွေ့ဆုံမေးမြန်းခဲ့သူများမှာ JTC မှ ဦးဂျော့ကျော်စိုး၊ ဦးတင်ဇော်အောင်၊ ဦးအောင်ဆွေဦးနှင့် ဒေါ်အေးအေးမွန်၊ ဦးခင်မောင်စိုး၊ ဦးဇော်မင်းသိန်းတို့ဖြစ်ပါသည်။
               ၎င်းတို့ပြောပြသည်များကို အခြေခံလျှက် အခြားသိသင့်သိထိုက်သည်များ ကို အင်တာနက်မှ မွှေနှောက်ရှာဖွေကာ မြန်မာပြည်မှ မြို့ပြများတွင်လည်း သစ်ပင်ပန်းမာလ်ထိန်းသိမ်းရေး အတုယူနိုင်ကြပါစေရန် ရည်ရွယ် ရေးသားလိုက်ပါသည်။
ဤဓါတ်ပုံများမှာ ကျွန်တော့်အနီးပတ်ဝန်းကျင်တွင် လောလောလတ်လတ် ကောက်ကက်ရိုက်ထားသည့် ပုံများဖြစ်ပါသည်။ Chinese New Year ပိတ်ရက်များက ဓါတ်ပုံထွက်ရိုက်ရန် စိတ်ကူးသေးသော်လည်း ဆက်တိုက်မိုးရွာနေသဖြင့် အခွင့်မသာခဲ့ပါ။ နေမသာလျှင် ဓါတ်ပုံရိုက်လို့မကောင်းပါ။
ကျွန်ုပ်တို့တိုင်းပြည်၌ သစ်ပင်ပန်းပင်များကို ချစ်တတ်သူ၊ ဂရုတစိုက်စောင့်ရှောက်ထိန်းသိမ်းတတ်သူ လူဦးရေမှာ လက်ချိုးရေလို့ ရသည့်အဆင့်တွင်ပင်ရှိပါသေးသည်။ အများစုမှာ သစ်ပင်ပန်းပင်၊ ၀ါးပင်များကို တန်ဘိုးထားရကောင်းမှန်းမသိပါ။ ကျွန်ုပ်တို့ဆီမှ လူများမှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သစ်ပင်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သစ်ပင်မှအကိုင်းကို ချိုင်ချလိုက်ဘို့၊ သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်ဘို့ မည်သူကမှလက်နှေးမနေပါ။ အလွန်လွယ်ကူလှပါသည်။
          မြို့ပြတွင်နေထိုင်သူများက ဓါတ်ကြိုးနှင့်မလွတ်သဖြင့် သစ်ပင်ကိုခုတ်သည်။ လမ်းချဲ့ဘို့ သစ်ပင်ကိုခုတ်သည်။ အိမ်ချဲ့ဘို့ သစ်ပင် ကို ခုတ်သည်။ ကျေးလက်တောရွာများတွင် နေထိုင်သူများက ထင်းမီးအတွက် သစ်ပင်ကိုခုတ်သည်။ အိမ်ဆောက်ဘို့ သစ်ဝါးများကို ခုတ်သည်။ မီးသွေးဖုတ်ဘို့ သစ်ပင်ကိုခုတ်သည်။ အစိုးရအာဏာပိုင်များနှင့်ပိုင်သူ (ယခုခေတ်အခေါ် ခရိုနီ) များက တန်ဘိုးကြီး ရှားပါးသည့် သစ်ကြီးဝါးကြီးများကို အတိုင်းအဆမရှိခုတ်သည်။ ၀ါးပင်များကို အမြစ်မှပါနှုတ်ယူသည်။ မြန်မာပြည်သစ်တောများကို ပထွေးဆီမှ ရသည့် အမွေအလား သဘောထားသည်။
         မြစ်ဆုံဆည်များလုပ်ဘို့ စာချုပ်လိုက်တော့ ထိုမြစ်ဆုံဆည်ကို အကြောင်းပြကာ တရုတ်ပြည်က မြန်မာမြောက်ပိုင်း တစ်ခြမ်းလုံးကို ငါတို့ပိုင်ပြီဟု သဘောပိုက်လျှက် ရှိသမျှသစ်ပင်၊ ၀ါးပင်အားလုံးကို ပြောင်သလင်းခါအောင် ခုတ်သည်။ ဆည်ကိုအကြောင်းပြကာ ထွက်လာ သမျှ မြေကြီးမှန်သမျှ တရုတ်ပြည်သို့ အကုန်သယ်သည်။ သူများနိုင်ငံက ကျွန်ုပ်တို့နိုင်ငံတွင်းဝင်ကာ လုပ်ချင်သလိုလုပ်နေတာကို ကျွန်ုပ်တို့ က အသာတကြည်ခွင့်ပြုလျှက် ကျေးဇူးများပင် တင်နေရချေလေသေး၏။
          သည်သစ်ပင်ကြီးတစ်ပင် ဖြစ်လာအောင် ဘယ်နှနှစ်စောင့်ရသည်။ ထို့ကြောင့် အလွယ်တကူခုတ်မပစ်သင့်။ မဖြစ်မနေ ခုတ်ရသည် ဆိုလျှင်လည်း အစားပြန်စိုက်မည်ဟု မည်သူစဉ်းစား တွေးတောပါသနည်း။ ဝေးစွခြောက်ပါး။ မင့်နှယ်ကွာ၊ သစ်ပင်ဆိုတာ ဘာစိုက်စရာ လိုသလဲကွ။ သဘာဝအလျောက် ပေါက်တာပေကပဲ။ မင့်မို့လို့ အလုပ်မရှိအလုပ်ရှာ။ သစ်ပင်စိုက်ရမယ်လို့ကွာ ဟု ပြောမည့်သူသာ များပေလိမ့်မည်။
          ရလဒ်အနေနှင့် ကျွန်ုပ်တို့တိုင်းပြည်တွင် စိမ်းစိုညိုမှောင်နေသော သစ်တောကြီးများ မရှိတော့ပြီ။ ၂၀၁၂ ဒီဇင်ဘာလက ဟောပြောပွဲများအတွက် ကျွန်တော် အထက်မြန်မာပြည်သို့ ခရီးဆန့်တော့ ရန်ကုန်မှမကွေးထိ သွားသည့်လမ်းတစ်လျှောက်တွင် တောင်ကတုံးများကို ကားလမ်းတလျှောက်တွေ့ခဲ့ရသည်။ တစ်နေရာထဲမဟုတ်ပါ။ ရန်ကုန်မှ နေပြည်တော်ထိ၊ နေပြည်တော်မှ မကွေးထိ တခွင်တပြင်ကြီးဖြစ်ပါသည်။ သည်ပုံနှင့်သာဆိုပါက အနာဂတ်ကာလတွင် မြန်မာနိုင်ငံသည် သစ်ဝါးများကို နိုင်ငံခြားမှ မှာယူတင်သွင်းရသည့် အခြေဆိုက်ပေလိမ့်မည်။
          စင်ကာပူသည် မြန်မာပြည်နှင့်ယှဉ်လိုက်ပါက လက်တစ်ဝါးစာမျှသာရှိပါသည်။ သို့သော် သင်မိတ်ဆွေတို့ စင်ကာပူနိုင်ငံအတွင်း လျှောက်ကြည့်ပါ။ ဘယ်နေရာသွားသွား သစ်ပင်ပန်းပင်များနှင့် စိမ်းစိုနေတာ တွေ့ရပါလိမ့်မည်။ မိတ်ဆွေတို့ Jurong Bird Park သို့မဟုတ် Botanical Garden ကို သွားကြည့်စမ်းပါ။ စိမ်းစိုညိုမှောင်နေသော သစ်ပင်ကြီးများကို တွေ့ရပါလိမ့်မည်။
          သို့ဆိုလျှင် စင်ကာပူသည် သူရို့နိုင်ငံကို မည်ကဲ့သို့ သည်လိုစိမ်းစိုနေအောင် လုပ်နေသနည်းဆိုသည်ကို စိတ်ဝင်စားဘို့ မကောင်း ပါသလော။ ကောင်း၏။
          သို့အတွက် စင်ကာပူမှ သည်သစ်ပင်ပန်းမာလ် ထိန်းသိမ်းရေးစနစ်အကြောင်း စာကလေးတစ်ပုဒ်မျှရေးရသော် ကောင်းလေစွဟု စိတ်ကူးမိပါသည်။ သည်စာကိုဖတ်မိသူ မြန်မာပြည်သူလူအများလည်း သစ်ပင်များကို ချစ်တတ်သည့်စိတ်ကလေး နည်းနည်းရလည်း မနည်း ဟုလည်း သဘောပိုက်မိပါ၏။ ထို့ကြောင့် အခြားကိစ္စများအသာထားလျှက် ဤသစ်ပင်များအကြောင်း ရေးပါသည်။ အမှန်က သည်သစ်ပင် များအကြောင်း ကျွန်တော့်မိတ်ဆွေ စိုက်ပျိုးရေးသမားများအား တိုက်တွန်းတာ ကြာပါပြီ။ အလုပ်မဖြစ်ပါ။ သည့်အတွက် ကျွန်တော်က သူတို့ကို အင်တာဗျူးလျှက်၊ အခြားစာအုပ်စာတမ်းများကိုလည်း ရှာဖွေဖတ်ရှုကာ ရေးလိုက်ခြင်း ဖြစ်ပါသည်။
စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၁) မှာ အလွန်များသဖြင့် ရေးလို့မပြီးသေးပါ။ အလွယ်တကူရေးလို့ရသည့် ဥပဒေအကြောင်း အများသိနိုင်ရန် ဦးစွာ ဖော်ပြလိုက်ပါသည်။ အပိုင်း(၁) ကို နောက်ဆယ်ရက်အတွင်း အပြီးရေးပါမည်။
သစ်ပင်၊ ပန်းပင်များ ပြုပြင်ထိန်းသိမ်းရေးကို ဥပဒေဖြင့် ကျကျနန အကောင်အထည်ဖော်ရန်လိုပါသည်။ စင်ကာပူ၌ ပန်းခြံများနှင့် သစ်ပင်များပြုပြင်ထိန်းသိမ်းရေးအတွက် ပြဌာန်းထားသော ဥပဒေမှာ Parks and Trees Act (Chapter 216) ဖြစ်ပါသည်။ ထိုဥပဒေက အပင်များစိုက်ပျိုးခြင်း၊ ပြုပြင်ခြင်း နှင့် ထိန်းသိမ်းရေးကို အထောက်အပံ့ပြုသည်။ ထိုဥပဒေကို ၁၉၇၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် စတင် ကျင့်သုံးခဲ့၏။ ထို့နောက် အကြိမ်ကြိမ် ပြန်လည်ပြင်ဆင် ဖြည့်စွက်ခဲ့သည်။
ထိုဥပဒေ၌ အပိုင်း ၉ ပိုင်း၊ အခန်း ၆၅ ခန်းပါဝင်သည်။
          ထိုဥပဒေ၌ -
ဤဥပဒေကိုအကောင်အထည်ဖော်ရာ၌ ခန့်ထားရမည့် ၀န်ထမ်းများ၊ အမျိုးသားဥယျာဉ်များနှင့် သဘာဝ တောတောင်ရေမြေများ ပြုစုပျိုးထောင်ရေး၊ ထိုအပင်များ၊ အကောင်ပလောင်များနှင့်ပတ်သက်၍ ကန့်သတ်ထားချက်များ၊ အပင်များကာကွယ်ရေးနှင့် ထိန်းသိမ်းရေးအတွက် ဧရိယာများသတ်မှတ်ခြင်း၊ အပင်များကို ခုတ်ခြင်း၊ လှဲခြင်းတို့နှင့် ပတ်သက် သည့် သတ်မှတ်ချက်များ၊ သမိုင်းဝင်၊ အမွေအနှစ်သစ်ပင်ကြီးများ သတ်မှတ်ရေး၊ ကုသရေး နှင့် ထိန်းသိမ်းရေး၊ သစ်ပင်များ စိုက်ရမည့်နေရာ သတ်မှတ်ခြင်း၊ ပိုင်ရှင်၏ တာဝန်ဝတ္တရားများ၊ သစ်ပင်သစ်ကိုင်းများဖြတ်တောက်ခြင်း၊ ခုတ်လှဲခြင်းတို့အတွက် လက်မှတ်ရပညာရှင်များ သတ်မှတ်ခြင်း၊ ၎င်းတို့၏ ပညာအရည်အချင်းလက်မှတ်များ၊ သစ်ပင်သည် လမ်းနှင့်မလွတ်လျှင်၊ ရေမြောင်းနှင့်မလွတ်လျှင်၊ အသစ်ဆောက်မည့် အဆောက်အအုံနှင့် မလွတ်သည့်အခါ ဆောင်ရရှောင်ရမည့် အချက်များ။ ဥပဒေကို မလိုက်နာလျှင် အရေးယူမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဤဥပဒေနှင့် အကျုံးမ၀င်သည့်နေရာများ၊ အပင်များ၊ ကင်းလွတ်ခွင့်များ၊ နိုင်ငံကပိုင်သော ပန်းခြံများ၊ သဘာဝတောတောင်များ -
-       စသဖြင့် ပါဝင်ပါသည်။
ထိုဥပဒေကို အကောင်အထည်ဖော်ရန် ပြဌာန်းထားသော နည်းဥပဒေများမှာ -
၁။ Parks and Trees Regulation (2005)
၂။ Parks and Trees Act (Planting Areas) Notification (2005)
၃။ Parks and Trees Act (Herigage Road Green Buffers) Order (2006)
၎။ Parks and Trees Act (Preservation of Trees) Order (1990)
၅။ Parks and Trees Act (Officers to Perform Duties and Functions of Commissioner of Parks and Recreation)
၆။ Parks and Trees Act (Officers to Exercise Powers of Police Officer Within Public Park) (1990)
၇။ Tree Conservation Area (TCA)
ထို့အပြင် ထိုဥပဒေကို အကောင်အထည်ဖော်မည့် NParks အတွက်လည်း National Parks Board Act ဟု ရှိပါသေးသည်။ ထိုဥပဒေကို ၁၉၉၀ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့၏။
          Parks and Trees Act မှ သိသင့်သိထိုက်သည်များကို ဗဟုသုတရစေရန် အကျဉ်းချုပ်ဖော်ပြလိုက်ပါသည်။ ရှေ့မှဂဏန်းများမှာ ဥပဒေအပိုဒ်များ ဖြစ်ပါသည်။
၎၊ ၁။ ဤဥပဒေကို အကောင်အထည်ဖော်ရန် ပန်းခြံနှင့်အပန်းဖြေမှုဆိုင်ရာ မဟာမင်းကြီး (Commissioner of Parks and Recreation) ခန့်ထားဆောင်ရွက်ပါသည်။
၎၊ ၃။ မဟာမင်းကြီးက ပန်းခြံများ၊ ထိန်းသိမ်းထားသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရာရှိများခန့်ထားနိုင်ပါသည်။
၇၊ ၃။ ဤပန်းခြံများ၊ ထိန်းသိမ်းထားသည့်သဘာဝပတ်ဝန်းကျင်များကို သစ်ပင်ပန်းမာလ်များ၊ ကျေးငှက်နှင့် သားရဲတိရစ္ဆာန်များ၊ အခြား လိပ်ပြာအစရှိသော ဇီဝပိုးမွှားများကို ကာကွယ်စောင့်ရှောက်ရန်၊ ထိန်းသိမ်းရန်၊ သုတေသနပြုရန်၊ အပင်များ ပိုးမွှားများအကြောင်း လေ့လာနိုင်ရန်၊ သမိုင်းမှတ်တမ်းများအဖြစ် ထိန်းသိမ်းရန်၊ ရုက္ခဗေဒဆိုင်ရာ၊ ဥယျာဉ်ဆိုင်ရာ၊ သိပံ္ပဆိုင်ရာစိတ်ဝင်စားစရာများအဖြစ် ထိန်းသိမ်းရန်၊ အပန်းဖြေနိုင်ရန် စသည်တို့အတွက်သုံးပါသည်။
၈၊ ၁။ ဤပန်းခြံ၊ တောများအတွင်း မပြုလုပ်ရန် တားမြစ်ထားချက်များ
(မည်သူမဆို မဟာမင်းကြီး၏ ခွင့်ပြုမိန့်တစ်စုံတစ်ရာ မရရှိဘဲ အောက်ပါတို့ကို မပြုလုပ်ရ။)
၁) သစ်ပင်၊ ပန်းမာလ်များကို ခုတ်ခြင်း၊ လှဲခြင်း၊ နေရာရွှေ့ခြင်း၊ စိုက်ပျိုးခြင်း
၂) အဆောက်အဦ၊ တဲ၊ ဆိုင်းဘုတ်၊ အခန်းအနားပြင်ခြင်း၊ ဘာသာရေးဆိုင်ရာ အမှတ်အသားများထားခြင်း၊ ပြင်ဆင်ခြင်း
၃) မြေတူးခြင်း၊ မြေရှင်းခြင်း၊ မြေကိုခုတ်ဖြတ်ခြင်း၊ ခွဲခြင်း၊ ထွန်ယက်ခြင်း
၎) ဘုတ်အဖွဲ့ (NParks Board) ကပိုင်သည့် အဆောက်အဦ၊ ယာဉ်၊ လှေ၊ စသည့်အရာများကို သုံးခြင်း
၅) အမှိုက်များ၊ မြေကြီး၊ သဲ၊ ကျောက်၊ ရွှံ့စေး၊ နွားချေး၊ သစ်ရွက်ဆွေး၊ ဖုံ၊ လွှစာ၊ မြက်၊ ကောက်ရိုးစသည့် ပန်းခြံမှမပိုင်သော ပြင်ပမှ မည်သည့်ပစ္စည်းကိုမှ ပန်းခြံ၊ သစ်တောများအတွင်း လာရောက်စုပုံခြင်း၊ ပစ်ခြင်း၊ သိုလှောင်ခြင်း
၈၊ ၂။ ခွင့်ပြုချက်မရှိဘဲ ပန်းခြံ၊ သစ်တောများအတွင်း မည်သူတစ်ဦးတစ်ယောက်မှ ပွဲလမ်းသဘင်၊ ပျော်ပွဲစားခြင်းမပြုရ။ ဤသို့ပြုခြင်းဖြင့် ပန်းခြံ၊ သစ်တောများအတွင်းရှိ သစ်ပင်၊ ပန်းမာလ်၊ အဆောက်အဦ၊ ဆိုင်းဘုတ်၊ ခုံတန်းလျားအစရှိသော ပန်းခြံပိုင်ပစ္စည်းများကို သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ မဖျက်ဆီးရ။
၈၊ ၃။ အထက်ပါအချက်များကျူးလွန်သူအား ဒေါ်လာ ၅ သောင်းထက်မများသောငွေဒဏ် သို့မဟုတ် ၆ လထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၉၊ ၁။ မဟာမင်းကြီး၏ ခွင့်ပြုမိန့်တစုံတရာမရဘဲ တစ်စုံတစ်ဦးသည် အောက်ပါအမှုများ မပြုလုပ်ရ။
က) သားရဲတိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ အစာကျွေးခြင်း
ခ) မည်သည့်သားရဲတိရစ္ဆာန်ကိုမဆို နှောင့်ယှက်ခြင်း၊ အသိုက်များဖျက်ဆီးခြင်း၊ အသိုက်များကို ယူဆောင်ခြင်း
ဂ) လိပ်ပြာစသည့် အကောင်ငယ်လေးများအား ဖမ်းဆီးစုဆောင်းခြင်း၊ ဖယ်ရှားခြင်း၊ နေရာပြောင်းရွှေ့ခြင်း
ဃ) မည်သည့် တိရစ္ဆာန်ကိုမဆို ဖမ်းဆီးရန်ရည်ရွယ်၍ ကျော့ကွင်းများ၊ ထောင်ချောက်များ၊ သေနတ်များ၊ တည်ကြက်များ၊ ပိုက်ကွန်များ အစရှိသည့် လက်နက်ကိရိယာများကို အသုံးပြုခြင်း
င) အမဲလိုက်လက်နက်ကိရိယာများ၊ ထောင်ချောက်များ၊ ပိုက်ကွန်များ၊ မီးပေါက်သေနတ်များကို လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း
၉၊ ၂။ မည်သူတစ်ဦးတစ်ယောက်မှ သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ ပန်းခြံ၊ တောတောင်များအတွင်းရှိ သားရဲတိရစ္ဆာန်များ၊ လိပ်ပြာ စသည့်အကောင်ငယ်ကလေးများအား အနာတရဖြစ်စေ၊ သေစေမည့်အပြုအမူမျိုး မပြုလုပ်ရ။
၉၊ ၃။ မဟာမင်းကြီး၏ခွင့်ပြုမိန့် တစ်စုံတရာမရဘဲ မည်သူမှအောက်ပါတို့ကို မပြုလုပ်ရ။
က) မည်သည့်တိရစ္ဆာန်ကိုမဆို ပန်းခြံများ၊ တောတောင်များအတွင်း သယ်လာခြင်း၊ လွှတ်ခြင်း
ခ) အိမ်မွေးတိရိစ္ဆာန်များကို တောတောင်များအတွင်း လွှတ်ကျောင်းခြင်း
၉၊ ၄။ အထက်ပါအချက်များကျူးလွန်သူအား စင်ကာပူဒေါ်လာ ၅ သောင်းထက်မများသောငွေဒဏ် သို့မဟုတ် ၆ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၁၀၊ ၁။ မည်သူမျှ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်၊ ဘူမိဗေဒ၊ သိပံ္ပ သို့မဟုတ် အလှအပအဖြစ်ထားသည့် ပစ္စည်း၊ အသုံးအဆောင်၊ ဆိုင်းဘုတ်၊ ကြော်ငြာ၊ သတိပေးစာ စသည်တို့ကို အမှတ်တမဲ့ဖြစ်စေ၊ သိလျှက်နှင့်ဖြစ်စေ ဖျက်ဆီးခြင်း၊ ပြုပြင်ခြင်း၊ ချိုးဖဲ့ခြင်း။ ပြောင်းရွှေ့ခြင်း၊ ပြုပြင်ခြင်း မပြုလုပ်ရ။
၁၀၊ ၂။ ပြုလုပ်လျှင် ဒေါ်လာ နှစ်သောင်းထက်မများသော ဒဏ်ငွေ တပ်ရိုက်နိုင်သည်။
၁၁။ မဟာမင်းကြီးက ဖျက်ဆီးသူအား ဤကဲ့သို့ဖျက်ဆီးခြင်းများကို ပြန်လည်ပြင်ဆင်ပေးရန် အမိန့်ချမှတ်နိုင်သည်။
၁၂။ အပိုဒ် ၈ နှင့် ၉ ပါအမှုများကို ပြုမူဆောင်ရွက်လိုသူသည် မဟာမင်းကြီးထံ ခွင့်ပြုမိန့် လျှောက်ထားနိုင်သည်။ မဟာမင်းကြီးသည် ထိုခွင့်ပြုမိန့်ကို အတည်ပြုနိုင်သလို ငြင်းပယ်ခွင့်လည်း ရှိသည်။
၁၃။ သစ်ပင်ထိန်းသိမ်းရေးဧရိယာမှာ အောက်ပါအတိုင်းဖြစ်၏။
၁၄၊ ၁။ မည်သူတစ်ဦးတစ်ယောက်မှ မဟာမင်းကြီး၏ ခွင့်ပြုမိန့်မရဘဲ သစ်ပင်ထိန်းသိမ်းရေးဧရိယာ သို့မဟုတ် သစ်ပင်ထိန်းသိမ်းရေးဧရိယာ ပြင်ပရှိ ပလပ်မြေများအတွင်းမှ လုံးပတ် ၁ မီတာထက်ကျော်သည့် မည်သည့်အပင်ကိုမှ ခုတ်ခွင့်မပြု။
၁၄၊ ၄။ ဤနေရာတွင် လုံးပတ်ဟူသည် မြေမျက်နှာပြင်အထက် ၀.၅ မီတာတွင် တိုင်းတာရရှိသောလုံးပတ်ဖြစ်၏။
၁၄၊ ၂။ ဤပြစ်ချက်ကိုကျူးလွန်လျှင် ဒေါ်လာငါးသောင်းထက်မပိုသော ဒဏ်ငွေကို တပ်ရိုက်နိုင်သည်။
၁၆။ Npark Board ၏အကြံပြုချက်ဖြင့် ၀န်ကြီးသည် စင်ကာပူနိုင်ငံအတွင်း မည်သည့်နေရာရှိ သစ်ပင်ပန်းမာလ်၊ လမ်းကိုမဆို သမိုင်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်သည်။
၁၇။ အပိုဒ် ၁၆ ပါသတ်မှတ်ထားသော သမိုင်းအမွေအနှစ် သစ်ပင် သို့မဟုတ် လမ်းအတွင်းရှိသစ်ပင်များကို မည်သူမှ မဟာမင်းကြီး၏ ခွင့်ပြုမိန့်မပါဘဲ ခုတ်လှဲခွင့်မရှိ။
၁၈၊ ၂။ ခုတ်လှဲသူအား ဒေါ်လာ ၅သောင်းထက်မများသော ဒဏ်ငွေ တပ်ရိုက်နိုင်သည်။
၁၈၊ ၄။ သစ်ပင်သည်သေနေသည့်အတွက် ခုတ်ပါသည်။ လဲကျပြီးအများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက် နေသဖြင့်ခုတ်ပါသည်ဟူသော အကြောင်းပြချက်မျိုးလုံးဝ လက်မခံပါ။
၁၉၊ ၁။ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့်အပင်၊ လမ်းများအား မဟာမင်းကြီး၏ ခွင့်ပြုချက် တစုံတရာမရဘဲ မည်သည့် အကြောင်းနှင့်မှ ပြုပြင်ခြင်း။ အခြားပစ္စည်းများ တပ်ဆင်ခြင်း၊ မှီခြင်း၊ လမ်းကိုဖြတ်ထားခြင်း၊ ပိတ်ခြင်း၊ အဆောက်အဦ တစ်ခုခုဆောက်လုပ်ခြင်း စသည်တို့ မပြုလုပ်ရ။
၁၉၊ ၂။ အထက်ပါအချက်များကျူးလွန်သူအား စင်ကာပူဒေါ်လာ ၅ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၂၃။ Building Control Act ဖြင့် ဆောက်လုပ်ရန် ခွင့်ပြုထားသော ဧရိယာစည်းရိုးအပြင်ဘက် ၂ မီတာထက်ကျော်ပြီး အပင် မစိုက်ရ။ ရှေ့မျက်နှာစာမှ ၅ မီတာထက်ပိုမစိုက်ရ။ စိုက်လျှင်လည်း သတ်မှတ်ချက်များအတိုင်းသာ စိုက်ရမည်။
၂၄၊ ၁။ မဟာမင်းကြီး၏ ခွင့်ပြုမိန့်မရဘဲ မည်သူမှ အပိုဒ် ၂၃ ပါဧရိယာထက် ပိုစိုက်ခွင့်မရှိ။
၂၄၊ ၂။ ပိုစိုက်လျှင် ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၂၅။ မိမိပိုင်နက်အတွင်းရှိ စိုက်ပျိုးမြေနေရာကို ပြုပြင်ထိန်းသိမ်းရန် ပိုင်ရှင်တွင် တာဝန်ရှိသည်။
၂၆၊ ၁။ မဟာမင်းကြီး၏ခွင့်ပြုမိန့်မရဘဲ မည်သူမှ စိုက်ပျိုးမြေဧရိယာမှ အပင်များကို အကိုင်းချိုင်ခြင်း၊ ခုတ်လှဲခြင်း၊ ပြုပြင်ခြင်းများ မပြုရ။
၂၆၊ ၃။ ပြုလုပ်သူအား ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၂၇၊ ၁။ နိုင်ငံစိမ်းစိုသာယာရေးအတွက် မဟာမင်းကြီးသည် မည်သည့်ခြံပိုင်ရှင်ကိုမဆို အောက်ပါတို့ပြုလုပ်ရန် အမိန့်ပေးနိုင်သည်။
က) သတ်မှတ်ထားသော အပင်အမျိုးအစားကို သတ်မှတ်ထားသည့်အရေအတွက်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် စိုက်ပျိုးထိန်းသိမ်းထားရန်
ခ) သတ်မှတ်ထားသည့် အပင်အရည်အသွေးရအောင် ပြုပြင်ထိန်းသိမ်းနေရန်
ဂ) ပေါင်းမြက်များအား သုတ်သင်ရှင်းလင်းရန်
 ဃ) မဟာမင်းကြီးက သင့်တော်သည်ဟု ပြုလုပ်ခိုင်းလာသည်ကို ပြုလုပ်ရန်
၂၇၊ ၂။ အထက် အပိုဒ် ၂၇၊ ၁ အရစိုက်ပျိုး၊ ထိန်းသိမ်းထားသည့် မည်သည့်အပင်ကိုမှ မည်သူတစ်ဦးတစ်ယောက်သည် ခုတ်လှဲခြင်း၊ ဖျက်ဆီးခြင်းမပြုရ။
၂၇၊ ၃။ ပြုလုပ်သူအား ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။
၃၀။ လမ်းအာဏာပိုင်များမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မဟာမင်းကြီး၏ခွင့်ပြုချက်မရဘဲ အများပြည်သူသုံးလမ်းအသစ် ဖောက်လုပ်ခွင့်မရှိ။ ပြုလုပ်သူအား ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။
          သစ်ပင်ခုတ်ခွင့်မခုတ်ခွင့်၊ အကိုင်းချိုင်ခွင့်မချိုင်ခွင့် အကဲဖြတ်ပေးသူသည် လက်မှတ်ရ (Arborist) ဖြစ်ရမည်။ ထိုလက်မှတ်ကို NParks Board သို့တင်ပြရမည်။ လက်မှတ်အတုဖြစ်လျှင် အရေးယူနိုင်သည်။ အထက်ပါအချက်များ (သစ်ကိုင်းချိုင်ခြင်း၊ အပင်လှဲခြင်း၊ အကောင်များဖမ်းခြင်း စသည်) ကိုပြုလုပ်သူအား နာမည်၊ လိပ်စာ စသည်တို့မေး၍ မပြောခဲ့လျှင်၊ သို့မဟုတ် ပြောသည့်နာမည်နှင့် လိပ်စာများအားသံသယရှိလျှင် မဟာမင်းကြီး၊ အာဏာရအရာရှိ၊ ရဲအရာရှိက ထိုသူအား ဖမ်းဆီးနိုင်သည်။
၄၂။ ဤဥပဒေပါ ပြဌာန်းထားသည့် ပန်းခြံများ၊ ထိန်းသိမ်းထားသည့် တောတောင်များအား ကျူးကျော်ဝင်ရောက်သူ၊ ဖျက်လိုဖျက်ဆီးလုပ်သူ၊ ထွက်သွားရန်အမိန့်ပေးသည်ကို ငြင်းဆန်သူ၊ သို့မဟုတ် ဤဥပဒေပါ ပြဌာန်းချက်များကို ချိုးဖောက်သူအား မဟာမင်းကြီး၊ အာဏာရအရာရှိ၊ ရဲအရာရှိ၊ ပန်းခြံထိန်းသိမ်းသူသည် ဖမ်းဝရမ်းပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖမ်းနိုင်သည်။
၄၄။ Npark မှ ထိန်းသိမ်းထားသည့် ပန်းခြံ၊ မြက်ခင်းများပေါ်ကားရပ်လျှင် မည်သည့်အကြောင်းပြချက်မှ လက်မခံဘဲ ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀ ထိ တပ်ရိုက်နိုင်သည်။ ဤနေရာ၌ ကားရပ်သည်ဆိုရာတွင် ခဏတဖြုတ်ရပ်ပြီး လူစောင့်သည် ဖြစ်စေ၊ ရပ်ပြီး တခြားသွားနေသည် ဖြစ်စေကို ဆိုလိုပါသည်။
သစ်ပင်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ဦးတင်ဇော်အောင် ပြောကြားချက်များ
by Aye Nyein (Notes) on Tuesday, February 19, 2013 at 1:11pm
              စင်ကာပူမှာ Tree Conservation Area ၂ ခုရှိတယ်။ TCA1 နဲ့ TCA2 ။ TCA1 ကို Central Conservation Area လို့လည်း ခေါ်တယ်။ TCA2 ကို Changi Conservation Area လို့ခေါ်တယ်။ အဲဒီ TCA အတွင်းမှာရှိတဲ့အပင်တွေဆို girth size – girth ဆိုတာ လုံးပတ်။ လုံးပတ်ကို ဘယ်နေရာမှာတိုင်းလဲဆိုတော့ 0.5m နဲ့ 1m အမြင့်ကြားထဲမှာတိုင်းတယ်။ construction site ထဲကအပင်ဆိုရင် အမြင့် မီတာဝက်နေရာမှာလုံးပတ်ကိုတိုင်းတယ်။ လမ်းဘေးသစ်ပင်ဆိုရင် ၁ မီတာအမြင့်မှာတိုင်းတယ်။ တိုင်းလို့ လုံးပတ်ဆိုဒ် ၁ မီတာ နဲ့အထက်ဆိုရင် အဲဒီအပင်ဟာ TCA Act နဲ့ ငြိနေတယ်။ ငြိတော့ဘာဖြစ်လဲ။ ဒီအပင်ကို ဘယ်သူပဲပိုင်ပိုင် အစိုးရအဖွဲ့အစည်းကပဲပိုင်ပိုင်၊ ကုမ္ပဏီကပဲ ပိုင်ပိုင်၊ ပုဂ္ဂလိကခြံပိုင်ရှင်ကပဲ ပိုင်ပိုင်။ ဘယ်သူပဲပိုင်ပိုင်။ ၁ မီတာထက်ကျော်နေပြီ ဆိုရင် ဒီအတိုင်း အရမ်းရောကာရော ခုတ်ခွင့်မရှိဘူး။
              ဒီအပင်ကိုခုတ်ဘို့ Arborist ခေါ်ရမယ်။ မလိုတဲ့ အပင်ကိုမခုတ်ဘဲ လိုတဲ့အပင်ပဲခုတ်ရအောင်။ ခုတ်ဘို့တကယ်လိုတဲ့အပင်ပဲ ခုတ်ရအောင်။ ဒီဇိုင်း stage မှာ architech နဲ့ Arborist နဲ့ အလုပ်အတူတူလုပ်ရတယ်။ architech က ဒီနေရာမှာ ဘာတွေရှိတယ်လို့ ပြောမယ်။ Arborist က ဒီအပင်ဟာ ဒီနေရာနဲ့ ဘယ်လောက်ကွာရမယ်။ အဲဒါကြောင့် ဒီအကိုင်းကို ခုတ်ရမယ် စသဖြင့် report ရေးရတယ်။
            Arborist ပေါ်မူတည်ပြီး report ရေးပုံကွာချင်ကွာမယ်။ ဒါပေမဲ့ NParks က လက်ခံအောင်ရေးရတယ်။ ဥပမာ ကျွန်တော်တို့ orchard မှာ ခြံဝယ်တယ်ဆိုပါစို့။ ခြံထဲမှာ အပင် ၅ ပင်ပါလာတယ်။ တကယ်လို့ ဒီဥပဒေသာမရှိရင် အိမ်ကို လွတ်လွတ် လပ်လပ်ဆောက်ဘို့ ၅ ပင်လုံးခုတ်ချလိုက်မှာဘဲ။ ဥပဒေရှိနေတော့ ခုတ်ချင်တိုင်း ခုတ်လို့မရတော့ဘူး။ ဒီတော့ Arborist ခေါ်ရတယ်။
            Arborist က ဒီအပင်ဟာ ဆောက်မဲ့အိမ်ရဲ့ ဂျင်မနေစီယမ်နဲ့ ဘယ်လောက်ဝေးလဲ။ ရေကူးကန်နဲ့ ဘယ်လောက်ဝေးသလဲ။ မီးဖိုဆောင်၊ ဧည့်ခန်း၊ အိပ်ခန်းတွေနဲ့ ဘယ်လောက်ဝေးသလဲ။ အဲဒါတွေ တိုင်းပြရတယ်။ နောက်ပြီး အမြစ်ကို ဖြတ်ဘို့လိုမယ်။ ဖြတ်မယ် ဆိုရင် ဘယ်လောက်ဖြတ်ဘို့လိုသလဲ။ ဖြတ်မဲ့နေ၇ာဟာ အပင်မကြီးကနေ ဘယ်လောက်ဝေးသလဲ။ သီအိုရီအရ ဒီအမြစ်ကို ဘယ်လောက် ဖြတ်ထုတ်လိုက်ရင် အပင်ကို ထိခိုက်နိုင်သလား စသဖြင့် ပြရတယ်။
            ပြီးတော့ trial trench တူးရတယ်။ အမြစ်ကို ဖြတ်လို့မရဘူး။ မြေတူးတဲ့အခါ အမြစ်ကိုမထိအောင်တူးရတယ်။ တူးပြီး ပေါ်လာတဲ့ အမြစ်တွေကို R1, R2, R3 စသဖြင့် report ထဲမှာပြရတယ်။
            ရေကူးကန်ဆောက်တော့မယ်ဆိုရင် မြေအနက် ၁မီတာခွဲတူးရတယ်။ တူးမဲ့မြေကြီးဟာ အပင်နဲ့ ဘယ်နှမီတာဝေးသလဲ။ အဲဒီမှာကျတော့ ကျွန်တော်က girth ကို မသုံးတော့ဘဲ DBH (Diameter at Breast Height) ကို သုံးတယ်။ အပင်ပင်စည်ရဲ့ ရင်ခေါင်း အမြင့်မှာရှိတဲ့ အချင်းပေါ့။ တူးမဲ့နေရာသည် DBH ရဲ့ ဘယ်နှဆရှိတယ်။ ဘယ်လောက်ထိခိုက်မယ်။ Coder Guidelines အရ 37-40% ဆို ထိခိုက်မယ်။ Structural root တွေကို ထိသလား။ တခြားဘယ်အမြစ်တွေ ဘယ်ဘက်ကိုသွားသေးလဲ။
ဒီအပင်ထားလို့ရမရဆိုတာကို recommend လုပ်ရတယ်။ အဲဒါက root assessment, တစ်ခါ crown assessment, canopy assessment တွေလုပ်ရတယ်။ Building တက်လာတဲ့အခါ သစ်ပင်ရဲ့ crown ရဲ့ ဘယ်လောက် % of biomass ကို clear လုပ်ပေးရမလဲ ဆိုတာ တွက်ရတယ်။
          အပင်ဟာ တကယ်တော့ အဆောက်အဦကနေ ၄ မီတာ ဝေးတယ်။ ဒါပေမဲ့ ငြမ်းထိုးဘို့က ၁.၁ မီတာ လိုတယ်။ ဒါပေမဲ့ working space နဲ့ဆို ၁.၅ မီတာလောက် ချန်ရမယ်။ ဒီတော့ တကယ့်တကယ်မှာ ၄ မီတာမရတော့ဘူး။ နောက်ထပ် ၁.၅ မီတာထပ်နှုတ်လိုက်တော့ ၂.၅ မီတာပဲ ကွာတော့တယ်။ အဲဒီတော့ အပင်ရဲ့ crown ကို pruning လုပ်ပေးရတော့မယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ အပင်ဟာ eccentric ဖြစ်သွားတယ်။ သူ့ centre of gravity ဟာ ရွေ့သွားတယ်။ လဲနိုင်တယ်။ အဲဒါကို ပြန်ထိန်းဘို့ တစ်ဖက်ကလည်း ထပ်ဖြတ် ပေးရတယ်။ ဒီတော့ မူလက ၃၀%ပဲဖြတ်ရမဲ့ဟာ အခု ၆၀% ဖြစ်သွားတယ်။ အဲဒီလိုဖြတ်တဲ့အခါ ကိုင်းကြီးတွေပါလာတယ်။ အကိုင်းကြီးတော့ ဖြတ်ထုတ်လိုက်တဲ့အခါ ဖြတ်ပိုင်းက မပိတ်နိုင်တော့ဘူး။ မပိတ်နိုင်ရင် မှိုတက်မယ်။ အနာတွေများလို့ သူ့ retension value တွေကျသွားမယ်။ Coder Guidelines နဲ့ trial trenches ထဲ တကယ်တွေ့ရှိချက်ပေါ်မူတည်ပြီး Arborist က Root loss ရာခိုင်နှုန်းကို တွက်ရတယ်။ ဒီမှာ ကျွန်တော်ကတော့ Coder Guidelines ကိုပဲ အသုံးများတယ်။
          SULE (Safe useful life expectancy) table အရ အပင်ကို ဆက်ထားသင့်မထားသင့် evaluate လုပ်ရတယ်။ ဒီအပင်ကို ခုတ်ဖို့လိုကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံတွက်ချက်ပြရမယ်။ ဟိုအပင်နဲ့ ဒီနဲ့က ၂ မီတာဘဲ ဝေးတယ်။ အမြစ်ကို ထိသွားသလား။ ဘယ်နှမြစ်ထိသလဲ။ အမြစ်အရွယ်အစားက ဘယ်လောက်လဲ။ အမြစ်ပဲလား။ တခြား crown ကိုထိသေးလား။ ဘယ်လောက်ထိသလဲ စသဖြင့်ပေါ့။ အပင်ခုတ်မဲ့လူက Npark ကို ဒီ report ရေးပေးရတယ်။ သူတို့ မကျေနပ်မခြင်း ကျေနပ်တဲ့ထိေ၇းပေးရတယ်။ မလိုအပ်ဘဲ ခုတ်တာကို Npark က လက်မခံဘူး။
          DBH ရဲ့ ၅ ဆမှာ အမြစ်ဖြတ်ရင် 20% ပဲထိတယ်။ DBH ရဲ့ ၄ ဆမှာ အမြစ်ဖြတ်ရင် 30% ထိတယ်၊ DBH ရဲ့ ၃ ဆမှာ အမြစ် ဖြတ်ရင် 37% ပဲထိတယ်လို့ Coder က ဆိုတယ်။ ဒါပေမဲ့ ဒါက အပင်ပတ်ပတ်လည်မှာ ဖြတ်တာတော့မဟုတ်ဘူး။ တစ်ဖက်ခြမ်းမှာဘဲ ဖြတ်တာ။ အမေရိကမှာတော့ DBH ပဲသုံးတယ်။ စင်ကာပူမှာသာ Girth size သုံးတာ။ Coder အပြင် တခြားသီအိုရီတစ်ခုက Bartlett Tree Research Laboraties ပါ။ အဲဒါမှာတော့ သစ်ပင်ရဲ့တစ်ဖက်မှာ အမြစ်ဖြတ်ရင် အနည်းဆုံး 3 x DBH ရှိရမယ်။ ဒါပေမဲ့ 5 x DBH ဆို ပိုကောင်းတယ်လို့ ဆိုပါတယ်။
          TCA Act က TCA ဧရိယာရဲ့အပြင်မှာဆိုရင် state land ဆိုရင် ငြိတယ်။ TCA အတွင်းမှာဆိုရင်တော့ state land ဖြစ်စေ၊ private ဖြစ်ဖြစ်၊ public ဖြစ်ဖြစ် TCA နဲ့ အကြုံးဝင်တယ်။ JTC, HDB စတဲ့ပိုင်ရှင်တွေဟာ အပင်ကို ထိန်းနိုင်ရင် green thum တို့ green mark တို့ရတယ်။ TCA ရဲ့အပြင်မှာလည်း အပင်ခုတ်ခွင့်ပါမစ်တော့ ယူရတယ်။ Town Council, HDB တွေပိုင်တဲ့မြေတွေမှာလည်း ပါမစ်ယူရတယ်။
          Anex 5 မှာ အပင် ၉ မျိုးပါတယ်။ ပိန္နဲပင်နှစ်မျိုး၊ အုန်းပင် စတဲ့အပင် ၉ မျိုးကို ခုတ်ခွင့်ရှိတယ်။ အဲဒီအပင် ၉ မျိုးကို NParks က public နေရာတွေနဲ့မသင့်လျော်ဘူးလို့ သတ်မှတ်ထားတယ်။ အုန်းပင်၊ အုန်းသီးကြွေကျရင် လူတွေပေါ်ပြုတ်ကျရင် အန္တရာယ်များတယ်။ နောက်တစ်ခုက မဒရပ်စ်သွန်း (Madrass Thorn) က ဆူးတွေများလို့ ကလေးတွေကို ဆူးစူးနိုင်တယ်။ Maintenance လုပ်တဲ့အခါ အကိုင်းခုတ်ပြီးသိမ်းရင် အလုပ်သမားတွေကို ဆူးစူးနိုင်တယ်။ ပိန္နဲပင်ကလည်း အသီးသီးပြီးကြွေကျရင် ညစ်ပတ်တယ်။ Albizia က အရည်ကို အရမ်း စုတ်တယ်။ ရေစုတ်တော့ သဘာဝအလျောက် သူ့မှာ အမြစ်အများကြီးမလိုတော့ အပင်လဲနိုင်တဲ့ အန္တရာယ်ရှိတယ်။ အဲဒီလို public safety မဖြစ်တဲ့အပင်တွေဆို ခုတ်ခွင့်ရှိတယ်။ ဒါပေမဲ့ ပါမစ်တော့ ယူရသေးတယ်။
          အဆောက်အဦတစ်ခုဆောက်တော့မယ်၊ အပင်ခုတ်တော့မယ်ဆိုရင် ပထမဦးဆုံး အပင်ရဲ့ health ကိုစစ်ရတယ်။ အပင် ကျန်းမာရေးကောင်းမကောင်း၊ ကျန်းမာရေးမကောင်းရင် သူ့ကျန်းမာရေးကို improve လုပ်လို့ ရမရစစ်ရတယ်။ physical health က Good, Average, Poor စစ်ပေးရတယ်။ နောက်ပြီး structural defect, အမြစ်တွေ ပုပ်နေလား။ ပင်စည်၊ အကိုင်းတွေမှာ defect ရှိသလား။ ပင်စည် လဲနိုင်သလား။ ကိုင်းကျိုးနိုင်သလား။ ကိုင်းသေ၊ ကိုင်းခြောက်တွေများသလား။ ပင်စည်မှာ decay ဖြစ်နေရင် အထဲကို ဘယ်လောက်ထိ ပြန့်နေသလဲ။ အဲဒီလို အပင်ရဲ့ defect တွေတွေ့ပြီဆိုရင် construction constraints တွေဆီမရောက်တော့ဘူး။ အဲဒီမှာတင် ဒီအပင်ကို ဆက်ထားသင့်မထားသင့် ဆုံးဖြတ်ရတယ်။ decay မှာလည်း မျက်စိနဲ့ကြည့်လို့ သိသာတာရှိတယ်။ ဒီ decay ဟာ အန္တရာယ်ရှိသလား။ မရှိဘူးလား။ အဲဒါကို စစ်ဘို့ Resistograph နဲ့ Tomograph နဲ့စစ်တယ်။
          ဒီနေရာမှာ tree health နဲ့ structure ဟာ ပတ်သက်မှုမရှိဘူး။ ဒေါက်တာ Claus Maltheck က အပင်ကို ရေပိုက်နဲ့ နှိုင်းယှဉ် တယ်။ ရေပိုက်က transport က အထဲမှာ။ support ကအပြင်မှာ။ အပြင်က support ပိုက်ကွဲသွားရင် ရေတွေ အပြင်ကိုထွက်တယ်။ အပင်ကျ ပြောင်းပြန်။ အပင်ရဲ့ transportation က အပြင်မှာ။ support ကအထဲမှာ။ အခေါက်နဲ့အသား အမာကြားထဲမှာ အကြမ်းအားဖြင့် အလွှာ ၃ လွှာရှိတယ်။ ၃ လွှာရဲ့ အလယ်လွှာက cambium ။ Xylem က အောက်ကရေကို စုပ်ပြီး အပေါ်ကိုတင်ပေးတယ်။ Phloem က ချက်ပြီးသားဟာတွေကို ပို့ပေးတယ်။ အထဲမှာ အနာဖြစ်ပြီးလှိုက်ပုပ်နေပေမဲ့လည်း အပြင်ကအခေါက်က ကောင်းနေသေးရင် အပင်မသေနိုင်ဘူး။ အရွက်တွေ ကောင်းကောင်းထွက်တယ်။ အဲဒီအခါ ဒီအပင်ဟာ အပေါ်ကအလေးချိန်ကို မခံနိုင်တော့ဘဲ လဲနိုင်တယ်။ အဲဒီအခါ အပင်ရဲ့ structural stability ကျသွားကြောင်း ကျွန်တော်တို့က ရေးတင်ရတယ်။ Resistograph နဲ့ Tomograph တွေရဲ့ result တွေကိုလည်း ဖတ်တတ်ရတယ်။
          အပင်ကို ဖောက်တဲ့အခါ ကောင်းတဲ့နေရာကို reference ယူဘို့လို့အရင်ဖောက်ရတယ်။ ဒီဂရပ်က တက်လာတယ်။ နောက်ပြီး တန်းလာတယ်။ နောက်ပြီး ရုတ်တရက် ကျသွားတယ်။ ကျပြီး ရုတ်တရက်ပြန်တက်လာတယ်။ အလယ်လောက်မှာ အောက်ဆုံးထိမကျဘဲ ဂရပ်က smooth ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အခေါင်းထဲကို သံချောင်းက ၀င်သွားပေမဲ့ အသားကောင်းထဲမှာ ညှစ်ထားတဲ့ resistance force ရှိနေတော့ အောက်ကိုကျမသွားဘဲ အလယ်မှာတင်ခံနေတာ။ အဲဒါကို ကောင်းကောင်းနားလည်ထားဘို့လိုတယ်။ ဒါလဲ ကိုယ့်ဟာကိုယ်လဲလေ့လာ။ နားလည်တတ်ကျွမ်းတဲ့သူနဲ့လည်း တွဲလုပ်ရင်းနဲ့ မှ ဒါတွေသိလာရတာ။ Arborist သင်တန်းတစ်ခုထဲနဲ့ မလုံလောက်ဘူး။
          နောက်ပြီး ဒါတွေကို NParks ကိုရေးတင်ရတယ်။ Particular cross section တစ်ခုမှာ decay က ၃၀% ထက်ပိုနေရင် လဲနိုင် တယ်။ ကောင်းတဲ့အသားဟာ အနည်းဆုံး ၇၀%ထက်ပိုနေရမယ်။ Resistograph မီတာကလည်း ငှားသုံးရတယ်။ ငှားရင် အနည်းဆုံး ၃ ရက် ငှားရတယ်။ တစ်ခါငှားရင် ၄၃၀ ပေးရတယ်။ ဒီ ၃ ရက်အတွင်းတော့ တစ်ပင်ထဲပဲ ဖောက်ဖောက်၊ ဘယ်နှပင် ဖောက်ဖောက်၊ ကြိုက်သလောက် ဖောက်လို့ရတယ်။
          Tomograph ကတော့ သူတို့လာတိုင်းပေးတယ်။ အပင်တစ်ပင်ကို ground level ကနေ ပုခုံးလောက်ထိ၊ ၃ နေရာထိ တိုင်းခိုင်းလို့ ရတယ်။ အဲဒီလို ၃ နေရာစမ်းပေးတာကို ၁၈၅၀ ယူတယ်။ တစ်ပင်ထဲကို။ Tomograph က sound wave နဲ့တိုင်းတာ။ ပထမ အပင်ကို သံနဲ့ ရိုက်တယ်။ ပြီးတော့ အသံလှိုင်းတွေ လွှတ်လိုက်တယ်။ တစ်ချောင်းက emission, နောက်သံချောင်းတွေက receiver ။ အဲဒီလို အသံလှိုင်း တွေ လွှတ်လိုက်တဲ့အခါ sound wave က အသားကောင်းရင် မြန်မယ်။ အသားပွရင်နှေးမယ်။ အခေါင်းဆို ပိုနှေးသွားတယ်။ အဲဒီအပေါ် မူတည်ပြီး diagram က အစိမ်း၊ အပြာ၊ အနီ၊ အနက် စသဖြင့် အရောင်နဲ့ထွက်လာတယ်။ အပြာဆိုရင်တော့ အခေါင်း။ အစိမ်းနဲ့ ခရမ်းရောင် က suspect, အညိုနဲ့အနက်က အသားကောင်း။ ဒါပေမဲ့ သူက ဘာမှဆုံးဖြတ်မပေးဘူး။
          ဆရာဝန်နဲ့ ဓါတ်မှန်ဆရာဝန်လိုပဲ။ ဒီဂရပ်ကို သူကပေးရုံပေးသွားတာ။ ကောင်းတယ်မကောင်းဘူး။ ဘယ်နှရာနှုန်းဆိုတာကို ကျတော့ Arborist က ဆုံးဖြတ်ပေးရတယ်။ ဒီမီတာကိုတော့ သိပ်အရေးကြီးတဲ့အခါမှသုံးတယ်။ ကျွန်တော်တို့က သုံးဘို့ recommend ပေးရတယ်။ ဒီအပင်မှာ အခေါင်းတွေ့တယ်။ ဒါကို Resistograph သုံးပါ။ ဒါမှမဟုတ် Tomograph သုံးပါလို့ ပြောရတယ်။ တကယ်လို့ ပိုင်ရှင်က ကပ်စေးနဲတယ်။ ပိုက်ဆံအကုန်မခံချင်လို့ မစစ်ချင်ဘူးဆိုရင် အပင်လဲခဲ့ရင် သူ့ကြောင့်။ ကျွန်တော်တို့က safe ဖြစ်ပါတယ်။ မဖြစ်ဘူး မပြောဘူး။ စက်နဲ့စမ်းဘို့ပဲ ပြောတာ။ အပင်သေးရင်တော့ Resistograph နဲ့ရတယ်။ ဒါပေမဲ့ လုံးပတ်ကြီးရင်တော့ Tomograph နဲ့ပဲကောင်းတယ်။
          ချုပ်လိုက်ရင် ရည်ရွယ်ချက်က အပင်ကို ခုတ်ဘို့လိုမလို စမ်းသပ်တာပဲ။ နောက်တစ်ခု။
          အမြစ်ဖြတ်ဘို့လိုသလား။ ဖြတ်ဘို့လိုတယ်ဆိုရင် mitigation measures လုပ်ပေးရတယ်။ ဒီအတိုင်းဖြတ်လိုက်လို့မရဘူး။ ဥပမာ လူကောင်းတစ်ယောက်အနေနဲ့ ပုံမှန်စားတယ်၊ သွားတယ်၊ လာတယ်။ ဘာ mitigation measures မှ လုပ်စရာ မလိုဘူး။ ဒါပေမဲ့ အဲဒီလူ အကြောင်းတစ်ခုခုကြောင့် ခွဲစိတ်ခံရတော့မယ်ဆိုရင် mitigation measures လုပ်ရတော့မယ်။ ခွဲတဲ့ဒဏ်ခံနိုင်အောင် တစ်နေ့ကို ဆေးသုံးခါ သောက်ရမယ်တို့။ သွေးစစ်ရမယ်။ ဆီးဝမ်းစစ်ရမယ် စသဖြင့်။ အဲဒါတွေ အားလုံးဟာ mitigation measures တွေ။ ဘယ်သူမှတော့ ဗိုက်မခွဲချင်ဘူး။ ဒါပေမဲ့ လိုအပ်လို့ခွဲရမယ်။ ခွဲတာနဲ့တပြိုင်နက် mitigation measures တွေပါလာတယ်။ ပက်လက်လှန်နေရမယ်။ ဆန်ပြုတ်ပဲသောက်ရမယ်။ ဘာဆေးတွေ သောက်ရမယ်။ ဘာဆေးတွေ ထိုးရမယ်။ စသဖြင့်ပေါ့။
          ဒီလိုပဲ အပင်တစ်ပင်ကို အမြစ်ဖြတ်ရတော့မယ်ဆိုရင် mitigation measures လုပ်ရတော့မယ်။ mitigation measures ရဲ့ basic principle ကတော့ ဒီဘက်ကအမြစ်တစ်ခုဖြတ်တော့မယ်ဆိုရင် မဖြတ်တဲ့နေရာမှာ အမြစ်တွေ ပိုထွက်လာအောင် vertical trenching တွေ soil injection တွေ လုပ်ပေးရတယ်။  vertical trenching ဆိုတာက တိုင်ကျင်းတူးသလို 100mm လောက်အမြစ်ကို မထိအောင်တူးပြီး အရိုးမှုန့်၊ ငါးကန်ကထွက်တဲ့ မြေသြဇာ စသဖြင့် အမြစ်ကိုအားပေးတဲ့ဟာတွေကို ၃ လ တစ်ခါဖြည့်ဖြည့်ပေးတယ်။ တစ်နှစ်လောက် ကြာအောင် ဖြည့်ပေးရတယ်။ အဲဒီအခါ အမြစ်တွေပွားလာတယ်။
          ကျန်းမာရေးကောင်းနေတဲ့ မြေကြီးတစ်ခုဟာ သူ့မှာ ပါသင့်ပါထိုက်တာတွေပါတယ်။ ပွားများသင့်ပွားများထိုက်တဲ့ ဘက်တီးရီးယား တွေ၊ တီကောင်တွေအသက်ရှင်ဘို့ ပွားများဘို့ သြဇာဓါတ်တွေ အကုန်ပါတယ်။ ပြည့်ဝနေတယ်။ တစ်ခုနဲ့တစ်ခု အမှီသဟဲ ပြုနေတာ။ soil web လို့ခေါ်တယ်။
           မြေကြီးထဲမှာက ဘက်တီးရီးယားတို့၊ တီကောင်၊ ပုရွက်ဆိတ်တို့ရှိတယ်။ အမြစ်ကိုအားပေးတဲ့မှို စတာတွေပွားများ လာအောင် လုပ်ပေးတာ။ ဒါက vertical trenching. နောက်တစ်ခုက soil injection. Bio simulam, Liquid gipsum, humid acid, high EC molesses ဆိုတာ ပျားရည်လိုဟာမျိုး။ အဲဒါတွေကို ရေထဲမှာ 1:100 volume နဲ့ရောတယ်။ နောက်ပြီး မြေကြီးထဲကို high pressure နဲ့ထိုးထည့်။ မြေကြီး အကျစ်အမာကိုလည်းတိုင်းကြည့်ရတယ်။ အဲဒါကို psi နဲ့ပြတယ်။ မြေကြီးကျစ်နှုန်းက 500 psi ထက်ကျော်နေရင် soil injection လုပ်ရတယ်။ လုပ်ပြီးထပ်တိုင်းကြည့် 400, မရသေးဘူး။ ထပ်လုပ်ထပ်တိုင်း 300psi, နောက်ဆုံးစိတ်ကြိုက်ရတဲ့ထိ လုပ်ရတယ်။ မြေကြီးကျစ်နေရင် လေအ၀င်အထွက်မလုပ်နိုင်ဘူး။ မြေကြီးထဲမှာ လေမရှိရင် အမြစ်က လေမရဘူး။ အသက်ရှူလို့မရရင် လေမရရင် အစာနဲ့ ရေကိုစုပ်ဘို့ အားမရှိဘူး။
          လမုပင်တို့၊ စပါးပင်တို့လို aquatic plant တွေကျ တစ်မျိုး။ ရေ၀ပ်နေလဲရတယ်။ လမုပင်အမြစ်မှာ အပေါ်ကို ထောင်နေတာ လေးတွေရှိတယ်။ အဲဒါက လေကိုရှူတဲ့ အမြစ်ကလေးတွေ။ သူကရေ၀ပ်လဲကိစ္စမရှိဘူး။ ရေငုပ်သမားတွေ ပါးစပ်မှာပိုက်စွပ်ပြီး ရေမျက်နှာပြင် ပေါ် ဖော်ထားသလိုမျိုး။ လမုပင်က။ ဒါပေမဲ့ ကုက္ကိုပင်မျိုးကျတော့ ရေ၀ပ်ပြီဆိုရင် ရေငတ်လက္ခဏာပြတယ်။ အောက်ဆီဂျင်မရလို့။
          မြေကြီးကျစ်ရင်လည်း ဒီလိုပဲ။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကားတွေက ဘိလပ်မြေအိတ်တွေလာချတယ်။ ဘယ်မှာထားလဲ။ သစ်ပင်ရင်းမှာထားလိုက်။ နောက်သံချောင်းတွေ၊ အုတ်တွေ၊ သွပ်တွေလာလည်း အပင်ရင်းမှာထား။ ဒီတော့ မြေကြီးရဲ့အပေါ်ယံအလွှာက ကျစ်သွားတယ်။ အမြစ်က ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က လေထဲကို မထွက်နိုင်တော့ဘူး။ အမြစ်ကလိုတဲ့ အောက်ဆီဂျင်လဲ လေထဲက မ၀င်နိုင်တော့ဘူး။
          သဘာဝအားဖြင့်တော့ အမြစ်က မြေကြီးထဲက အောက်ဆီဂျင်ကိုရှူတယ်။ ဒီတော့ မြေကြီးထဲမှာ အောက်ဆီဂျင်နည်း သွားတယ်။ အဲဒီအခါ မြေပေါ်၊ လေထဲမှာရှိတဲ့အောက်ဆီဂျင် မြေကြီးထဲဝင်လာတယ်။ ဒါပေမဲ့ မြေကြီးအပေါ်လွှာ ကျစ်သွားရင် အောက်ဆီဂျင် မ၀င်နိုင် တော့ဘူး။ တဖြည်းဖြည်းအမြစ်က suffocate ဖြစ်သွားတယ်။ အသက်ရှူကျပ်လာတယ်။ အပင်က ကြည့်ရင်းကြည့်ရင်း အရွက်တွေ စကြွေလာတယ်။ အပင်ကြီးရင် ဒီလက္ခဏာချက်ချင်းမပြဘူး။ ၈ လ၊ တစ်နှစ်လောက်နေမှ ပြတယ်။ အပင်ကြီးတော့ ခံနိုင်ရည်ရှိတာကိုး။
          အားလုံးဆောက်လုပ်ပြီးစီးသွားတော့ မြက်တွေဘာတွေစိုက်ပြီး ပြန်သွားတယ်။ ဒီအပင်က အကောင်း၊ ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ ၈ လ လောက်ကြာတော့ အရွက်တွေ ၀ါလာပြီ။ ၁ နှစ်လောက်ကြာတော့ အရွက်တွေစကြွေတယ်။ နောက်ထပ် တစ်လလောက်လဲနေရော အပင်ပေါ်မှာ တစ်ရွက်မှ မကျန်တော့ဘူး။
          ဒါကို Arborist က သိတယ်။ မြေကြီးကိုတိုင်းကြည့်လိုက်တော့ 100mm လောက်မှာ 600psi လောက်ပြနေတယ်။ ဒီတော့ Arborist ကမေးတယ်။ မင်းဒီနားမှာ အရင်က excavator တွေနင်းထားသလား။ (မနင်းပါဘူး။ ငါ့အလုပ်သမားတွေ ပြောတယ်ကွ။ ပြီးခဲ့တဲ့ ၁ လလောက်က မိုးကြိုးပစ်တာတွေ့တယ်တဲ့။) အမှန်က မိုးကြိုးပစ်တာ အသိသာကြီး။ Arborist က သိတယ်။ မိုးကြိုးပစ်ရင် အပေါ်ကနေအောက်ကို အကွဲရာကြီးက စာရွက်ပေါ်မှာ ဘောပင်နဲ့ခြစ်ထားသလို ထင်ထင်ရှားရှား မြင်ရတယ်။ ဟို့ အပေါ်ကနေ အောက်ထိ တောက်လျှောက် ကွဲကျနေတာ။ ဒါ ဒီကောင်တွေ သက်သက်ညာတာ။ ဒါကြောင့်လည်း NParks က Arborist ခေါ်ခိုင်းတာ။
          တကယ်လို့သူတို့ Arborist သာခေါ်ရင် Arborist က ဘာပြောမလဲ။ အပင်ရဲ့ပတ်ပတ်လည် ၅ မီတာအတွင်း လူအားနဲ့လုပ်။ excavator မလာစေနဲ့။ ၅ မီတာရဲ့အပြင်ဘက်မှာ လုပ်ချင်တာလုပ်။ အဲတော့ construction site မှာ ဘာပေါ်လာသလဲဆိုတော့ Tree Protection Zone (TPZ) ဆိုတာပေါ်လာတယ်။ NParks ရဲ့ guideline ရှိသလို Arborist ကလည်း determine လုပ်ရတယ်။ အပင်ရဲ့ ၅ မီတာအကွာမှာ ထားမလား။ ၃ မီတာအကွာမှာထားမလား။ တစ်ခါတလေ အပင်ရဲ့အနောက်ဘက် ၂ မီတာအကွာမှာ မဖြစ်မနေလုပ်ရမယ် ဆိုရင် ကိစ္စမရှိဘူး။ အပင်ရဲ့အရှေ့ဘက် ၅ မီတာ ခွါထားလိုက်လိုက်။ Footing ကို localize footing လုပ်ထား။ localize ဆိုတာ ဟိုမှာတစ်ခု၊ ဒီမှာတစ်ခုထားတာ။ အဲဒီ footing ရဲ့ location ကို Arborist က determine လုပ်တယ်။ ကိုယ်က အရင် footing plan ဆွဲထား။ အဲဒီ footing plan ကိုကြည့်ပြီး Arborist က trial trench တူးခိုင်းမယ်။ တူးကြည့်လို့မလွတ်ဘူးဆိုရင်ရွှေ့။ Footing ကလည်းမလွတ်ဘူး။ အရေးလည်းကြီးတယ်ဆိုရင် ဒီအမြစ်ကို ကွန်ကရစ်ထဲတခါတည်း ထည့်သာလောင်းခိုင်းလိုက်။ အမြစ်ကို ဖြတ်မပစ်နဲ့။ ဒါဆို ဘာဖြင့် ကွန်ကရစ်ထဲ ထည့်လောင်းရတာလဲ တဲ့။ ဒါ အဓိပ္ပါယ်ရှိတယ်။
          ကွန်ကရစ်ထဲထည့်လောင်းလိုက်တော့ အမြစ်က သေသွားတယ်။ ဒါပေမဲ့ ချက်ချင်း ပုပ်သွားဆွေးသွားတာ မဟုတ်ဘူး။ ဒီ ကုလားထိုင်တွေ၊ စားပွဲတွေ ဘာလို့သုံးရနေသလဲ။ သစ်ပင်သေသွားတာမှန်ပေမဲ့ ပျက်စီးသွားတာမဟုတ်ဘူး။ ဒါကြောင့် မာနေတယ်။ ပုပ်သွား၊ ဆွေးသွားမှ ပျက်စီးသွားတာ။ အထဲကအမြစ်မပုပ်ခင် ကွန်ကရစ်သားအပြင်မှာရှိနေတဲ့ အမြစ်ကနေ အမြစ်သစ်တွေ ထပ်ထွက် လာတယ်။
          နောက်တစ်ခါ အမြစ်အားလျော့သွားတော့ အပင်ရဲ့ crown, canopy ရဲ့ weight ကို လျှော့ချရတယ်။ အကိုင်းတွေ ဖြတ်ပစ်ရတယ်။ DBH ရဲ့အကွာအဝေးနဲ့တွက်တယ်။ အပင်က NParks ပိုင်တဲ့အပင်ဖြစ်နေရင် TCA လိုပဲလုပ်ရတယ်။ တခါတလေကျတော့ ခုတ်လိုက်တဲ့ အပင်ကို အစားထိုးပြန်စိုက်ပေးရတာလဲရှိတယ်။ အပင်သိပ်ကြီးရင်တော့ အစားထိုးလို့ မရဘူးပေါ့။ အဲဒီ report တွေကို NParks ကို တင်ရတယ်။ တင်ပြီးတော့ NParks ကိုလှမ်းဖုံးဆက်တယ်။ NParks ကလည်း  ဖုံးနဲ့ပြန်ဖြေတယ်။ အမြစ်ဖြတ်လို့ရပြီ။ ခွင့်ပြုတယ်။ ဆိုတော့ ကန်ထရိုက်တာက Arborist ကိုအကြောင်းကြားတယ်။
ဟာ၊ မစ္စတာတင်၊ NParks ကလက်ခံတယ်။ အမြစ်ဖြတ်လို့ရပြီ။
           ဆိုတော့ ကျွန်တော်က သူတို့ပါးစပ်နဲ့ပြောတာကို လက်မခံနိုင်ဘူး။ WD (Written Direction) ပေးပါ။ NParks က ပါးစပ်နဲ့ အိုကေဆိုတာကို ကျွန်တော်တို့လက်မခံနိုင်ဘူး။ မင်းတို့ အမြစ်ဖြတ်မဲ့ ကန်ထရိုက်တာ ကို ဘယ်နေ့ချိန်းလိုက်ပါ။ ဒါပေမဲ့ NParks က WD ရအောင်တောင်းပါ။ WD ရပြီဆိုတော့မှ ငါလာမယ်။ ဘာလို့လဲဆိုတော့ ဒီကောင်တွေကို ယုံလို့မရဘူး။ သူတို့အလုပ်ပြီးချင်လို့ ညာတာဖြစ်ချင်ဖြစ်မယ်။ ဒါ တစ်ချက်။ နောက်တစ်ချက် က NParks ကတော့ ရတယ်လို့ ပြောလိုက် တာပဲ။ ပါးစပ်နဲ့။ ကိုယ်က သူတို့ကိုယုံကိုးပြီး ဖြတ်ချလိုက်ရော။ ပြီးတော့မှ လာကြည့်တယ်။ ဟကောင်တွေ၊ ဒါ ဘာဖြစ်လို့ဖြတ်တာလဲ။ မင်းတို့ မရဘူးနော်။ ဟာ၊ ငါမင်းတို့ အိုကေပြောလို့ဖြတ်တာပဲ။ ဘယ်မှာပြောလို့လဲ လို့ သူတို့က ငြင်းရင်သေပြီ။ ပြဿနာတက်မယ်။ ကိုယ့်ဆီအတင်းထိုးချမယ်။
          ဒီတော့ ကျွန်တော်က NParks ကပို့တဲ့ WD ကိုမြင်မှ သွားတယ်။ မဟုတ်လို့ကတော့ မသွားဘူး။ အဲဒီလောက် အရေးကြီးတယ်။ အပင်ကို pruning လုပ်မယ်ဆိုရင်လည်း NParks က WD ယူရတယ်။ အပင်ကို ထိတာမှန်သမျှ ခွင့်ပြုချက်လိုတယ်။ အပင်ကိုဖြတ်တော့မယ် ဆိုရင်လည်း ဘယ်အကိုင်းကိုဖြတ်ပါမယ်ဆိုတာ အသေးစိတ် ဆွဲပြီးတင်ရတယ်။ Pruning လုပ်တာနှစ်မျိုးရှိတယ်။ တစ်ခုက construction မှာ အဆောက်အအုံနဲ့မလွတ်လို့ဖြတ်ရတာ။ နောက်တစ်ခုက အမြစ်ကို ဖြတ်လိုက်လို့ crown, canopy weight လျော့သွားအောင် ဖြတ်ပေး ရတာရှိတယ်။ canopy ပေါ်မှာတွန်းတဲ့လေရဲ့တွန်းတဲ့အားကို အောက်က အမြစ်ရဲ့ anchorage ခံနိုင်ပ့ါမလားဆိုတာ ဘယ်သူသိသလဲ ဆိုတော့ အပင်ကသိတယ်။
          ဒါတွေသိထားဘို့ စာများများဖတ်ရတယ်။ တစ်အုပ်ကောင်းနဲ့ လုပ်စားလို့မရဘူး။
          Market ထဲမှာ Report မကောင်းရင် ကြာကြာလုပ်စားလို့မရတော့ဘူး။ တစ်ယောက်ကပြောတယ်။ ဟာ ဒီအပင်က ဘာမှ အရေးမကြီးပါဘူးကွာ။ တော်ရုံတန်ရုံရေးတင်ရုံနဲ့ရပါတယ်။ ၅၀၀ ပဲထားပါ ပေါ့။ ကျွန်တော်က လူကိုခင်လို့ ဈေးလျှော့ယူတာ ဖြစ်ချင်ဖြစ်မယ်။ report ကိုတော့လျှော့ရေးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ report က သူတို့ဆီမှာတင် ရပ်နေမှာမဟုတ်ဘူး။ NParks ကိုသွားမှာ။ ဖြစ်ကတတ်ဆန်းရေးလိုက်ရင် ဟာ၊ ဒီကောင် ဘယ်လိုလုပ်လာတာလဲ။ ဘာမှလည်းမပါဘူး ဆိုရင် နာမည်ပျက်ပြီ။ အဲဒီအတွက် ကျွန်တော် တန်ရာတန်ကြေးရမှ လုပ်တယ်။ လုပ်တယ်ဆိုရင်လည်း သေသေချာချာလုပ်ပေးတယ်။ ကျွန်တော့ standard ကိုတော့ မလျှော့နိုင်ဘူး။
          နောက်ပြီး Obstruction ဆိုတာက ဆိုင်းဘုတ်တွေကို ကွယ်နေတာ။ လမ်းဘေးမှာ အပင်ပေါက်နေလို့ တစ်ဖက်ကလာတဲ့ကားကို မမြင်နိုင်တာ စသဖြင့်ပေါ့။ Lean ဆိုတာကအပင်တစ်ဖက်ကို စောင်းနေတာ။ ဒီလိုစောင်းနေရင် ဒါ natural လား၊ unnatural လား။ Natural ဆိုတာက အပင်က လိုတဲ့နေရောင်ရအောင်တို့ဘာတို့ သူ့ဘာသာသူ စောင်းတာ။ unnatural ဆိုတာက မြေပျော့လို့ စောင်းတာမျိုး။ Self corrected ဆိုတာက အပင်စောင်းသွားပြီး သူ့ဟာသူပြန်တည့်သွားတာ။ အပင်စောင်းပြီဆိုတာနဲ့ အမြစ်တွေ ကျိုးသွားသလား။ မြေကြီး အက်သွားသလား ကြည့်ရတယ်။
          တခါတော့ Bedok က အင်တာချိန်းကိုပြင်ဘို့ရှိတော့ ဒီဘက်မှာ ယာယီအင်တာချိန်းလုပ်တယ်။ အပင်ကြီးတွေက အကြီးကြီးတွေ။ အမြစ်ကြီးတွေက လျှောက်သွားနေတာ။ ဒီတော့ သူတို့ Arborist တစ်ယောက်ကိုငှားတယ်။ အဲဒီ Arborist က သူတို့ကို အမြစ်ကို မဖြတ်ခိုင်း ဘဲ အမြစ်ပေါ်ကနေ cantilever လုပ်ခိုင်းပြီး ကြမ်းခင်းလုပ်ခိုင်းတယ်။ သံချောင်းတွေထည့်၊ ကွန်ကရစ်လောင်းနဲ့ ပိုက်ဆံအများကြီး အကုန်ခံ လုပ်ထားတာ။ ဒါပေမဲ့ လမ်းဘက်က ရေမြောင်းလုပ်တဲ့ ကန်ထရိုက်တာက anyhow ရမ်းတူးချလိုက်တာ အမြစ်တွေ ပြတ်ကုန်ရော။ ဒီတော့ သူတို့ ကျွန်တော့်ကိုလှမ်းခေါ်တယ်။
          အမြစ်ဖြတ်ချင်ရင် ဘာလုပ်ရမလဲတဲ့ မေးတယ်။ ကျွန်တော်ကသိလိုက်ပြီ။ ဒီကောင်တွေ ဖြတ်ပြီးမှ ကျွန်တော်တို့ကိုခေါ်တယ် ဆိုတာ။ မစ္စတာအန်း၊ မင်းဘာလုပ်ချင်တာလဲ မေးတော့ ငါ အမြစ်ဖြတ်ချင်တာလေကွာ တဲ့။ ဒီကောင်တွေ ညာတာ။ သူက client, ကျွန်တော်တို့က service provider ဆိုတော့ ဒီကောင်တွေက လေသံမာတယ်။ အမြစ်ဖြတ်ချင်ရင် assessment အလျင်လုပ်ရတယ် လို့ ပြောတော့ ဘာ assessment လဲတဲ့။ ကျွန်တော့် assistant က စိတ်မရှည်တော့ဘူး။ ဟေ့ကောင်၊ မင်းဖြတ်ပြီးပြီလား မဖြတ်ရသေးဘူးလား။ ငါ့ကို အမှန်အတိုင်းပြော ဆိုတော့မှ ဖြတ်ပြီးပြီတဲ့။ ဒီတော့ -
ကိုင်း - ဟေ့ကောင်၊ မင်းဖြတ်ပြီးပြီဆိုရင် နံပါတ် ၁။ လုပ်လက်စအလုပ်ကို ရပ်လိုက်ပါ။ နံပါတ် ၂။ အာခီတက်ကိုခေါ် ဓါတ်ပုံရိုက်၊ NParks ကိုစာတင်။ နံပါတ် ၃။ မင်းပိုက်ဆံစုထား၊ ဒါသေချာပေါက် ဒဏ်ရိုက်ခံရမယ် ဆိုချရောဗျို့။ ဟိုကောင်က ဒေါကန်နေတာကိုး။
          တူးတာတွေကို တာလပတ်အုပ်ထားတယ်။ အမြစ်ကြီးတစ်ခုက မီတာဝက်လောက်ရှိတယ်။ သွားပြီ။ ဒါ ဒီတစ်မြစ်ထဲ ရှိသေးတာ။ ကျန်တဲ့အမြစ်တွေရှိသေးတယ်။ ဒီကောင်တွေ မလွယ်ဘူး။
          စိုက်ပျိုးရေးသမားဆို သိတယ်။ အပင်မှာ အုပ်စု ၂ မျိုးရှိတယ်။ Angiosperms နဲ့ Gymnosperms ။ Angiosperms က သူ့ရဲ့ structure က tension ပေါ်မူတည်တယ်။ Gymnosperms ကျတော့ compression ပေါ်မူတည်တယ်။ ဒီအပင်က ကုက္ကိုပင်။ ကုက္ကိုပင်က Angiosperms ။ အပင်က ညာဘက်ကိုစောင်းနေတာ။ ဖြတ်တာက tension side. ဒီဘက် လမ်းပေါ်ကိုစောင်းနေတာ။ Target rating ကလည်း ဘာမြင့်သလဲ မမေးနဲ့။ ကားတွေဆိုတာ ၀ူးကနဲ။ ၀ူးကနဲဖြတ်မောင်းနေတဲ့နေရာ။ အင်တာချိန်းဆိုတော့ လူတွေရော ကားတွေရော မရပ်မနားမောင်းနေတာ။ အဲဒီတော့ ကျွန်တော်က Derek ကို ဖုံးခေါ်တယ်။ သူက ဟိုဘက်က Arborist ။ စင်ကာပူမှာ အတော်နာမည်ရတဲ့ ပုဂ္ဂိုလ်။ NParks ကလည်း သူ့ကိုလေးစားတယ်။ သူက ဒေါကန်တယ်။ အမြစ်မဖြတ်ရရေးအတွက် ငါ့ကန်ထရိုက်တာတွေက အကုန်အကျ ခံပြီး ကန်တီလီဗာထိုးခိုင်းထားတာ။ ကိုင်း မင်းတို့ ဒဏ်ငွေဆောင်ဘို့သာ ပြင်ထား။ ဖိုင်းက ၅၀၀၀။ compensation က လေးသောင်းခွဲ။ ငါးသောင်းပေးရမယ်။ ဒီအပင်ကို ခုတ်ကိုခုတ်ရမယ်။
          ကျွန်တော့်ဘက်ကလည်း ခေါင်းမာလို့မရဘူးလေ။ ဒီအပင် ထားလို့ကိုမဖြစ်ဘူး။ ခုတ်ကိုခုတ်ရမယ်။ မခုတ်ရင် အိပ်လို့ပျော်မှာ မဟုတ်ဘူး။ ဘယ်အချိန်လဲမလဲလို့ ရင်တထိတ်ထိတ်ဖြစ်နေရမှာ။ လဲကျလို့ကတော့ သေပြီ။ လမ်းပေါ်မှာက ကားတွေ လူတွေ ဥဒဟို သွားနေတာလေ။
          ဒီတော့ ကျွန်တော့် assistant က Ang ကိုဟောက်တယ်။ မင်းတို့ငါ့ကိုဘာလို့ခေါ်တာလဲ။ တရားရုံးသက်သေလိုက်ရအောင် ခေါ်တာလားလို့ ဟောက်ရော။ ခုနက သူက ကျွန်တော်တို့ကို ဟောက်ထားတာကိုး။ မင်း 5 digit ပေးရမယ်ဆိုတာ နားလည်ရဲ့လား လို့ပြောလိုက်တယ်။ NParks ကလည်း မင်း၊ ဒါ ငါတို့ရဲ့ authority ကို ချဲလင်းလုပ်တာ။ အပင်က သာမန်အပင်မဟုတ်ဘူး။ ဒါ heritage tree။ Bedok ဧရိယာကိုသွားကြည့်စမ်းပါ။ Girth size – 3.0 m လောက်ကြီးတဲ့ ကုက္ကိုပင်ကြီးတွေ အများကြီးပဲ။ အဲဒီ အပင်တွေဟာ heritage tree တွေ။ သွားမထိနဲ့။ အဲဒါ ဘိုးအေခေါင်းကို ဒါးနဲ့ခုတ်သလိုဘဲ။ အရမ်းအရေးကြီးတယ်။  
          ဒါကြောင့်မို့ စင်ကာပူမှာ လုပ်ရင်းကိုင်ရင်း အပင်တစ်ပင်တွေ့ရင် သဘောပေါက်။ Arborist ကို အရင်ခေါ်ရတယ်။ အဲဒါကို အာခီတက်တွေက သိတယ်။ Orchard မှာရေကြီးတယ်။ Bukit Timah canal ကို improve လုပ်တယ်။ အဲဒီအခါ တချို့အပင်တွေကို မဖြစ်မနေခုတ်ရတယ်။ အဲဒါက National Project ။ အဲဒီကျတော့ စည်းဝေးပွဲခန်းထဲမှာ PUB နဲ့ NParks နဲ့ အကြီးအကျယ် စကားများရော။ ဘယ်သူမှမလျှော့ဘူး။ ဒီဘက်ကလည်း government ။ ဟိုဘက်ကလည်း government ၊ ချကုန်ရော။
          ကျွန်တော်ကတော့ ခုတ်ရမယ်လို့ပြောရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က အမြစ်တွေဖြတ်ပစ်တာကိုး။ မခုတ်ရင် အကုန်လဲကုန်မှာ။ ဒုက္ခရောက်မယ်။ အဲဒီမှာ NParks က တကယ့် ၀ါရင့် Arborist ဆရာကြီးတွေလာတယ်။ ကျွန်တော့် client က ပြောတယ်။ ဟာမစ်လာမယ်တဲ့။ ကျွန်တော်က ဟာမစ်လာရင်ရပြီ။ မပူနဲ့။ ငါဘာဖြစ်လို့ခုတ်ခိုင်းတာလဲဆိုတာ သူနားလည်တယ်။ Parks and Trees Regulatory Section က ပုဂ္ဂိုလ်တွေက မခုတ်ဘို့ပဲပြောနေတာ။ တော်ကြာကျတော့ ဟာမစ် နေမကောင်းလို့မလာနိုင်ဘူး။ သူ့အထက်က Mr. Tee Swee Ping လာမယ်။ ကျွန်တော်က ပိုတောင်ကြိုက်သေးတယ်။ လာပစေ။
          နောက် Mr. Tee Swee Ping ရောက်လာတယ်။ ကျွန်တော်ကရှင်းပြတယ်။ ဒီလိုဒီလိုရှိတယ်ဆိုတော့ Mr. Tee Swee Ping ကလည်း လက်ခံတယ်။ ဟုတ်တယ်။ ဒီအပင်တွေ ခုတ်မှဖြစ်မယ်။ မဟုတ်ရင် ဒီကောင်လည်း အိပ်လို့ရမှာမဟုတ်ဘူး။ ငါလည်း အိပ်ပျော်မှာ မဟုတ်ဘူး။
          ဒီတော့ ကျွန်တော်က ကျွန်တော့်ကောင်တွေကို Red-White tape သုံးလေးခွေ အဆင်သင့်ဆောင်ပြီး စောင့်ခိုင်းထားတယ်။ နောက်ပြီး ဟေ့ကောင်တွေ Mr. Tee Swee Ping က ဒါခုတ်၊ ဒါခုတ် ဆိုတဲ့အပင်တွေကို တိပ်နဲ့ပတ်ပြီး သေသေချာချာ မှတ်ထား။ သူခုတ်ခိုင်းတဲ့ အပင်အားလုံးခုတ်။
          Mr. Tee Swee Ping က site ထဲဆင်းသွားပြီး ဒါခုတ်၊ ဒါခုတ်၊ ဒါခုတ်ဆိုပြီး လက်ညှိုးထိုးသွားတယ်။ ပြီးပြီ။ ပွဲပြီးသွားပြီ။ ဒီလို ရှင်းမှ ကျွန်တော်လည်း ပိုက်ဆံရမှာ။ နောက်တစ်ခု -
          Kim Tiam Road မှာ ပရောဂျက်တစ်ခုရတယ်။ အဲဒီပရောဂျက်မျက်နှာစာတန်းမှာ ကုက္ကိုပင်ကြီးတွေ တန်းစီနေတယ်။ အပင်တွေကို ကျွန်တော် girth တိုင်းတယ်။ ကျွန်တော်ဖက်လို့မီရင် အဲဒီအပင်ဟာ 1.3 m, ကျွန်တော်ဖက်လို့မမီရင် 1.3m ထက်များတယ်။ အဲဒီ ပရောဂျက်မှာ 1.3m ထက်ကြီးတဲ့အပင်တွေက လေးငါးခြောက်ပင်။ TCA ထဲက state land မှာဆိုရင် အပင်သေရင်၊ လဲကျသေသွားရင် တောင် death certificate ယူရတယ်။ ကျွန်တော်ဝင်သွားတော့ အပင်တွေ ရေ၀ပ်နေတယ်လို့ပြောတော့ မင်းကိုကြည့်ဘို့ခေါ်တာ နောက်က အပင်တွေခေါ်တာ။ ဒါတွေအတွက်တော့မပူနဲ့။ နောက်ကိုသာသွားလို့ ပြောတယ်။ ကျွန်တော်လည်း မပြောတော့ဘူး။ သူတို့ပြောတဲ့ အပင်တွေအတွက်ပဲ Death Certificate ရေးပေးလိုက်တယ်။
          နောက်တစ်နှစ်လောက်ကြာတော့ အဲဒီအပင်ကြီးတွေ အရွက်တွေဝါပြီး ကြွေကျကုန်တယ်။ အပင်ခြေရင်းမှာ ရေ၀ပ်တာ။ သူတို့က site ကထွက်တဲ့ရေတွေ အဲဒီကို မြောင်းသွယ်ချထားတာကိုး။ အပင်တွေသေတော့ သူတို့ခုတ်တယ်။ နောက်ဆုံး ၃ ပင်ပဲကျန်တယ်။ အဲဒီအချိန်မှာ NParks က အဲဒီခြံဖြတ်သွားတော့ အပင်တွေသေနေတာ သွားတွေ့တော့ ကျွန်တော့်ကိုခေါ်တယ်။ ကျန်တဲ့အပင်တွေ ရှင်အောင်လုပ်နိုင်မလား ပေါ့။ ကျွန်တော်က နောက်ဆုံးကျန်တဲ့ အပင်နှစ်ပင်ထဲက ဒီအပင်ကိုတော့ ရာနှုန်းပြည့် အာမခံတယ်။ ဒီအပင်ကတော့ 40% ပဲအာမခံနိုင်မယ်လို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ကျွန်တော်ပတ်ကြည့်တယ်။
          ရေမြောင်းမှာက ရေဆင်းဘို့အပေါက်တွေ ဖောက်ပေးထားတာ။ မြေကျစ်နေတော့ ရေမဆင်းနိုင်ဘူး။ ရေ၀ပ်နေတယ်။ အဲဒီနေရာကို ကျွန်တော်က အမြစ်တွေရှောင်ပြီး မြောင်းလေးတွေ လေးငါးမြောင်းတူးတယ်။ အဲဒီ မြောင်းတွေထဲကို မြေဆွေးနဲ့ granite chips တွေထည့်တယ်။ ရေဆင်းအောင်။ အဲဒီမှာ အပင်တွေ ပြန်ရှင်သွားတယ်။
          ဆိုတော့ မိန်းကွန်းက ပိုက်ဆံရှင်းပေးတယ်။ နောက်ပြီး မေးခွန်းတွေလည်း အများကြီးမေးတယ်။ မင်းဒီအပင်တွေ သေသွားရင် ဘယ့်နဲ့လုပ်မလဲတဲ့။ မေးတော့ ကျွန်တော့်သူဌေးက ပြောတယ်။ မင်း ဆေးရုံတက်လို့သေသွားရင် ဆရာဝန်ကမင်းကို ပိုက်ဆံ ပြန်အမ်း သလားတဲ့။ ကျွန်တော့်ကို နာရီဝက်လောက်မေးနေတော့ သူဌေးက တင်းနေပြီ။ အဲဒါကြောင့် သောက်မြင်ကပ်လို့ ၀င်ပြောတာ။ အဲတော့မှ ဟိုကောင် ငြိမ်သွားတော့တယ်။ အဲဒါမျိုးလည်း ကြုံရတယ်။ စိတ်ဝင်စားဘို့လည်း ကောင်းတယ်။
Heritage Trees of Singapore
စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်ကဲ့သို့လုပ်နေသည့်အကြောင်း ဦးဂျော့ကျော်စိုး ပြောကြားချက်များ
ယခု စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်ကဲ့သို့လုပ်နေသည်ကို JTC မှ ဦးဂျော့ကျော်စိုးပြောပြသည်များကို အရင်းအတိုင်း ပြန်လည်ဖောက်သည်ချပါမည်။
            သာမန်စာဖတ်သူများအနေနှင့် သူပြောသည်များကို သေသေချာချာ နားလည်ချင်မှ နားလည်နိုင်ပါလိမ့်မည်။ အချို့ စာလုံး (terminology) များကို သိချင်မှသိပါလိမ့်မည်။ ထို့ကြောင့် သူပြောသည်များထဲမှ NParks, URA, HDB, JTC, City in a Garden, Bio Diversity, Green Mark Certification, Nature Reserves, Jurong Park connector, Building Performance, Floor Ratio, အစိုးရက subsidise ပေးတယ်။ Sustainable, greenery, carbon emission, carbon credit, fuel efficient, Euro 4 အင်ဂျင်။ Indoor Air Quality, Storm Water management, Global warming, Bioswale အစရှိသော သိသင့်သိထိုက် သည်များကို နောက်ပိုင်း၌ ကျွန်တော်သီးသန့် ဆောင်းပါးများရေးပါမည်။
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x
            စင်ကာပူမှာ အပင်တွေနဲ့ပတ်သက်လို့ Authority က NParks Board (National Parks Board) ပါ။ NParks ရဲ့ guide line ပေါ်မူတည်ပြီး တခြား government agency တွေဖြစ်တဲ့ JTC(Jurong Town Council), တို့၊ HDB (Housing Development Board) တို့ ကလုပ်ပါတယ်။ NParks က plan ဆွဲထားပြီးသား။ ဘယ်လိုဆွဲသလဲဆိုတော့ URA (Urban Redevelopment Authority) နဲ့ ချိတ်လိုက်တယ်။ China Town နားမှာ URA Head Quarter ရှိတယ်။ URA က နောက်ထပ် ဆယ်နှစ်၊ အနှစ် ၂၀ plan ထပ်ဆွဲတယ်။ စင်ကာပူကို နောက်ထပ် ၁၀ နှစ်အတွင်း ဘယ်လိုလုပ်မလဲပေါ့။
          URA က စင်ကာပူတစ်နိုင်ငံလုံးကို land planning လုပ်တယ်။ စင်ကာပူမှာ တိုးလာတဲ့လူဦးရေနဲ့အမျှ အိမ်ခြေတွေ တိုးဆောက် လာရင် အပန်းဖြေဘို့ပန်းခြံ စတာတွေကို ဘယ်လိုလုပ်ပေးမလဲ စသဖြင့် URA က master plan လုပ်လိုက်တယ်။ အဲဒီနယ်မြေဟာ NParks နဲ့ဆိုင်နေရင် NParks Board ကို ချပေးလိုက်တယ်။ NParks Board ကပြင်တယ်။ NParks က URA ရဲ့ plan ပေါ်မူတည်ပြီး တခြားနိုင်ငံတွေ မှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေလုပ်နေသလဲ လိုက်ကြည့်တယ်။                    
          နယူးဇီလန်စတဲ့တခြားနိုင်ငံတွေပို့ပြီး study လုပ်ခိုင်းတယ်။ နယူးဇီလန် မှာ greenery ကိုဘယ်လိုလုပ်နေလဲ။ သြစတေးလျားမှာ ဘာတွေလုပ်နေလဲ။ လေ့လာပြီးတော့ မလိုအပ်တာတွေဖယ်။ ကောင်းတာတွေကို adapt လုပ်ပြီး ငါတို့နိုင်ငံမှာ ဘယ်လိုသုံးလို့ရမလဲ ဆိုတာ detail plan ပြန်ဆွဲတယ်။ စင်ကာပူနိုင်ငံကို ဘယ်လိုကောင်းအောင်လုပ်မလဲပေါ့။
         လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတော့ စင်ကာပူကို Garden City ဆိုပြီးလုပ်ကြတယ်။ အဲဒါကို လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး City in The Garden ဆိုပြီး ပြောင်းလိုက်တယ်။ Garden City နဲ့ City in the Garden ဘာကွာသလဲဆိုတော့ Garden City က အပင်တွေ စိုက်တယ်။ လမ်းဘေးတွေမှာ ပန်းခြံတွေမှာ အပင်တွေစိုက်တယ်၊ ဒါလောက်ပဲ။ အရင် ၂၀၀၀ ပြည့်နှစ်လောက်ထိ စင်ကာပူကိုကြည့်လိုက်ရင် လမ်းဘေးမှာ အပင်ငယ်တွေ၊ ပန်းပင်တွေနည်းတယ်။ သစ်ပင်ကြီးတွေပဲ စိုက်ခဲ့တယ်။
         နောက်တော့ လူတွေများလာတော့ကာ အဲဒါကို City in the Garden လုပ်တိုက်တယ်။ ဥယျာဉ်ကြီးထဲမှာရှိတဲ့ မြို့တော်ကြီးပေါ့။ အဲဒီမှာ intensive landscape ကို အကောင်အထည်ဖော်တယ်။ City in the Garden စနစ်မှာ လမ်းဘေးတွေမှာ သစ်ပင်ကြီးတွေတင် မကတော့ဘဲ အပင်ငယ်လေးတွေနဲ့ ပန်းပင်တွေပါ စိုက်တယ်။ စိုက်ပြီး BioDiversity ကို enhance လုပ်တယ်။
အဆောက်အဦတွေ၊ HDB Flat, Condominium တွေဆောက်တော့ concrete structure တွေများလာတယ်။ ကွန်ကရစ်က နေပူရင် အပူကို ပြန်ကန်ထုတ်တယ်။ အပူကအမြဲထွက်နေတယ်။ ဒါပေမဲ့ အပင်ကြားဖြတ်လာတဲ့လေက အေးတယ်။                  
         နောက်တစ်ခုက အဆောက်အအုံဆောက်တော့မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ သဘာဝအလျောက်ပေါက်နေတဲ့ အပင်တွေကို ခုတ်ရတယ်။ အဲဒီ သဘာဝ အပင်တွေကြားမှာ ငှက်တွေ၊ တခြား လိပ်ပြာ၊ ကင်းလိပ်ချော၊ ပိုးနှံကောင်စတဲ့ အကောင်ပလောင်တွေ၊ အင်းဆက်တွေ နေနေကြတယ်။ အဆောက်အဦဆောက်ဘို့ အဲဒီအပင်တွေ ခုတ်လိုက်ရတော့ အဲဒီအကောင်တွေ သေသွားတယ်။ ဒါမှမဟုတ်လဲ တခြားပြောင်းသွားကြ ရတယ်။
           NUS က လေ့လာတော့ စင်ကာပူမှာ Bio Diversity တဖြည်းဖြည်းကျလာတာ တွေ့ရတယ်။ ဥပမာ လိပ်ပြာရဲ့ မျိုးစိတ်တွေ ကျလာတယ်။ ပေါက်ပွားနှုန်းတွေ ကျလာတယ်။ အဲဒါကို ဘယ်လိုလုပ်မလဲလို့ NParks Board က စဉ်းစားတော့ - စင်ကာပူမှာ ထိန်းထားတဲ့ Nature Reserves တွေရှိတယ်။ အဲဒီ nature reserve တွေမှာတော့ ဒီအကောင်ပလောင်လေးတွေ ရှိသေးတယ်။  
           အဲဒီတော့ အဲဒီ nature reserve တွေကနေပြီးတော့ မြို့ထဲရောက်အောင် ဒီအကောင်လေးတွေကို ဘယ်လိုဆွဲဆောင်ယူမလဲ စဉ်းစားကြတယ်။ လမ်းဘေးတွေမှာ သူတို့ခိုလို့ရအောင် သူတို့ကြိုက်တဲ့အခြေအနေ ပတ်ဝန်းကျင်ကို ဖန်တီးပေးတယ်ပေါ့။ မန်ဒိုင်းမှာ စစ်တပ်ကလေ့ကျင့်တဲ့တောကြီးတွေ ရှိတယ်။ အဲဒီအထဲမှာ eco system ရှိတယ်။
          သဘာဝသားရဲတိရစ္ဆာန် အကောင်ပလောင်လေးတွေ ရှိတယ်။ အဲဒီအကောင်တွေကို သူနဲ့နီးတဲ့ ချွာချူကန်ကို ဘယ်လိုဆွဲဆောင်ခေါ်မလဲ။ ဆိုတော့ Jurong Park connector စသဖြင့် connector တွေ လုပ်ပေးတယ်။ လမ်းဘေးတွေမှာ သစ်ပင်လေးတွေ၊ ပန်းပင်လေးတွေစိုက်ပြီး ဆွဲဆောင်တယ်။ BidDiversity ကို enhance လုပ်တယ်။
       နောက်တစ်ခါ သူတို့က native species တွေကို ပြန်ပြီး introduce လုပ်တယ်။ အရင်တုံးက စင်ကာပူကို တခြားနိုင်ငံတွေက အပင်တွေမှာပြီးတော့ စိုက်တယ်။ လှအောင်ပေါ့။ ဒါပေမဲ့ အဲဒီအပင်တွေက စင်ကာပူရေမြေ၊ ရာသီဥတုနဲ့ မကိုက်ညီဘူး။ pest တွေရဲ့ဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ သေမသွားအောင် ရေများများလောင်းရတာ စသဖြင့် အရမ်းဂရုစိုက်ရတယ်။ အဲတော့ အလုပ်ရှုပ်တယ်။ ဒီတော့ NPark က South East Asia Native Tree တွေရှာစိုက်လာတယ်။
          အဆောက်အဦတွေကို အရင်ဆောက်တုံးက Building performance တို့ activity consumption တို့ကို မကြည့်ကြဘူး။ နောက်ပိုင်းကျတော့ ဒါကို BCA က သိလာတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကို သွားလေ့လာတယ်။ အဆောက်အဦ ဆောက်တဲ့အခါ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ နိုင်ငံခြား consultant တွေခေါ်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး BCA Green Mark Department ကိုဖွဲ့လိုက်ပြီး Green Mark Certification Scheme ကို စလုပ်တယ်။ Building Performance, Floor Ratio စတာတွေကြည့်တယ်။ Floor Ratio နဲ့ အပြင်မှာရှိတဲ့ Greenery Ratio ကို တွက်ကြတယ်။ အဲဒီအပေါ်မှာ အမှတ်တွေပေးပြီးတော့ Green Mark Platinum, Green Mark Gold Plus, Green Mark Gold, Green Mark Certified စသဖြင့် လက်မှတ်တွေပေးတယ်။
          နောက်တစ်ခါ Building owner တွေစိတ်ဝင်စားအောင်၊ ပူးပေါင်းပါဝင်လာအောင် incentive plan တွေလုပ်ပေးတယ်။ ဥပမာ - အဲယားကွန်းစနစ်အစား Chiller စနစ်သုံးရင် energy consumption ကို ၃၀% လျှော့ချနိုင်တယ် စသဖြင့်။ ဆိုတော့ သူတို့က energy consumption ကိုလျှော့ချနိုင်ရင် အစိုးရက ၂၀%၊ ၃၀% စသဖြင့် subsidise လုပ်တယ်။ ဆိုတော့ ပထမဆုံး၊ ဆောက်တဲ့နေရာမှာ အစိုးရက subsidise ပေးလို့ သက်သာတယ်။ ရေရှည်မှာလဲ building ရဲ့ operating cost ကျသွားတယ်။ power consumption ကျသွားတယ်။ အကုန်အကျသက်သာတာပေါ့။ ဒါ BCA က လုပ်တာ။ နောက်တစ်ခုက BCA ကပဲ ဒီ Green Mark Scheme တင်မဟုတ်တော့ဘူး။ Greenery နဲ့ပတ်သက်ပြီးတော့လည်း cerfification စလုပ်တယ်။ အရင်တုံးကတော့ Green Marks Certificate ပဲပေးတယ်။ ခုတော့ Green Mark Certification for Parks and Garden ဆိုပြီးပေးတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ကစတာ ခုဆို ၅ နှစ်ရှိပြီပေါ့။ ဒါက building နဲ့ ပတ်သက်ပြီး BCA က လုပ်တဲ့ certification system ပေါ့။ BCA နဲ့ NParks တို့ joint လုပ်တာ။ နောက်ပြီး ဒီ Green Mark နဲ့ပတ်သက်ပြီး audit ၀င်တယ်။ ဒါတွေက ဒီစင်ကာပူမှာ sustainable approach ပေါ့။
          Sustainable မှာ ၃ ခုရှိတယ်။
၁။ Park and Garden စသဖြင့် တစ်ခုခုဆောက်တော့မယ်ဆိုရင် ပထမဆုံးကြည့်ရတာ Econimic Sustainability။ နောက် -
၂။ Environment sustainability ။ နောက်ပြီး -
၃။ Social sustainability ရှိရဲ့လား။ ဒါတွေကြည့်ရတယ်။ ဒီ 3 sustainable criteria ပေါ်မှာမူတည်ပြီးတော့မှ concept ကိုစပြီး plan လုပ်ရတယ်။
          NParks က Greenery နဲ့ပတ်သက်ပြီး training တွေပေးတယ်။ 2007 – 2008 ကနေစပြီး အဲဒီ Certification sysytem ကို စခဲ့တယ်။ JTC အောက်မှာလည်း NPark လိုဘဲ parks and garden တွေရှိတယ်။ Jurong Lake Park, Chinese Garden, Japanese Garden စသဖြင့်။ Industrial developer က business park, business building တွေဆောက်တယ်။ Oversea invester တွေ လာတဲ့အခါကျတော့ land allocation လုပ်တယ်။ မြေတွေကို နှစ် ၃၀၊ ၄၀ ချပေးပြီး ဆောက်တယ်။ ဒီ business building တွေ ဆောက်တော့ business committee တွေကို drive လုပ်ဖို့ JTC ကနေ Parks and Garden ကို ဆောက်တယ်။ အဲဒါကိုအကောင်အထည် ဖော်ဘို့ road map တွေရေးတယ်။ ၀န်ထမ်းတွေကို အိုဗာစီးလွှတ်ပြီး တခြားနိုင်ငံတွေမှာ ဘာတွေ လုပ်နေဆိုတာ လေ့လာခိုင်းတယ်။ နောက်ပြီး bench mark ဆွဲတယ်။ သူ့မှာလဲ BCA လိုပဲ Platnium, Gold+, Gold စသဖြင့် certificate တွေရှိတယ်။
          Refer လုပ်တာကတော့ တစ်ကမ္ဘာလုံးကနိုင်ငံတွေကို refer လုပ်တာပဲ။ ဒီက Nparks, URA စတဲ့ဂါးဗားမင့်အေဂျင်စီတွေက တစ်ခုနဲ့တစ်ခုဆက်နွယ်မှုရှိတယ်။ ရှေ့နှစ်ကျ ဘာတွေလုပ်မယ်လို့ plan ဆွဲရင် ဒီ plan ပေါ်မှာ ဘာအားနည်းချက်၊ အားသာချက်တွေရှိတယ် ဆိုတာ အကဲဖြတ်ခိုင်းတယ်။ တစ်နှစ်တစ်ခါ bench marking လုပ်တယ်။ တခြား regional source တွေကနေပြီးပေါ့။ တစ်နှစ်တစ်ကြိမ် အိုဗာစီးခေါ်လေ့ရှိတယ်။ ကျွန်တော်မနှစ်က ဂျာမဏီရယ်၊ ယူကေရယ်သွားပြီး အဲဒီနိုင်ငံတွေမှာ ဘာတွေလုပ်နေတယ်ဆိုတာ ကြည့်ရတယ်။ အဲဒီနိုင်ငံက ဂါးဗားမင့်အေဂျင်စီတွေနဲ့လဲ သူတို့ဘာတွေလုပ်နေတယ်ဆိုတာ ဆွေးနွေးတယ်။ ကျွန်တော်က industry မှာပါတယ်။ ဒီတော့ industry နဲ့ပတ်သက်ပြီး သူတို့နိုင်ငံမှာ ဘာတွေလုပ်နေတယ်ဆိုတာ အတွေ့အကြုံ exchange လုပ်ပြီး bench mark လုပ်တယ်။
           မနှစ်က သြစတေးလျနဲ့ နယူးဇီလန်ကို သွားတယ်။ သြစတေးလျက စင်ကာပူနဲ့ နီးစပ်တယ်။ ဆိုတော့ သြစတေးလျက ဘာတွေ ကိုယ့်ထက်သာနေလဲ။ ကိုယ့်နိုင်ငံမှာ ဘာတွေလုပ်ရင်ကောင်းမလဲလေ့လာ။ စင်ကာပူပြန်လာရင် ဒီမှာ ဘာတွေဖြစ်နေတယ်။ ဘာတွေ လုပ်ရင်ကောင်းမယ်။ US မှာဘာတွေလုပ်နေတယ်။ ဂျာမဏီမှာကဘယ်လို ဆိုပြီး 5 year plan စသဖြင့် bench mark လုပ်ရတယ်။ ၅ နှစ် အတွင်း JTC က ဘာတွေဆောက်မယ်ဆိုတာ planning ရှိပြီးသား။ ဆိုတော့ ကျွန်တော်တို့က အဲဒီ ၅ နှစ်အတွင်း greenery နဲ့ပတ်သက်ပြီး ဘာတွေလုပ်မယ်ဆိုတာ နှစ်စဉ်တင်ပြရတယ်။
          စင်ကာပူမှာတော့ လောလောဆယ် carbon credit လုပ်ဖို့အစီအစဉ်မရှိသေးဘူး။ ဈေးသိပ်ကြီးလို့။ 2000 Kyoto Protocol မှာ တိုးတက်တဲ့နိုင်ငံတွေအားလုံး သူ့ဟာသူ Commitment (limit) ပေးရတယ်။ ဥပမာ - 15% of Carbon reduction by 2030 စသဖြင့်ပေါ့။ အဲဒီအတွက် Energy Market Authority က Energy Labelling System ကိုစခဲ့တယ်။ ဥပမာ - အဲယားကွန်းတွေမှာ 1 tick, 2 tick, 3 tick, 4 tick ဆိုပြီး အစိမ်းရောင်လေးတွေနဲ့ ပြထားတယ်။ အမှန်ခြစ်လေးခုဆိုရင် ပါဝါအစားသက်သာဆုံးပေါ့။ LTA ကလည်း အရင်တုံးက ကားတွေမှာ အင်ဂျင်တွေကို Euro 4 ကိုသုံးတယ်။ အခုနောက်ပိုင်းကျတော့ ဆီကိုပါ fuel efficient ဖြစ်အောင်လုပ်တယ်။ ခု ကား ကြော်ငြာ တွေကို ကြည့်လိုက်ရင် ကီလို ၁၀၀ ဆိုရင် ဆီ ဘယ်နှလီတာစားတယ်ဆိုတဲ့ ဆီစားနှုန်းပါ ထည့်ထားတာတွေ့ရလိမ့်မယ်။ အစိုးရကလည်း carbon emission နည်းတာတို့ စသဖြင့် control လုပ်လာတယ်။  
            efficient တင်မဟုတ်တော့ပဲ carbon emmission ကိုပါ ထည့်တွက် လာတယ်။ Tax ကိုလည်း ကာဘွန်ဘယ်လောက်ထုတ်တယ် ဆိုတဲ့အပေါ်မူတည် ကောက်တယ်။ နောက်ပြီး vehicle population ကိုလည်း လျှော့ချလိုက်တယ်။ အရင်တုံးက ၃၀၀၀ ချပေးရင်၊ အခု ၂၀၀၀ ပေါ့။ ဒီမှာက လူတွေက လခကောင်းတယ်။ လခက ပျမ်းမျှခြင်း ဒေါ်လာ ၃၀၀၀ လောက်ရတာ။ လူပျိုလူလွတ်အနေနဲ့ ဒီပိုက်ဆံကို ဘယ်မှာသွားသုံးမလဲ။ ဒီတော့ သူတို့ ကားဝယ်ဘို့ပဲ စိတ်ဝင်စားကြတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ထိန်းဘို့လိုလာတယ်။
          JTC က အဓိကက industrial developer ။ သူတို့က EDB (Economic Development Board) နဲ့ လုပ်ရတယ်။ EDB က တစ်ကမ္ဘာလုံးလျှောက်သွားပြီး စင်ကာပူမှာ ဘာစီးပွားရေးတွေလုပ်ရင်ကောင်းမလဲဆိုတာ အမြဲလေ့လာနေတယ်။ နောက်ပြီး သူတို့က JTC ကိုမင်းတို့ ဘာလုပ်၊ ဘာလုပ်၊ ဘာတွေပြင်ထားဆိုပြီး အကြံဉာဏ်တွေပေးတယ်။ သူတို့ပြောတာထဲမှာ labor intensive manufacturing ကို hightech industry နဲ့ အစားထိုးမယ် ဆိုတာပါတယ်။ ဘာလို့လည်းဆိုတော့ နောက်မျိုးဆက်တွေက ပညာတတ်လာတယ်။ ရိုးရိုး manufacturing ကို မလုပ်တော့ဘဲ hightech အလုပ်တွေပဲ လုပ်တော့မယ်။
          ဒီတော့ စင်ကာပူမှာ EDB ရဲ့အကြံပြုချက်နဲ့ အစိုးရက လေယာဉ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်မယ်။ လေယာဉ်အင်ဂျင်၊ အစိတ်အပိုင်းထုတ်ဘို့ လွန်ခဲ့တဲ့ ၅ နှစ် လောက်ကစပြီး master plan စဆွဲတယ်။ Phase one, Phase two, Phase three, Phase four စသဖြင့် ဆွဲတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ယိုချုကန်ဘက်မှာ မြေနေရာရှင်းပြီး foreign investor တွေလာပြီး စက်ရုံတည်ဘို့ ငှားမယ်။ ရိုးစ်ရိုက်လို ကုမ္ပဏီတွေကျတော့ လေယာဉ်အင်ဂျင်ထုတ်တဲ့စက်ရုံဆောက်ဘို့ မြေကို နှစ် ၄၀ စသဖြင့် ငှားလိုက်တယ်။
          ကျွန်တော်တို့အပိုင်းကျတော့ landscape ပေါ့။ အဲဒီစက်ရုံတွေဆောက်တော့မယ်ဆိုတော့ ဟက်တာ ၂၀၀ လောက်မှာ လမ်းတွေ ဖောက်ပြီး ဘာတွေစိုက်မယ်။ စက်ရုံပုံစံကြည့်ပြီး ဘယ်နေရာတွေမှာ ဘာပင်တွေစိုက်မယ်ဆိုတာ တင်ရတယ်။ ခုဆိုတော်တော်တောင် ပြီးနေပြီ။ နောက်ထပ်လည်း ထပ်စိုက်ဘို့ လုပ်နေတယ်။
ကျွန်တော်က ခုနလို landscape လုပ်ရတော့ သစ်ပင်ဘယ်လောက်စိုက်ရင် ကာဘွန်ဘယ်လောက်ကျသွားမလဲဆိုတာ လုပ်ရတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က NTU နဲ့ NParks နဲ့ ပေါင်းပြီး research လုပ်တယ်။ အပင်ဘယ်လောက်ကြီးရင် ကာဘွန် ဘယ်လောက် စုပ်နိုင်သလဲပေါ့။ အပင်ကြီးရင် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနှုန်းပိုကောင်းတယ်။ အပင်ရဲ့ဆိုဒ်က ၀.၅ မီတာ ဆိုရင် ကာဗွန်က တစ်နှစ်ကို 24kg စုပ်တယ်။
           ကာဗွန်ထွက်တာ လျှပ်စစ်ထုတ်တာကနေ အများဆုံးပဲ။ သူက မီးရှို့ရတာကိုး။ မီးခိုးထဲမှာ ကာဗွန်ပါတယ်။ ကျွန်တော် အပင်တွေ ကနေ ကာဗွန်ဒိုင်ဆောက်ဆိုဒ် စုပ်ယူတဲ့နှုန်းတိုင်းတဲ့ ပရောဂျက်တစ်ခုလုပ်တယ်။ Chinese Garden ထဲမှာ။ Carbon accounting လုပ် တယ်။ သစ်ပင်တွေက ကာဘွန်ထုတ်တာ ဘယ်လောက်။ စုပ်ယူတာဘယ်လောက်။ Credit နဲ့ Debit လိုပေါ့။ (Credit ဆိုသည်မှာ ၀င်လာသည့်ပိုက်ဆံဖြစ်ပြီး debit ဆိုသည်မှာ ထွက်သွားသည့်ပိုက်ဆံဖြစ်ပါသည်။) စုပ်တဲ့နှုန်းနဲ့ ထုတ်တဲ့နှုန်းကို ခြားနားလိုက်ရင် သစ်ပင်တစ်ပင်က အသားတင်ကာဘွန်စုပ်တဲ့နှုန်းရမယ်။ ကျွန်တော်တွေ့တာက Chinese Garden နဲ့ Japanese Garden မှာ carbon credit ဖြစ်တယ်။ ဒါပေမဲ့ နောက်ထပ်စက်ရုံတွေ ထပ်ဆောက်ဦးမှာဆိုတော့ ဒါကို အရမ်းဝမ်းသာနေလို့ မဖြစ်ဘူး။
             ဒါပေမဲ့ ဒီ methodology က မှန်မှန်းမှားမှန်း ကျွန်တော်မသိဘူး။ ကျွန်တော်က NUS နဲ့ NParks က study လုပ်ထားတာတွေ၊ တခြားဖတ်ထားတာတွေကရတဲ့ အသိနဲ့ လုပ်ထားတာ။ ဒီတော့ International Society က Carbon expert တွေကို audit လုပ်ခိုင်းတယ်။ သူတို့စင်ကာပူမှာ တစ်လလောက်နေပြီး ပန်းခြံတွေထဲလိုက်စစ်၊ တွက်နည်းတွေကြည့် လုပ်တယ်။ နောက်ဆုံးကျတော့ ကျွန်တော်လုပ်ထား တဲ့ methodology ဟာ မှန်တယ်လို့ ပြောတယ်။ ISO 15364 လက်မှတ်ပေးတယ်။ ဒါဟာစင်ကာပူမှာ Parks and Garden က Carbon နဲ့ ပတ်သက်ပြီးတော့ ပထမဆုံး ရတဲ့လက်မှတ်။
           နောက်တစ်ဆင့်က Jurong Island။ Jurong Island မှာက chemical စက်ရုံတွေများတယ်။ မနှစ်က Jurong Island Landscape Enhancement Plan ဆိုပြီးဆွဲခိုင်းတယ်။ ဒါပေမဲ့ ဒါကို ခဏထားလိုက်တယ်။ Jurong Island စက်ရုံတွေက gas တွေ ထွက်တယ်။ တချို့ gas တွေက ဘာ gas တွေလဲဆိုတာ မသိရဘူး။
ဒီတစ်ခါ သစ်ပင်စိုက်ရင် ကျွန်တော်ရမ်းမစိုက်တော့ဘူး။ အပင်ရဲ့ species တွေကို ရွေးမယ်။ ဘယ် species က ဘယ်ဓါတ်ငွေ့ကို စုပ်ယူနိုင်ဆုံးလည်း လေ့လာမယ်။ ဓါတ်ငွေ့တွေမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း စသဖြင့်မျိုးစုံရှိမယ်။ ဆိုတော့ ပထမ စက်ရုံတွေက ထွက်လာတဲ့ ဓါတ်ငွေ့တွေကို အရင်လေ့လာပြီးတော့မှ အဲဒီဓါတ်ငွေ့ကို စုပ်နိုင်တဲ့ အပင်မျိုးစိတ်တွေကို စိုက်သွားမယ်။ 
           ဒါပေမဲ့ ပြဿနာက အာရှမှာ ဘယ်အပင်က ဘယ်ဓါတ်ငွေ့ကို စုပ်နိုင်သလဲဆိုတဲ့ သုတေသနလုပ်ထားတာ လုံးဝမရှိဘူး။ ကျွန်တော်တို့နဲ့ နည်းနည်းနီးစပ်တဲ့ သြစတေးလျမှာလည်း မရှိဘူး။ ဒါပေမဲ့ အမေရိကန်မှာတော့ ရှိတယ်။ ဒါပေမဲ့ သူတို့နဲ့က ပေါက်တဲ့ အပင်ချင်း၊ ရာသီဥတုချင်း၊ ရေမြေသဘာဝချင်းမတူတော့ ယူသုံးလို့မရဘူး။
          NASA က indoor plant တွေကို study လုပ်တယ်။ ဥပမာ - စားပွဲ၊ ကော်ဇော၊ ခန်းဆီး၊ နံရံ၊ ဖိုတိုကော်ပီယာ စတာတွေ၊ တခြား သေးသေးမွှားမွှားလေးကနေ ဓါတ်ငွေ့တွေ အမြဲထွက်နေတယ်။ ရုံးထဲမှာ အပင်တွေစိုက်ထားရင် အဲဒီအပင်တွေက ဒီဓါတ်ငွေ့တွေကို ဘယ်လောက် စုပ်ယူတယ်ဆိုတာကို သူတို့ သုတေသနလုပ်တယ်။ Indoor Air Quality အတွက်ပေါ့။
          အခု ကျွန်တော် အဲဒါကို သုတေသနလုပ်မယ်။ ဓါတ်ခွဲခန်းထဲမှာ အပင်မျိုးစိတ်တွေထည့်မယ်။ ဂက်စ်တွေထည့်မယ်။ နောက်ပြီး တော့ ဘယ်လောက်စုပ်ယူနိုင်သလဲ တိုင်းမယ် ပေါ့။ နောက်ပြီးတော့ field study လုပ်မယ်။ နောက်ပြီး statistics နဲ့တွက်မယ် ပေါ့။ သုတေသနလုပ်မဲ့ အဖွဲ့မှာ တက္ကသိုလ်တွေက professor တွေပါမယ်၊ JTC နဲ့ Npark ကလည်း ပါမယ်။ အဲဒါကို ၂ နှစ်လုပ်မယ်။ ၂ နှစ်ပြီးရင် တော့ အဖြေတစ်ခု ထွက်လာမယ်ပေါ့။ ဘယ်စက်ရုံဆိုရင် ဘယ်ဓါတ်ငွေ့တွေ အများဆုံးထွက်မယ်။ အဲဒါဆိုရင် ဘယ်အပင်တွေကို ဘယ်လောက်စိုက်ရမယ်ဆိုတာ သိနိုင်မယ်ပေါ့။
       နောက်တစ်ခုက Storm Water management။ သြစတေးလျမှာ မိုးရွာလို့ရလာတဲ့ Surface water ကို အကုန်လုံးစုထားတယ်။ အိမ်တွေမှာ တိုင်ကီတွေနဲ့လှောင်တယ်။ လမ်းတွေ၊ ပန်းခြံတွေက ထွက်လာတဲ့ရေအားလုံးကို surface culvert ကနေ earth drain ထဲကို ပို့တယ်။ earth drain ထဲမှာ အပင်တွေစိုက်ထားတယ်။ တချို့ရေတွေကို ပြန်သုံးတယ်။ တချို့ရေတွေကို reservoir ထဲကို discharge လုပ် လိုက်တယ်။ ဘာကြောင့်လုပ်သလဲဆိုတော့ concept က -
            Global warming ဖြစ်တော့ အတ္တလန်တစ်က ရေခဲတွေ အရည်ပျော်လာတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။ မိုးတွေအရမ်းရွာတယ်။ ရေတွေလျှံတယ်။ အပူချိန်မြင့်တက်လာတယ်။ မိုးရေကိုစုထားလိုက်တဲ့အခါ ပြန်သုံးလို့ရတယ်။ ရေစီးနှုန်း ကျသွား တယ်။ မြေပေါ်က အဆိပ်အတောက်တွေ ပင်လယ်ထဲ တိုက်ရိုက်မရောက်သွားတော့ဘူး။
            ဒီရေတွေ ပင်လယ်ထဲရောက်သွားရင် သုံးလို့မရတော့ဘူး။ ရေမြောင်းတွေ (Earth drain) ထဲမှာ သစ်ပင်တွေစိုက်ပြီး အဲဒီမိုးရေတွေကို သစ်ပင်တွေကြားထဲ ဖြတ်စီးစေတယ်။ အဲဒီအခါ သစ်ပင်တွေရဲ့အမြစ်တွေက အဆိပ်တွေကို စုပ်ယူထားလိုက်တော့ ရေလှောင်ကန်ထဲရောက်လာတဲ့ ရေတွေမှာ အဆိပ်အတောက် အများကြီးနည်းသွားတယ်။
            အဲဒါကို အတုယူပြီး PUB ကလုပ်တယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မက်ဖာဆန်မှာရှိတဲ့ ဘားလမ်းRoad မှာ စလုပ်တယ်။ အခုဆို Yo Chu Kang က reservoir မှာ လုပ်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က NTU က ဂျလန်ဘဟားမှာ Business Park တစ်ခုဆောက်တယ်။ Cleantech Industry အတွက်။ Cleantech One တဲ့။ ပြီးသွားပြီ။ အခု Cleantech Two စပြီးဆောက်နေတယ်။ အဲဒီမှာပဲ Bioswale စလုပ်နေတယ်။ မြေပေါ်ကျလာတဲ့ မိုးရေတွေကို အပင်တွေကြားထဲဖြတ်ပြီးတော့မှ PUB drain တွေထဲကို discharge လုပ်တယ်ပေါ့။
          နောက်ပြီးတော့ ရေရဲ့ quality ကို တိုင်းတယ်။ KPI အနေနဲ့ထည့်ထားရတာပေါ့။
          စင်ကာပူမှာ အသက်ကြီးတဲ့သစ်ပင်တွေကို heritage tree အနေနဲ့ လျှောက်လို့ရတယ်။ သစ်ပင်ရဲ့သက်တမ်း အနှစ် ၅၀ ကျော်ရင် လျှောက်လို့ရတယ်။ နောက်ပြီး ရှားပါးသစ်ပင်ပန်းပင်မျိုးစိတ်တွေကိုလည်း ထိန်းထားတယ်။ ဒီသစ်ပင်တွေကို ခုတ်လို့မရဘူး။ အဲဒါအားလုံးကို Npark က ကိုင်ထားတယ်။ မခုတ်ရတဲ့သစ်ပင်ကို ခုတ်တဲ့အခါ ဒဏ်ငွေကြီးကြီးတပ်ရိုက်တယ်။ အဲဒီအပိုင်းကတော့ ဦးတင်ဇော်အောင်တို့နဲ့ ပိုဆိုင်ပါတယ်။ သစ်ပင်ခုတ်ချင်ပြီဆို သူတို့ကို ခေါ်ရတာပေါ့။
(၅) NParks
          စင်ကာပူနိုင်ငံစိမ်းလန်းစိုပြည်ရေးအတွက် အဓိကတာဝန်ရှိသူမှာ NParks ဖြစ်ပါသည်။ ၎င်းသည် Ministry of National Development အောက်မှ အာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်၏။ စင်ကာပူတစ်ဝှမ်း၌ NParks မှ ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်းခြံပေါင်း ၃၀၀ နှင့် သဘာဝသစ်တော ၄ ခု ရှိပါသည်။ ထိုမျှသာမက လမ်းဘေးများ သာယာလှပ၊ စိမ်းလမ်းစိုပြည်ရေး၊ သဘာဝ သစ်ပင်တောတောင် ပန်းခြံများနှင့် လူနေရပ်ကွက်များအား သစ်ပင်ပန်းမာလ်များဖြင့် ဆက်သွယ်ပေးသည့် park connector များအား လည်းဖော်ထုတ် ထိန်းသိမ်းထားပါသည်။
          သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ကို ယူထားသည့်အလျောက် NParks က ဇီဝမျိုးစိတ်များပြောင်းရွှေ့မှု (Biodiversity) ကိုလည်း ထိန်းသိမ်းရန် ဆောင်ရွက်ပါသည်။ NParks သည် စင်ကာပူနိုင်ငံစိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုများပြု၏။ ပတ်ဝန်းကျင်အလှ လုပ်ငန်းများတိုးချဲ့ခြင်း၊ လုပ်သားများအား ဥယျဉ်ခြံ၊ ပန်းမာလ်ပြုစုနည်း သင်တန်းများပေးခြင်း စသည်တို့ ပြုလုပ်ခြင်းဖြင့် စင်ကာပူကို City in a Garden ဖြစ်လာစေရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးသည်။
          မစ္စတာလီကွမ်ယုက ၁၉၆၃ ခုနှစ်တွင် ပထမဆုံး သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုကို စတင်ခဲ့သည်မှ အစပြု၍ နိုင်ငံစိမ်းလမ်း စိုပြည်ရေး အစီအစဉ်များကို တဖြည်းဖြည်း တိုးချဲ့လုပ်ဆောင်လာခဲ့ရာ ၁၉၇၃ ခုနှစ်တွင် ဥယျာဉ်နိုင်ငံ (Garden City) ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် Parks and Recreation Department (PRD) ကို ဖွဲ့စည်းကာ ထိုနှစ်မှာပင် Parks and Trees Act ကို ပြဌာန်းခဲ့သည်။ ထိုအချိန်မှစတင်ပြီး သစ်ပင်ထိန်းသိမ်းရေးဧရိယာ (Tree Conservation Area) များသတ်မှတ်ခြင်း၊ မြေယာဖွံ့ဖြိုးရေးစီမံကိန်း များတွင် ပန်းခြံများတည်ဆောက်ရေး၊ ကားရပ်နားရာနေရာ၊ အိမ်များအကြား၊ လမ်းဘေးများတွင် သစ်ပင်များ စိုက်ခြင်းတို့ကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် HDB (Housing Development Board) နှင့် JTC (Jurong Town Corporation) တို့ကိုလည်း ၎င်းတို့ ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ဤဥပဒေပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက် စေခဲ့သည်။
          လမ်းဖောက်သည့် စံနှုန်းများတွင် လမ်းအသစ်များ၌ သစ်ပင်များစိုက်ရန် နေရာများပါ သတ်မှတ်ပေးသည်။ Express way ကဲ့သို့ လမ်းမကြီးများတွင် ပန်းမရှိသောသစ်ပင်ကြီးများနှင့် အလှဆင်ရန်အတွက် စက္ကူပန်း၊ တောင်မဲဇလီစသည့် အပင်များညှပ်စိုက်ထားသည်။ တစ်ချိန်တည်းမှာပင် လူကူးတံတား၊ ကားလမ်းခုံးကျော်၊ ကွန်ကရစ်နံရံ၊ ကားလမ်းဘေးအကာ စသည့် ကွန်ကရစ်အဆောက်အအုံများကို လည်း တွယ်တက်သည့် နံရံကပ်နွယ်ပင်များ၊ ပန်းခြုံကလေးများ၊ ကြိမ်ပင်၊ ကွမ်းသီးပင်၊ တောထန်းပင် ကဲ့သို့အပင်များဖြင့် တန်ဆာဆင် ခဲ့ကြသည်။ မြို့ပြနှင့် စက်မှုဇုန်များ၌ အလုပ်လုပ်နေသူများအတွက် စိမ်းလန်းသောပတ်ဝန်းကျင်တစ်ခု၊ တိုက်တာအိမ်ယာများဘေး၊ ကွက်လပ်၊ ကွင်းပြင်များ၌လည်း လမ်းဘေးသစ်ပင်၊ ပန်းခြုံများစိုက်ပျိုးခဲ့သည်။
          စင်ကာပူကျွန်းကို စိမ်းစိုသာယာစေရန် ၁၉၈၀ ခုနှစ်များက စတင်အကောင်အထည်ဖော်ခဲ့ပြီး သဘာဝအရင်းအမြစ်များအား ထိရောက်စွာ စီမံခန့်ခွဲရေးကိုလည်း ဦးစားပေးလုပ်ဆောင်ခဲ့၏။ ၁၉၉၆၊ ဇူလိုင်လတွင် Parks and Recreation Department ကို National Parks Board (NParks) အဖြစ်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ Singapore Botanic Gardens နှင့် Singapore’s nature reserves တို့လည်း NParks လက်အောက်ရောက်လာသည်။ NParks သည် လက်ရှိပန်းခြံများကို ပြုပြင်ခြင်း၊ ပန်းခြံအသစ်များ ဆောက်ခြင်း၊ လမ်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေးတို့လုပ်ခြင်းဖြင့် စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်လာအောင် ပြုလုပ်ခဲ့သည်။
          နှစ်များစွာကို ဖြတ်သန်းလာခဲ့ပြီးနောက် NParks သည် စင်ကာပူကို Garden City မှ City In A Garden (CIAG) အဖြစ်ပြောင်းလဲ အကောင်အထည်ဖော်ခဲ့သည်။ စင်ကာပူကို ဥယျာဉ်ထဲမှ မြို့တော်အဖြစ်ဖန်တီးရန် လုပ်ငန်းမူဘောင်ချမှတ်လျှက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ တွင် ပြည်သူများ၏ အကြံဉာဏ်များကိုပါရယူခဲ့၏။ ဤသို့အကောင်အထည်ဖော်ရာ၌ သော့ချက် ၆ ချက်ရှိသည်။ ၎င်းတို့တွင် ကမ္ဘာ့အဆင့်မီ ဥယျာဉ်များတည်ဆောက်ရန်၊ နုပျိုလန်းဆန်းသော မြို့ပြပန်းခြံများနှင့် လမ်းများဖန်တီးရန်၊ စိမ်းလန်းစိုပြည်ရေးနှင့် အပန်းဖြေနိုင်ရေးအတွက်  မြို့ပြရှိနေရာနှင့် အဆောက်အဦများကို အကောင်းဆုံးနေရာချထားရန်၊ မြို့ပြအဆောက်အဦများအကြား၌ လိပ်ပြာ၊ ပိတုန်း၊ ပျား စသော အင်းဆက်ပိုးမွှားများ ပျော်ရွှင်မြူးတူးနိုင်သော ပတ်ဝန်းကျင်ဖန်တီးပေးရန်၊ ၀န်းကျင်အလှအပနှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်း ပိုမိုတိုးတက် လာစေရန်၊ စိမ်းလန်းစိုပြည်သော စင်ကာပူနိုင်ငံဖန်တီးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရန် လှုံ့ဆော်ရန် စသည်တို့ ပါဝင်သည်။ 
(၆) Centre for Urban Greenery and Ecology (CUGE) 
           စင်ကာပူသည် နိုင်ငံကို ထူထောင်ရာ၌ ပညာရေးကိုဦးစားပေး ထူထောင်သည်ဖြစ်သဖြင့် လူအများအား ပညာသင်ကြားနိုင်ရန် အခွင့်အလမ်းများကို နည်းမျိုးစုံဖြင့် ဖွင့်ထားပေးရာ ထိုအထဲတွင် စဉ်ဆက်မပြတ်ပညာရေး (CET – Continuous Education and Training) လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ CET က ပုံမှန်ကျောင်းသင်ပညာရေးပြီးသွား၍ အလုပ်ထဲရောက်နေသူများကို ၎င်းတို့၏အလုပ်နှင့် ပတ်သက်သော ဗဟုသုတများရလာစေရန်၊ မိမိတို့လုပ်ကိုင်နေသောအလုပ်၌ ပိုမိုကျွမ်းကျင်လာစေရန် လေ့ကျင့်သင်ကြားပေးသည်။ CET အောက်၌ လုပ်ငန်းပေါင်းစုံအတွက် သင်တန်းအမျိုးအစား များစွာရှိသည်။ ပိုက်ဆံမတတ်နိုင်၍ မတက်နိုင်မဖြစ်ရလေအောင် ထိုသင်တန်းများ အတွက် သင်တန်းကြေးကို အစိုးရမှ တစ်စိတ်တစ်ပိုင်း ကျခံပေးသည်။ အချို့ အရေးကြီး၊ အသုံးဝင်သော သင်တန်းများဆိုလျှင် သင်တန်း ကြေး၏ ၇၅ % ( ၄ ပုံ ၃ ပုံ) ထိ အစိုးရမှ ကျခံပေးသည်။
             စင်ကာပူစိမ်းလန်းစိုပြည်ရေးအတွက် NParks ၏ စီမံကိန်းအများအပြားတွင် CUGE လည်းတစ်ခု အပါအ၀င်ဖြစ်၏။ CUGE က သစ်ပင်ပန်းမာလ် စိုက်ပျိုးရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်နေသူများအား ကျွမ်းကျင်မှုသင်တန်းများပေးသည်။ ထိုသင်တန်းများမှာ အထက်ဖော်ပြပါ CET အစီအစဉ်အောက်မှ သင်တန်းများဖြစ်ပါသည်။ ထိုအစီအစဉ်၌ အောက်ပါတို့ပါဝင်၏။
  • WSQ Programs
  • Arboriculture & Horticulture Programs
  • Urban Ecology Programs
  • Safety Programs
  • Job Placement
  • Outreach
  • Industry Information Management & Standards
              သင်တန်းများသာမက စင်ကာပူစိမ်းလန်းစိုပြည်ရေးနှင့် မြို့ပြသဘာဝသိပံ္ပအတွက် သုတေသနလုပ်ငန်းများလည်း ရှိပါသည်။ ၎င်းတို့မှာ အောက်ပါတို့ဖြစ်၏။
  • Urban Greenery
  • Urban Studies & Urban Design
  • Urban Ecology
              စိမ်းစိုလှပရေးအတွက် ပေးသောသင်တန်းများမှာ အတန်များပါ၏။ ဗဟုသုတရကြစေရန်နှင့် တက်လိုသူများ တက်နိုင်ကြစေရန် အောက်တွင်မူရင်းအတိုင်းဖော်ပြလိုက်ပါသည်။ 
WSQ Programs
WSQ Certificate in Landscape Operations
WSQ Higher Certificate in Landscape Operations (Arboriculture)
WSQ Advanced Certificate in Landscape Supervision (Arboriculture)
WSQ Diploma in Landscape Management (Arboriculture)
WSQ Advanced Certificate in Landscape Supervision (Parks, Reserves and Gardens)
WSQ Diploma in Landscape Management (Parks, Reserves and Gardens)
WSQ Advanced Certificate in Landscape Supervision (Turf, Sports Ground and Greens)
WSQ Diploma in Landscape Management (Turf, Sports Ground and Greens)
WSQ Advanced Certificate in Landscape Supervision (Landscape Design & Construction)
WSQ Diploma in Landscape Supervision (Landscape Design & Construction)
WSQ Advanced Certificate in Landscape Supervision (Nursery)
WSQ Diploma in Landscape Management (Nursery)
WSQ in Nature Interpretation
Professional Certification Programmes
Certified Arborist Programme
Certified Practising Horticulturist Programme
Certified Playground Safety Inspector Programme
International Programmes
Executive Programme on Greenery Planning and Management
Executive Programme on Sustainable Greening in an Urban Environment
Overseas Professional Development Programme
             ထို့ပြင် သစ်ပင်ပန်းမာလ်များစိုက်ပျိုးရာတွင် အရည်အသွေးမီပျိုးပင်များ လိုသလောက် ပံ့ပိုးပေးနိုင်ရန် Nursery Accreditation Scheme လည်း ရှိပါသည်။ ပျိုးပင်များထုတ်လုပ်ရာ၌ ပိုမိုကောင်းမွန်စေရန် ရေစီမံခန့်ခွဲခြင်း၊ အမှိုက်သရိုက် စီမံခန့်ခွဲခြင်း၊ ပျိုးပင်များ၏ ရောဂါ၊ ပျိုးပင်များထားမည့်နေရာ စသဖြင့် လေ့လာမှုများပြုပါသည်။ ၎င်းတို့တွေ့ရှိချက်များကို သတင်းစာစောင်များအဖြစ် ထုတ်ပြန်ထားရာ စိတ်ဝင် စားဘွယ် အချက်အလက် အများအပြားပါပါသည်။ စိတ်ဝင်စားသူများ အောက်ပါ link တွင် download လုပ်၍ ဖတ်နိုင်ပါသည်။
https://www.cuge.com.sg/landscapeservices/Nursery-Accreditation-Scheme 
          ဤနေရာ၌ အလျဉ်းသင့်၍ အစိုးရမှကျခံပေးသော သင်တန်းစရိတ်အကြောင်း အနည်းငယ်ထည့်ပြောပါမည်။ အောက်ပါ သင်တန်း ကို ကြည့်ပါ။ Diploma in Landscape Management ဖြစ်၏။ မူလသင်တန်းကြေး စင်းဒေါ်လာ ၆၃၄ ဖြစ်သည်။ သို့သော် စင်ကာပူနိုင်ငံသား များနှင့် ပီအာများအတွက် WDA (Workforce Development Agency) မှ ရံပုံငွေ ၇၀% ထုတ်ပေးသဖြင့် သင်တန်းကြေးမှာ စင်းဒေါ်လာ ၁၉၀ မျှသာ ရှိတော့၏။ များစွာ သက်သာသွားသည်။ အောက်တွင်ကြည့်ပါ။ 
(၆) City In A Garden
City In A Garden အတွက် ၂၀၁၁ သြဂုတ်လတွင် ပြည်သူများထံမှ အကြံပြုချက်များ ရယူခဲ့ကြသည်။ လမ်းဘေးပြပွဲများ၊ အဖွဲ့ လိုက် ဆွေးနွေးပွဲများ၊ တွေ့ဆုံမေးမြန်းခြင်းများ၊ စစ်တမ်းကောက်ယူခြင်းများပြုလုပခဲ့ရာ ပြည်သူများထံမှ အကြံပြုချက်ပေါင်း ၈၀၀၀ ကျော် ရခဲ့သည်။ ထိုအကြံပြုချက်များအား ပြန်လည်စိစစ်ပြီး အစုများဖွဲ့လျှက် အချို့ကို ချက်ချင်းအကောင်အထည်ဖော်ပြီး အချို့ကို ရေရှည်စီမံကိန်း များတွင် ထည့်သွင်းအသုံးပြုခဲ့သည်။
          ထိုခဏမျှသာမဟုတ်။ မည်သူမဆို ထို “ဥယျာဉ်ထဲမှစင်ကာပူ” တည်ဆောက်ရေးအတွက် အကြံဉာဏ်များအား nparks_public_affairs@nparks.gov.sg သို့ မည်သည့်အချိန်မဆို ပေးပို့နိုင်ပါသည်။
          စင်ကာပူစိမ်းလန်းစိုပြေရေးအတွက် မစ္စတာလီကွမ်ယု၏ လမ်းညွှန်ချက်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၅၀။ ၁၉၆၀ ခုနှစ်များမှ စတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်၏။ စိမ်းလန်းသောစင်ကာပူဖြစ်လာစေရေးအတွက် NParks က စီမံကိန်းပေါင်းများစွာ ချမှတ် အကောင်အထည် ဖော်လျှက်ရှိ၏။ မြေဧရိယာအကျယ် ၆၇၅ စတုရန်းကီလိုမီတာ (၆၇၅၀၀ ဟက်တာ) (၂၆၁ စတုရန်းမိုင်) သာရှိသော စင်ကာပူတွင် ဧရိယာ၏ ၉% ကို ပန်းခြံနှင့် သဘာဝသစ်တောများအဖြစ် ထိန်းထားနိုင်ခဲ့သည်။
          ၁၉၈၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း စင်ကာပူ၏ စိမ်းလန်းသောမြေဧရိယာကို ၃၅.၇% မှ ၄၆.၅% သို့တိုးမြှင့်နိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် URA (Urban Redevelopment Authority) က အရည်အသွေးပြည့်ဝသော လူမှုပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြေမှု၏ အရေးပါပုံကို အကောင်အထည်ဖော်နိုင်ရန် ၁၅ နှစ်စီမံကိန်းရေးဆွဲခဲ့သည်။ ထိုစီမံကိန်းထဲ၌ အောက်ပါတို့ပါဝင်သည်။
  • ကိရိယာတန်ဆာပလာများ အစုံအလင်တပ်ဆင်ထားသော ပန်းခြံကြီများကို နိုင်ငံအ၀ှမ်းတည်ဆောက်ရန်၊ လူနေအိမ်ခြေများအကြား၌လည်း ပန်းခြံငယ်ကလေးများ တည်ဆောက်ရန်၊ လူ ၁၀၀၀ လျှင် ပန်းခြံဧရိယာ ၀.၈ ဟက်တာ နှုန်းဖြင့် အကောင်အထည်ဖော်ရန်။
  • သဘာဝပေါက်ပင်များ၊ လိပ်ပြာ၊ ပုဇဉ်းစသည့် အင်းဆက်ပိုးမွှားများ ပျော်မွေ့စေရန် ကုန်းရေစပ်မြေ၊ မုတ်သုံတော၊ တောင်ပေါ်ဥယျာဉ်များကို ပေါင်းရုံးတည်ဆောက်ရန် နှင့် တစ်ခုနှင့်တစ်ခုကိုလည်းဆက်စပ်ပေးထားခြင်းဖြင့် ပြည့်စုံသော ဂေဟစနစ်ကြီးတစ်ခု အကောင်အထည်ဖော်ရန်။
  • လူအများအား သဘာဝပတ်ဝန်းကျင်သို့ စည်းရုံးခေါ်ဆောင်ရန်၊ ပန်းခြံများနှင့် သဘာဝတောများကို ပေါင်းစပ်ဖန်တီးရန်။
  • တစ်နိုင်ငံလုံးရှိ လူနေအိမ်ခြေများ၊ ရေကန်များ၊ သဘာဝတောများနှင့် ပန်းခြံများအား သစ်ပင်ပန်းမာလ်တန်းများဖြင့် တစ်ခုနှင့်တစ်ခု ဆက်စပ်ပေါင်းကူးပေးရန်
           ပန်းခြံများကို တစ်ခုနှင့်တစ်ခု သစ်ပင်ပန်းပင်ကလေးများဖြင့် ဆက်ပေးလိုက်ခြင်းဖြင့် စိမ်းလန်းသည့်ဧရိယာကိုလည်း ပိုမိုဖြန့်ကျက် နိုင်သည်။ ထိုအစိမ်းရောင်ဆက်ကြောင်းများကို ၂၀၁၅ ခုနှစ်တွင် ကီလိုမီတာ ၂၀၀ ထိ ဆက်နိုင်ရန် ရည်မှန်းထား၏။ ထိုစီမံကိန်း၌ လူလျှောက်လမ်း၊ ပြေးလမ်း၊ စက်ဘီးလမ်း၊ အပန်းဖြေလမ်းများအား စက်ဝိုင်းပိတ် လမ်းကြောင်းများအဖြစ် စင်ကာပူတစ်ဝှမ်း၌ စုစုပေါင်း ၇ ခု တည်ဆောက်မည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ၄၂ ကီလိုမီတာရှည်သည့် Eastern Coastal Park Connector Network ပထမဆုံး အစိမ်းရောင်ဆက်ကြောင်းပိတ်လမ်း (first loop of green paths) ကိုတည်ဆောက်ပြီးစီးခဲ့သည်။
          အလားတူပင် PUB ကလည်း ကွန်ကရစ်အဆောက်အအုံများဖြင့် ပြည့်လာနေသည့် ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းညှိရန် မြစ်ချောင်း နှင့် ရေကန်များအား အပန်းဖြေဥယျာဉ်များအဖြစ် ပြောင်းလဲရန် ABC (Active, Beautiful and Clean) Waters Programme ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့၏။ ၂၀၀၈ ခုနှစ် ဧပြီလတွင် Kallang River ကို လုပ်သားပြည်သူများအတွက် ရေကန်နှင့် မြစ်ချောင်းများအား အပန်းဖြေစခန်းများအဖြစ် ဖန်တီးပေးခြင်းသည် သာယာလှပရေးအတွက်ရော အစိမ်းရောင် နယ်မြေအဖြစ် တိုးချဲ့ရေးတွင်ပါ မည်မျှအကျိုးသက်ရောက်မှုရှိကြောင်း စံနမူနာအဖြစ် တည်ဆောက်ပြခဲ့၏။
          အစိမ်းရောင်လွင်ပြင်ဖန်တီးရေး၌ မြေပြင်ပေါ်မျှသာမက ဝေဟင်၌ပါ (skyrise and roof top and vertical greenery) တိုးချဲ့ တည်ဆောက်ခဲ့ကြ၏။ ထိုအထဲတွင် National Library သည် ထင်ရှားသော စံနမူနာအဆောက်အဦတစ်ခု ဖြစ်သည်။ တိုးပွားလာသော လူဦးရေနှင့်အမျှ လူအများ သစ်ပင်ပန်းမာလ်များအကြားတွင် သက်တောင့်သက်သာ အနားယူ အပန်းဖြေနိုင်စေရေးအတွက် NParks က ပန်းခြံများတိုးချဲ့တည်ဆောက်ခဲ့၏။ Singapore Botanic Gardens ထဲတွင် အသက် ၁၂ နှစ်အောက် ကလေးများ ဆော့ကစားနိုင်ရန် Jacob Ballas Children’s Garden တည်ဆောက်ပေးခဲ့၏။ ဥယျာဉ်ချစ်သူများအတွက် တစ်နေရာထဲ၌ အစုံလေ့လာနိုင်မည့် HortPark ကို ၂၀၀၈ ခု၊ မေလက ဖွင့်လှစ်ပေးခဲ့သည်။
          ဥယျာဉ်များထဲ၌ ဘုရင်ဟုဆိုရမည်မှာ Gardens-By-The-Bay ဖြစ်၏။ Gardens-By-The-Bay သည် စင်ကာပူကို Garden City မှ City-In-A-Garden အဖြစ် အသွင်ပြောင်းရေး၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ ၂၀၀၆ ခုနှစ် ဇန္န၀ါရီလတွင် ကမ္ဘာ့အဆင့်မီ ပန်းခြံကြီး တည်ဆောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာမှ ဒီဇိုင်းပုံစံများဖိတ်ခေါ်ခဲ့ရာ စင်ကာပူမှ ၃၅ ခုအပါအ၀င် ၂၄ နိုင်ငံမှ ကုမ္ပဏီကြီး ၁၇၀ က ဒီဇိုင်း ၇၀ ကျော်ကို တင်သွင်းခဲ့ကြသည်။
          အပြည်ပြည်ဆိုင်ရာမှ ကျွမ်းကျင်ပညာရှင်များအပါအ၀င် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် ရွေးချယ်ရွေးအဖွဲ့က တင်သွင်းလာသော ပုံစံများထဲမှ ၈ ခုကို ပဏာမရွေးချယ်ခဲ့သည်။ ထိုအထဲကမှ ၂၀၀၆ စက်တင်ဘာလတွင် နောက်ဆုံးဆန်ကာတင် ၂ ခုကို ကြေငြာခဲ့သည်။ ထို ကုမ္ပဏီ ၂ ခုမှာ ယူနိုက်တက်ကင်းဒမ်းမှ Grant Associates for Bay South နှင့် Gustafson Porter for Bay East တို့ဖြစ်၏။ ထိုဒီဇိုင်းကို Singapore Botanic Gardens ၌ ပြသထားရာ ပရိသတ် တစ်သောင်းကျော်လာကြည့်ပြီး အကြံပြုချက် ၇၀၀ ကျော်ပေးခဲ့ကြသည်။ ပရောဂျက်တန်ဘိုး စင်ကာပူဒေါ်လာ သန်း ၃၈၀ ဖြစ်သည်။
          တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၇ နိုဝင်ဘာလတွင်စတင်ခဲ့ရာ ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စုစုပေါင်း အကျယ်အ၀န်း ၁၀၁ ဟက်တာ (၂၅၀ ဧက) ရှိပြီး Bay South Garden, Bay East Garden နှင့် Bay Central Garden ဟု ဥယျာဉ်သုံးခု ပါဝင်သည်။ 
           Garden By the Bay မှာ အလှအပအတွက် သီးသီးသာမဟုတ်။ အဓိကရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်အခြေအနေများကို ထိန်းသိမ်းထားရန် တည်ဆောက်ခြင်းဖြစ်သည်။ ဒီဇိုင်းရေးဆွဲရာ၌ စွမ်းအင်နှင့်ရေကို ဤဥယျာဉ်များမှတစ်ဆင့် ပြန်လည် အသုံးချနိုင်ရန် ဦးစားပေး ရေးဆွဲသည်။ အလွန်ကြီးမားလှသော မှန်လုံအိမ်ကြီးနှစ်ခုက မြေထဲပင်လယ်ဒေသ၏ အေး၍ခြောက်သွေ့သောရာသီဥတု၊ အေး၍ စွတ်စိုသော မုတ်သုံရာသီဥတုများကို ဖန်တီးပေးသည်။ ထို့ကြောင့် ဤမှန်အိမ်ကြီးများထဲ၌ ဤဒေသတွင်မမြင်တွေ့ရသည့် အပင်များကို စိုက်ပျိုးထိန်းသိမ်း ထားနိုင်သည်။ ဤတွင်သုံးထားသော အအေးပေးစနစ်က သာမန်အအေးပေးစနစ်များထက် စွမ်းအင် ၃၀% ပိုလျှော့ချ နိုင်သည်။ အဘယ်ကဲ့သို့လျှော့ချနိုင်သနည်း။
၁) နေ၏ အပူဒဏ်ကို ခံရမှုအနည်းဆုံးဖြစ်အောင် စီမံထားသည်။
         ဤတွင်သုံးထားသည့်မှန်များမှာ ရိုးရိုးမှန်များမဟုတ်။ အပင်များ လိုသလောက်သာ အလင်းရောင်ရစေပြီး မလိုအပ်သော အပူများ ၀င်မလာ နိုင်စေရန် အထူးဒီဇိုင်းထုတ်ထားသော မှန်များဖြစ်သည်။ အမိုးများ၌လည်း ဆင်ဆာတပ်ထားသောရွက်များ တပ်ဆင်ထားသည်။ အပင်များ သိပ်ပူလာပါက ထိုရွက်များအလိုအလျောက်ပွင့်လာပြီး အပင်များကို အရိပ်မိုးပေးသည်။
၂) ယူထားသောနေရာများကိုသာ အအေးပေးသည်။
        အထပ်နိမ့်များကိုသာ အအေးပေးခြင်းဖြင့် အအေးပေးရသော လေထုကို ပိုနည်းသွားစေသည်။ ထို့ပြင် ရေအေးပိုက်များကို ကြမ်းခင်းအတွင်း ထည့်လောင်းထားသည်ဖြစ်ရာ ကြမ်းခင်းမှာအေးနေသဖြင့် လေပူများအထက်တက်သွားပြီး အပေါ်ထပ်များမှ ထွက်သွားသဖြင့် လေအေးပေး ရပိုသက်သာသွားသည်။
၃) အအေးပေးမည့်လေကို မအေးမီ ရေငွေ့ထုတ်ခြင်း
        လေကိုအအေးခံရာတွင် စွမ်းအင်ပိုမိုသက်သာစေရန် လေထဲမှရေငွေ့များထုတ်သည့် (အခြောက်ခံပစ္စည်း) ထည့်ပေးပြီး အအေးမခံမီ လေကို ဦးစွာ ခြောက်သွေ့စေသည်။ ထိုအခြောက်ခံပစ္စည်းကိုလည်း မီးရှို့ရာမှရသည့်အပူဖြင့် ပြန်လည် လှည့်ပတ်သုံးခြင်းဖြစ်သည်။
၎) ဆုံးရှုံးရမည့်အပူများကို အသုံးချကာ လျှပ်စစ်ထုတ်ခြင်း
            မှန်လှောင်အိမ်ကြီးများအား အအေးပေးသည့် အအေးခံစက် (Chillers) များအားမောင်းနှင်ရန် လျှပ်စစ်ကို ထုတ်ယူသည်။ ထိုမှ ထွက်လာသည့်အပူကို အခြောက်ခံပစ္စည်းအရည် ထုတ်ရာ၌သုံးသည်။ ဤဥယျာဉ်မှအမှိုက်များနှင့် စင်ကာပူရှိ အခြားဥယျာဉ်များမှ အမှိုက် သရိုက်များကို မီးရှို့ခြင်းဖြင့် ရေနွေးငွေ့တာဘိုင်ကိုမောင်းကာ လျှပ်စစ်ထုတ်သည်။ ဤကဲ့သို့ မိမိဘာသာ လျှပ်စစ်ထုတ်သုံးခြင်းဖြင့် စင်ကာပူ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ကို ချွေတာရာရောက်သည်။ 
          ဤတွင်ဖော်ပြထားသော ဓါတ်ပုံအများစုမှာ http://www.gardensbythebay.com.sg ၏ ဂေလာရီမှဖြစ်ပါသည်။
မဟာသစ်ပင်ကြီးများ (Super Trees) က သဘာဝပတ်ဝန်းကျင်ကို ထိန်းပေးခြင်း
          မဟာသစ်ပင်ကြီး ၁၁ ခု၏ အကိုင်းအခက်များ၌ နေရောင်ခြည်မှလျှပ်စစ်ထုတ်ပေးသည့် ဖိုတိုဗို့လတစ်ဆဲလ် (Photovoltaic cells) များတပ်ဆင်ထားပြီး နေရောင်ခြည်မှရသော လျှပ်စစ်ကို အပင်ကြီးများအား မီးထွန်းရာ၌ လည်းကောင်း၊ မှန်အိမ်ကြီးနှစ်ခုမှ လေပူများထုတ် ရာတွင်လည်းကောင်း သုံးသည်။
မဟာသစ်ပင်ကြီး ၁၈ ခု၌ သစ်ပင်မျိုးစိတ်ပေါင်း ၂၀၀ မှ အပင်ပေါင်း ၁၆၂၉၀၀ ကို စိုက်ပျိုးထားမည်။ အချို့အပင်များမှာ ဘရာဇီး၊ ပနားများ၊ အီကွေဒေါ နှင့် ကို့စတာရိကာနိုင်ငံတို့မှ ဖြစ်၏။ အပင်များကို အပူရောင်များ (အ၀ါရောင်၊ လိမ္မော်ရောင်၊ အနီရောင်) မှသည် အအေးရောင် ငွေနှင့်ပန်းရောင်များထိ အရောင်စုံစွာ ရွေးချယ်စိုက်ပျိုးထား၏။ သစ်ပင်များကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို အဓိကထား ရွေးသည်။
  • ထောင်လိုက်စိုက်ရန် သင့်တော်ရမည်။
  • မာကျောကျစ်လစ်ပြီး ပေါ့ပါးရမည်။
  • မြေမလိုပဲ စိုက်နိုင်ရမည်။
  • ပြုပြင်ထိန်းသိမ်းရလွယ်ကူရမည်။
  • စင်ကာပူရာသီဥတုနှင့် ကိုက်ညီရမည်။
  • စင်ကာပူ၌ မရှိသောအပင်များဖြစ်ရမည်။
  • ကြည့်သူအား ဆွဲဆောင်မှုရှိစေရမည်။
 ရေကန်စနစ် (ပုစဉ်း နှင့် ပိန်ညင်းငှက် ရေကန်)
          ဥယျာဉ်ထဲမှထွက်လာသောရေများကို စုဆောင်းစစ်လျှက် ပုစဉ်းများနှင့် ပိန်ညင်းတို့ကဲ့သို့ အကောင်ငယ်ကလေးများ နေနိုင်စေရန် သဘာဝပတ်ဝန်းကျင်ကို ထိန်းထားသည်။ မရီနာရေကန်ကြီး၏ တိုးချဲ့ကန်များဖြစ်လာစေရန် ပုစဉ်းကန် နှင့် ပိန်ညင်းကန် ဟု ကန်ကြီး နှစ်ကန် တည်ဆောက်ထားသည်။ ဥယျာဉ်ကြီးထဲမှ စီးကျလာသမျှသော မိုးရေများကို ထိုကန်ကြီးနှစ်ကန်၌ သိုလှောင်ထားပြီး ထိုရေများကို မရီနာကန်ကြီးအတွင်း မလွှတ်မီ ရေနေအပင်များဖြင့် စစ်ထုတ်လိုက်သည်။ ဥယျာဉ်ထဲမှ သစ်ပင်များကို ရေလောင်းရာ၌ သဘာဝအလျောက် စစ်ထားသည့်ရေများကိုသာ သုံးသည်။
          ထိုရေကန်စနစ်က သဘာဝပတ်ဝန်းကျင်အား ကျန်းမာနေအောင်ထိန်းသိမ်းထားရေးတွင် အပင်များ၏အရေးပါပုံကို မီးမောင်းထိုးပြ ထားသည်။ ရေသန့်ထဲ၌ အင်းဆက်ပိုးမွှားကလေးများအား ထိန်းသိမ်းထားရန် ရေနေအပင်များ၏ တန်ဘိုးကြီးပုံကိုလည်း သတိပြုမိလာစေ သည်။
          ရေကန်ထဲသို့စီးဝင်လာမည့်ရေများကိုလည်း ရေကန်တွင်းသို့မရောက်မီ ရေစီးနှုန်းကို နှေးစေကေ wet land, filter beds စသည်တို့ဖြင့် အနည်အနှစ်များအား စစ်လိုက်သည်။
          စိုက်ထားသည့် ရေနေအပင်များက ရေထဲမှ နိုက်ထရိုဂျင်ကို စုပ်ယူထားလိုက်သည်။ ရေထဲမှ နိုက်ထရိုဂျင်ကို လျှော့ချနိုင်ခြင်းဖြင့် ရေ၏အရည်အသွေးတက်လာသည်။ ရေထဲတွင် ရေစီးနှုန်းကောင်းစေရန်၊ အောက်ဆီဂျင် ကောင်းကောင်းရစေရန် ရေနေအပင်များ စိုက် ထားခြင်းဖြင့် ပုစဉ်းနှင့် အခြားအကောင်ငယ်လေးများကို ပျော်မွေ့စေသည်။ ရေကန်ထဲတွင် ငါးများမွေးထားခြင်းဖြင့် ခြင်များပေါက်မည့် အန္တရာယ်မှ ကာကွယ်နိုင်သည်။
          Gardens By The Bay နှင့်ပတ်သက်၍ စိတ်ဝင်စားစရာ အများအပြားရှိပါသည်။ အောက်ပါ link တွင် ဖတ်ကြည့်နိုင်ပါသည်။
http://www.gardensbythebay.com.sg/en/home.html
         Gardens By The Bay ကား စင်ကာပူရောက်လျှင် မဖြစ်မနေသွားကြည့်ရမည့်နေရာတစ်နေရာဖြစ်၏။ မည်ကဲ့သို့ ထူးခြား ဆန်းကြယ်သည်ဆိုခြင်းကို စာဖြင့်ရေးပြလို့ မရစကောင်း။ မျက်စိဖြင့် ကိုယ်တိုင်တွေ့ရမှ ခံစားနိုင်မည်ဖြစ်၏။ ဖွင့်ချိန် နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီထိ။ ၀င်ကြေးမှာ စင်ကာပူနိုင်ငံသား Cloud Forest အပါအ၀င် ဆိုလျှင် လူကြီး ၂၀၊ ကလေး ၁၂ ဒေါ်လာ၊ အသက် ၆၀ ကျော်သည့် အဖိုးကြီး၊ အဖွားကြီးများ ၁၅ ဒေါ်လာ။ ပုံမှန်ဝင်ကြေး (Cloud Forest အပါအ၀င် ဆိုလျှင်) လူကြီး ၂၈၊ ကလေး ၁၅ ဒေါ်လာ ဖြစ်ပါသည်။  
(၇) စင်ကာပူရုက္ခဗေဒဥယျာဉ် (Singapore Botanic Gardens)
             စင်ကာပူစိမ်းလန်းစိုပြည်ရေးအကြောင်းပြောလျှင် စင်ကာပူရုက္ခဗေဒဥယျာဉ် (Singapore Botanic Gardens) အကြောင်း မပါလို့ မပြီးပါ။ စင်ကာပူရုက္ခဗေဒဥယျာဉ်အား စင်ကာပူကို စတင်တည်ထောင်ခဲ့သူ ဆာစတန်းဖို့ (Sir. Stamford Raffles) က ၁၈၂၂ ခုနှစ်၌ အစိုးရရုံးစိုက်ရာ တောင်ကုန်းဖြစ်သည့် Fort Canning Hill တွင် ၎င်းစင်ကာပူကိုရောက်ပြီး များမကြာမီပင် စတင်တည်ထောင်ခဲ့ပါသည်။
            ၎င်း၏ရည်ရွယ်ချက်မှာ စီးပွားဖြစ်သီးနှံပင်များဖြစ်သည့် ကိုကိုးနှင့် ဇာတိပ္ဖိုလ်သီး ကဲ့သို့အပင်များကို စိုက်ရန်ဖြစ်သည်။ သို့သော်လည်း ဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်မည့် အမြဲတမ်းဝန်ထမ်းမရှိသဖြင့် ၎င်းကွယ်လွန်ပြီးမကြာမီ ၁၈၂၉ ခုနှစ်တွင် ဥယျာဉ်ကို ပိတ်လိုက်ရ၏။
          လက်ရှိနေရာတွင်ရှိသည့် ရုက္ခဗေဒဥယျာဉ်ကို Agri-Horticultural Society က ၁၈၅၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်၏။ ၎င်းအဖွဲ့က ပန်းခြံ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးကို အစိုးရသို့ ၁၈၇၄ ခုနှစ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။ အစိုးရက ကောင်းစွာလေ့ကျင့် ပေးထားသော ရုက္ခဗေဒပညာရှင်များနှင့် ဥယျာဉ်ခြံသီးနှံပညာရှင်များအား ပန်းခြံထိန်းသိမ်းအုပ်ချုပ်ရေး တာဝန်ပေးခဲ့၏။ မစ္စတာ Ridley ၏ အစီအမံဖြင့် ၁၉၀၀ ခုနှစ်အစောပိုင်းကာလများက ဤပန်းခြံသည် အရှေ့တောင်အာရှ၏ အဓိကရာဘာတင်ပို့ရာ ဌာနတစ်ခု ဖြစ်ခဲ့ဖူး၏။
          အခြားစိတ်ဝင်စားစရာ အဖြစ်အပျက်တစ်ခုလည်း Mr. Ridley ၏ လက်ထက်တွင် ဖြစ်ပျက်ခဲ့သေးသည်။ တစ်နေ့သ၌ အမေရိကန် အမျိုးသမီးတစ်ဦးဖြစ်သူ Agnes Joaquim သည် သူ့ပန်းခြံထဲ၌ အလွန်လှပသည့် သစ်ခွစပ်မျိုးအသစ်တစ်ခုကို တွေ့သဖြင့် အပင်လိုက် နှုတ်လျက် ၀မ်းသာအားရ Mr. Ridley ထံသွားပြသည်။ Ridley ကလည်း ဤသစ်ခွမျိုးမှာ ယခင်တစ်ခါကမျှ မပေါ်ဖူးသေးသည့် နာမည်ပင် မရှိသေးသည့် သစ်ခွမျိုးဖြစ်ကြောင်း အတည်ပြုပေးခဲ့၏။ ၎င်းသစ်ခွမှာ ယခု စင်ကာပူနိုင်ငံ၏ အမျိုးသားပန်း (National Flower) ဖြစ်သည့် Vanda Miss Joaquim ပင် ဖြစ်သတည်း။
          ၁၉၆၀ ပြည့်နှစ်များတွင် စင်ကာပူရုက္ခဗေဒဥယျာဉ်သည် စင်ကာပူနိုင်ငံ စိမ်းလန်းစိုပြည်ရေးအတွက် ဦးဆောင်သော အခန်းကဏ္ဍ မှ ပါဝင်ခဲ့သည်။ ရုက္ခဗေဒဥယျာဉ်သည် နိုင်ငံစိမ်းလန်းစိုပြည်ရေးအတွက် လိုအပ်သည့် လက်နက်ကိရိယာများ၊ အရောင်စုံသော သစ်ပင် ပန်းမာလ်များ၊ လမ်းဘေးတွင်စိုက်ရန် အမျိုးစုံလှသော သစ်ပင်များအား ထုတ်လုပ်ပံ့ပိုးပေးခဲ့၏။ ၁၉၇၃ ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်သည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းလက်အောက်မှ Parks and Trees ဌာနနှင့် ပူးပေါင်းကာ Parks and Recreation Department ဖြစ်ခဲ့၏။
          ၁၉၈၈ ခုနှစ်တွင် ဥယျာဉ်၏ ဒါရိုက်တာဖြစ်သူ Dr. Tan Wee Kiat ၏ ညွှန်ကြားမှုဖြင့် ယနေ့ ကမ္ဘာလှည့်ခရီးသည်များအား အဆွဲဆောင်နိုင်ဆုံးနေရာဖြစ်သည့် ၃ ဟက်တာ အကျယ်ရှိ Singapore Orchid Garden ကို တည်ဆောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ထို Singapore Orchid Garden သည် အသစ်ဖွဲ့စည်းလိုက်သည့် National Parks Board လက်အောက်သို့ ရောက်ရှိခဲ့သည်။ စင်ကာပူ သစ်ခွ ဥယျာဉ်သည်ကား အရောင်စုံလှသော၊ အမျိုးစုံလှသော သစ်ခွပင်များဖြင့် ပွင့်ဖူးဝေစည်နေ သည်မှာ ဥယျာဉ်အတွင်း ၀င်သွားမိလျှင် ပြန် မထွက်ချင်စရာကောင်းလောက်အောင် ဖြစ်ပါ၏။ ပန်းချစ်သူများ မဖြစ်မနေသွားသင့်သည့် တစ်နေရာဖြစ်ပါသည်။
           နေ့စဉ်နံနက် မနက် ၈ နာရီခွဲမှ ညနေ ၇ နာရီထိဖွင့်၏။ ၀င်ကြေးမှာ လူကြီး ၅ ဒေါ်လာ၊ ၁၂ နှစ်အောက်ကလေး အခမဲ့၊ ကျောင်းသား ၁ ဒေါ်လာ၊ အသက် ၆၀ အထက်နိုင်ငံသား - ၁ ဒေါ်လာ ဖြစ်ပါသည်။ Singapore Botanic Garden သို့ ဘတ်စ်ကားနှင့် သော်လည်းကောင်း၊ ရထားနှင့်သော်လည်းကောင်း သွားနိုင်ပါသည်။ MRT နှင့်သွားလျှင် Circle Line မှစီး၍ CC19. Botanic Garden ဘူတာတွင်ဆင်းလျှင် ရောက်ပါသည်။ ဘတ်စ်ကားနှင့်သွားလျှင် ကားနံပါတ် 7, 48, 66, 67, 75, 77, 105, 106, 123, 151, 153, 154, 156, 170, 171, 174 တို့ရောက်ပါသည်။ National Orchid Garden လည်း ထိုအထဲ၌ပင်ရှိပါသည်။
          Singapore Botanic Garden ထဲမှ စိတ်ဝင်စားစရာကောင်းသည့် နောက်တစ်ခုမှာ သက်တမ်းရင့်သစ်ပင်ကြီးများဖြစ်ပါသည်။ ၎င်းတို့ကို ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းဝင်သစ်ပင်ကြီးများအဖြစ် ထိန်းသိမ်းထား၏။ ထိုအပင်ကြီးများကို အောက်တွင်ဖော်ပြထားပါသည်။
National Haritage Trees
1. Adenanthera pavonina
2. Calophyllum inophyllum
3. Ceiba pentandra
4.&8. Fagraea fragrans
5. Millettia atropurpurea
6.&9. Sindora walichii
7. Terminalia subspathulata
10. Samanea saman
11. Ceiba pentandra (Kapok Tree)
12. Hevea brasiliensis (Rubber Tree)
13. Inocarpus fagifer (Tahitian Locust Tree)
14. Pentadesma butyracea (Tallow Tree )
ရုက္ခဗေဒနှင့် ဥယျာဉ်ခြံသီးနှံ စာကြည့်တိုက် (Library of Botany and Horticulture)
          Singapore Botanic Gardens ထဲတွင် စိတ်ဝင်စားစရာကောင်းသည့် နောက်တစ်နေရာမှာ ရုက္ခဗေဒနှင့် ဥယျာဉ်ခြံသီးနှံ စာကြည့်တိုက် ဖြစ်၏။ ထိုစာကြည့်တိုက်တွင် အပိုင်း (၂) ပိုင်းခွဲထားသည်။ အများပြည်သူအတွက် ရည်ညွှန်းဌာန နှင့် ရည်ညွှန်း စာကြည့်တိုက် ဟူ၏ ဖြစ်၏။ စာအုပ်အရောင်းဆိုင်လည်းရှိပြီး သဘာဝသားရဲတိရစ္ဆာန်များအကြောင်း၊ သဘာဝသမိုင်း၊ သဘာဝကို ပြုပြင် ထိန်းသိမ်းမှု၊ ဥယျာဉ်ခြံလုပ်ငန်း၊ ကျန်းမာပျော်ရွှင်သောဘ၀ အစရှိသည့် စိတ်ဝင်စားစရာ စာအုပ်ပေါင်းများစွာရှိ၏။ (သူရို့အဆိုအရတော့ လိုချင်သည့်စာအုပ်မှန်သမျှကို တစ်ထိုင်တည်းရနိုင်သည် ဟု ဆို၏။)
          အများပြည်သူအတွက် ရည်ညွှန်းဌာနတွင် ပန်းများ၊ အပင်များ၊ မြေအလှပြင်ခြင်း၊ ဥယျာဉ်ခြံလုပ်ငန်းတို့နှင့် ပတ်သက်သည့် စာအုပ်၊ မဂ္ဂဇင်း၊ စီဒီများရှိသည်။ သို့သော် ဤစာကြည့်တိုက်အတွင်း ထိုင်ဖတ်ရန်သာဖတ်ပြီး မငှားပါ။ မိမိအလိုရှိသော စာအုပ်များရှာရန် ကွန်ပြူတာလည်း ထားပေးပါသည်။
          ထိုမျှသာမက စင်ကာပူရှိ သစ်ပင်သစ်ရွက်ပန်းမန် နမူနာများစုဆောင်းထားသည်များကိုလည်း လေ့လာနိုင်ပါသည်။ ရှားပါးစာအုပ် များ၊ သစ်သီး၊ သစ်စေ့နမူများအားလည်း ပြသထားပါသည်။
          ရည်ညွှန်းစာကြည့်တိုက်ကို ၁၈၇၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ ဂျာနယ် သုံးသောင်းကျော်၊ ရုက္ခဗေဒဆိုင်ရာ သရုပ်ဖော်ပုံများပါသည့် ရှားပါးစာအုပ် ၄၀၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှ၏ ရှေးအကျဆုံး စာကြည့်တိုက်များ အနက် တစ်ခုဖြစ်၏။ စာအုပ် များ၊ စီဒီများ၊ ဆလိုက်များ၊ ရုပ်မြင်သံကြား၊ အသံ အပါအ၀င် အခြားမီဒီယာများစွာ စုဆောင်းထားရှိသည်။
          အရေးကြီးသည့် နိုင်ငံတကာ သိပ္ပံဂျာနယ်များ၊ ရည်ညွှန်းစာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်းစာ၊ ပေပုရပိုက်များ၊ ရုက္ခဗေဒဆိုင်ရာ လေ့လာချက်စာတမ်းများကို ဤစာကြည့်တိုက်တွင် ရနိုင်ပါသည်။ သို့သော် -
          ဤရည်ညွှန်းစာကြည့်တိုက်မှာ သုတေသနလုပ်ငန်းများအတွက် အထူးပြုစုဆောင်းထားသည့် စာကြည့်တိုက်ဖြစ်သဖြင့် NParks Board ၀န်ထမ်းများ၊ သုတေသနပညာရှင်များ နှင့် အခြားအခွင့်အာဏာရ ပုဂ္ဂိုလ်များအားသာ သုံးခွင့်ပြုပါသည်။ အပြင်လူများ ၀င်ခွင့် မရှိပါ။
          စနေ၊ တနင်္ဂနွေနေ့များ၌ စာကြည့်တိုက်ပိတ်ပါသည်။
          ပန်းချစ်သူများအတွက် အခြားစိတ်ဝင်စားစရာ အစီအစဉ်တစ်ခုမှာ ၀ပ်ရှော့များ ဖြစ်ပါသည်။ ၀ပ်ရှော့အတော်စုံပါသည်။ ဈေးလည်း ကြီး၏။ ဤတွင် နမူနာအချို့ကို ဖော်ပြလိုက်ပါသည်။
Orchid Growing: The Basics Duration : 6 hours Fee : $80.00 per person (materials included)
Growing African Violet  Duration : 3 hours Fee : $50.00 per person (materials included)
Advanced Gardening  Duration : 6 hours Fee : $80.00 per person (materials included)
Herbs & Spices  Duration : 6 hours Fee : $80.00 per person (materials included)
(၈) သဘာဝ တောတောင်ရေမြေများ (Nature Reserves)
Ref: http://www.nparks.gov.sg/cms/index.php?option=com_visitorsguide&task=naturereserves&Itemid=75
          စင်ကာပူ၌ သဘာဝတောတောင်များအလိုက် ထိန်းသိမ်းထားသောနေရာ သုံးခုရှိသည်။
i) Bukit Timah Nature Reserve
ii) Labrador Nature Reserve
iii) Sungei Buloh Wetland Reserve တို့ဖြစ်ပြီး Chek Jawa လည်း ရှိ၏။
            ၎င်းတို့အထဲမှ Bukit Timah Nature Reserve မှာ အကြီးကြီးဖြစ်၏။ ခန့်မှန်းခြေ ၃၀၄၃ ဟက်တာ ကျယ်သည်။ ဤအထဲ၌ ၁၆၃ ဟက်တာ ကျယ်သော အမြဲစိမ်းသစ်တောများလည်း ပါဝင်သည်။ ဤသစ်တောမှာ စင်ကာပူ၌ အကျယ်ဆုံး သစ်တောဖြစ်သည်။ စင်ကာပူ၏ အမြင့်ဆုံးတောင်ဖြစ်သော ၁၆၃.၆၃ မီတာမြင့်သည့် Bukit Timah Hill နှင့် Central Catchment Nature Reserve လည်း ဤနေရာ၌ပင် ရှိ၏။ ၂၀၁၁ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဤတောကို SEEAN Heritage Park အဖြစ် တရားဝင်ကြေငြာခဲ့သည်။
           Bukit Timah Nature Reserve ကို ၁၈၈၃ ခုနှစ်ကတည်းက စတင်ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်၏။ ထိုတောမှာ ရေကို သိုလှောင်ထားရုံမျှသာမက သစ်ပင်ပန်းမန်ပေါင်း ၈၄၀ ကျော် နှင့် လိပ်ပြာအပါအ၀င် တိရစ္တာန်ပေါင်း ၅၀၀ ကျော်တို့ မှီတင်းနေထိုင်ရာလည်း ဖြစ်သည်။ ခြံ၍ပြောရလျှင် ဤတောကြီးမှာ စင်ကာပူ ဇီဝမျိုးစိတ်ရတနာသိုက်ကြီးပင် ဖြစ်တော့၏။ ဤတောကြီးကို Parks & Trees Act 2005 ဖြင့်ထိန်းသိမ်းထားသည်။
          လူတို့၏ ပျော်ပွဲရွှင်ပွဲများမှာ တောတောင်ရေမြေများကို ထိခိုက်တတ်ပေရာ ထို သဘာဝတောတောင်၊ ပန်းဥယျာဉ်များထဲ၌ အချို့ သော လှုပ်ရှားမှုများကို ကန့်သတ်ထားပြီး၊ အချို့ကို ခွင့်မပြုပါ။ အကယ်၍ ထိုတောထဲ၌ စခန်းချခြင်းကဲ့သို့သော လှုပ်ရှားမှုတစ်ခုခု လုပ်လိုပါက NParks သို့ခွင့်ပြုမိန့်တင်ရပါသည်။
ထိန်းသိမ်းထားသည့် တောများအနီးနေသူများ လိုက်နာရန်
ပြုလုပ်ရန်အချက်များ
  • အိမ်မှစွန့်ပစ်လိုက်သော အမှိုက်သရိုက်များကို အမှိုက်ပုံးများအတွင်းသို့သာ စွန့်ပစ်ပါ။ အမှိုက်ပုံးများကို မျောက်ကဲ့သို့သော တိရစ္ဆာန်များ လာမနှိုက်နိုင်စေရန် အမြဲ လုံခြုံစွာအဖုံးဖုံးထားပါ။
  • အိမ်ရှိလူကုန် အပြင်သွားတော့မည်ဆိုပါက ရေချိုးခန်းတံခါးများအပါအ၀င် ရှိရှိသမျှသော တံခါးနှင့် ပြူတင်းပေါက်အားလုံးကို သေချာစွာ ပိတ်ခဲ့ပါ။ (မျောက်များဝင်တတ်သည်။ သို့သော် မျောက်များသည် စားစရာသာမရှိပါက တစ်နေရာထဲ၌ ကြာရှည်မနေတတ်။ ၁၅ မိနစ် သို့မဟုတ် နာရီဝက်မျှသာနေပြီး တခြားသို့ ထွက်ခွာသွားတတ်သည်။)
  • အစားအသောက်များကို အိမ်တွင်း၌ လုံခြုံစွာ သိမ်းဆည်းထားပါ။
မပြုလုပ်ရန် အချက်များ
  • အိမ်၌ သီးပင်စားပင်၊ ဟင်းသီးဟင်းရွက်၊ ဘယဆေးပင် စသည်တို့ကို မစိုက်ပါနှင့်။
  • မျောက်များကို အစာမကျွေးပါနှင့်။ အစာကျွေးနေသူများအား တွေ့လျှင်လည်း အစာမကျွေးရန် ပြောပါ။
  • မျောက်များနှင့် ကလူကျီစယ်မပြုပါနှင့်။ မချောက်လှန့်ပါနှင့်။ မျောက်များကို မျက်လုံးချင်းဆိုင် မကြည့်ပါနှင့်။ သွားဖြဲမပြပါနှင့်။ အနားတိုး မသွားပါနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် မျောက်များအား ရန်စသကဲ့သို့ ဖြစ်စေသဖြင့် မိမိအား ရန်မူတတ်သည်။
  • ပြင်ပ၌ အစားအစာများ စားသောက်ခြင်း မပြုပါနှင့်။ အထူးသဖြင့် မိမိအနီး၌ မျောက်များရှိနေစဉ် အထူးရှောင်ကြဉ်ပါ။ မျောက်များသည် အစားအစာကို လုစားတတ်သည်။
သစ်တောအတွင်း အလည်လာသူများ သိရှိထားရမည့် အချက်များ
  • သစ်တောအတွင်း၌ ဓါတ်ပုံရိုက်ခြင်းမှ အပ မည်သည့်အရာမှ မပြုလုပ်ရ။ သစ်တောအတွင်းရှိ မည်သည့်ပစ္စည်းမှ ပြင်ပသို့ ယူဆောင်သွားခြင်း ခွင့်မပြု။
  • ပျော်ပွဲစားထွက်သကဲ့သို့ ရေဒီယို၊ ကက်ဆက်၊ ဆောင်းဘောက်စ်များ ကျယ်လောင်စွာဖွင့်ခြင်း ခွင့်မပြု။ အကောင်းဆုံးမှာ ထိုပစ္စည်းများ သယ်မလာခြင်းပင်ဖြစ်ပါသည်။
  • သစ်တောထဲ၌ သင့်ခြေရာမှလွဲ၍ မည်သည့်အရာမှ မကျန်ခဲ့ပါစေနှင့်။ သစ်တောအတွင်း အမှိုက်စွန့်ပစ်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်သည်။
  • သတ်မှတ်ထားသည့် ခြေသွားလမ်းမှအပ အခြားမည်သည့်နေရာကိုမှ ဖြတ်သန်းသွားလာခွင့်မပြု။
  • ငါးများကို အစာကျွေးခြင်း ၊ငါးဖမ်းခြင်းများ မပြုရ။
  • ရေများကို မည်သည့်အကြောင်းနှင့်မှ မညစ်ပတ်စေရ။
  • ရေကန်အတွင်း ငါးလွှတ်ခြင်းမပြုရ။ ငှက်၊ ခွေး၊ ကြောင် အစရှိသည့် တိရိစ္ဆာန်များ တောတွင်းသို့ သယ်ဆောင်လာခြင်း မပြုရ။
  • မျောက်များကို အစာမကျွေးရ။ ကလူကျီစယ်မပြုရ။ ခြောက်လှန့်ခြင်း မပြုရ။
  • လမ်းလျှောက်ခြင်းကိုသာ ခွင့်ပြုသည်။ စက်ဘီးစီးခြင်း မပြုရ။
             အကယ်၍ ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာပါက Parks & Trees Act 2005 တွင်ပြဌာန်းထားသည့်အတိုင်း ပြင်းထန်စွာ အရေးယူခြင်းခံရမည်။
သစ်တောဖွင့်ချိန်မှာ မနက် ၆း၃၀ နာရီမှ ညနေ ၇း၀၀ နာရီထိဖြစ်သည်။
(၉) Park Connector
http://www.nparks.gov.sg
            စင်ကာပူတွင် Buangkok Park Connector, Serangoon Park Connector, Punggol Park Connector, Sungei Serangoon Park Connector, Hillview Park Connector, Bukit Batok East Park Connector စသဖြင့် Park Connector အများအပြားရှိပါသည်။ Park Connector များသည် လူများလမ်းလျှောက်ရန်၊ အပန်းဖြေရန်၊ သဘာဝအလှအပများ ခံစားရန် ပြုလုပ်ပေးထားခြင်းဖြစ်၏။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်ဟူသည့် အရေးကြီးသော အခြားရည်ရွယ်ချက် တစ်ခုလည်း ရှိသေး၏။
            စင်ကာပူကို မြို့ပြနိုင်ငံအဖြစ်တည်ထောင်လိုက်သောအခါ လူနေတိုက်တာ၊ အိမ်ယာများဆောက်လုပ်ရန် သဘာဝ တောများကို ခုတ်ထွင် ရှင်းလင်းလိုက်ရသည်။ တောများကိုရှင်းလိုက်သောအခါ ထိုတောများထဲတွင် နေထိုင်ကြသော သဘာဝ သားရဲတိရစ္ဆာန်နှင့် ပိုးမွှားများ နေရာပျောက်သွားသည်။ ပျက်သုဉ်းသွားသည်။ တစ်နည်းအားဖြင့် ထိုနေရာရှိ ဂေဟစနစ် ပျက်ယွင်းသွားသည်။ ဆောက်လုပ်ပြီးစီးသွားသော တိုက်တာများအကြား သစ်ပင်ပန်းပင်များ ထပ်မံစိုက်ပျိုးသည့်တိုင် ယခင်ကအတိုင်း ပြန်မရနိုင်တော့။ ယခင်ရှိခဲ့သော အင်းဆက်ပိုးမွှား၊ လိပ်ပြာ၊ ပိတုန်း စသည်တို့ကို ပြန်လည် မရနိုင်တော့။
            ထိုအခါ ထိန်းသိမ်းထားသော သဘာဝသစ်တောများ (Nature Reserves) များမှ လိပ်ပြာ၊ ပုစဉ်း စသည့်အကောင် လေးများ ကို လူနေတိုက်တာများအကြားရှိ သစ်ပင်ပန်းမန်များထံ ရောက်လာစေရန် ဆွဲဆောင်ခေါ်ယူရန် လိုသည်။ ဤသို့
ဆွဲဆောင်ခေါ်ယူရန် သူတို့ကြိုက်သောပတ်ဝန်းကျင် ဖန်တီးပေးရန်လိုသည်။ သို့အတွက် Park Connector များကို သဘာဝ သစ်တောများနှင့် ချိတ်ဆက်ကာ လူနေအိမ်များအကြား သွယ်တန်းယူခဲ့သည်။ အထက်တွင် စင်ကာပူတစ်နိုင်ငံလုံးရှိ Park Connector များ၏ မြေပုံကို ပြထားပါသည်။
            Park Connector တစ်လျှောက် လူသွားလမ်းများ၊ စက်ဘီလမ်းများ လုပ်ပေးထား၏။ လမ်းလျှောက်လိုကလျှောက်၊ စက်ဘီးစီးလိုကစီး၊ ပြေးလိုကပြေး၊ အေးအေးဆေးဆေး ထိုင်လိုကထိုင်။ သက်တောင့်သက်သာ အနားယူ အပန်းဖြေအနားယူ နိုင်ပါသည်။
(၁၀) Sustainable Development for Singapore
Ref: http://app.nccs.gov.sg/
            The Asian Green City Index အရ စင်ကာပူသည် အာရှ၏ အစိမ်းလန်းဆုံးနိုင်ငံဟု သတ်မှတ်ခံရသည်။
           ထိုမျှသာမက စင်ကာပူသည် စွမ်းအင်ကို အထိရောက်ဆုံး သုံးစွဲသည့်နိုင်ငံအဖြစ်လည်းကောင်း၊ စွမ်းအင်လျှော့ချရေး မဟာဗျူဟာရှိုခြင်း နှင့် ရာသီဥတုဖောက်ပြန်မှုအပေါ် အရေးယူဆောင်ရွက်သည့်နိုင်ငံ ဖြစ်ကြောင်းလည်း အကိုးအကားများနှင့် ဖော်ပြခံခဲ့ရသည်။ World Economic Forum ၏ Global Competitiveness Report 2011-2012 တွင်စင်ကာပူကို Global Competitiveness Index ရော။ Sustainable Competitiveness Index တွင်ပါ ဒုတိယအဆင့် သတ်မှတ်ခံခဲ့ရသည်။
            မြေဧရိယာပင် အကန့်အသတ်ရှိသော်ငြား စင်ကာပူ၏ ၅၀% ကို အစိမ်းရောင်လွင်ပြင်အဖြစ် ဖန်တီးထားနိုင်သကဲ့သို့ စုစုပေါင်း မြေအကျယ်အ၀န်း၏ ၁၀% ကို သဘာဝတောများနှင့် ပန်းခြံများအတွက် ချန်ထားနိုင်ခဲ့သည်။ အဆောက်အဦများ၏ အပူချိန်နှင့် အပူစုပ်ယူခြင်းကိုလျှော့ချရန် အစိမ်းရောင်နံရံ (vertical greening) နှင့် ခေါင်မိုးပေါ်မှ ပန်းခြံ (rooftop gardens) များကို ပြုလုပ်ခဲ့သည်။ အဆောက်အဦများ၏ အပူချိန်ကို လျှော့ချခြင်းဖြင့် လေအေးပေးစက်သုံးစွဲနှုန်းကို လျှော့ချနိုင်သည်။
            သဘာဝသစ်တောနှင့် ပန်းခြံများကို ဆက်သွယ်ပေးသည့် Park Connector များတည်ဆောက်ထားသကဲ့သို့ ရေကန်၊ ချောင်းမြောင်းများကိုလည်း ABC Water Programme (Active, Beautiful and Clean) အစီအမံဖြင့် ပိုမိုသန့်စင်သော၊ လှပသော၊ အနားယူအပန်းဖြေနိုင်သော နေရာများအဖြစ် ဖန်တီးခဲ့သည်။ ထိုမျှသာမကသေး စင်ကာပူအရှည်၏ သုံးဆမျှ ရှိသော ကီလိုမီတာ ၁၅၀ ရှည်သည့် ဖြတ်ပိုင်းမရှိ တစ်ဆက်တည်း ကျွန်းပတ်လည်း တည်ဆောက်ရန် ရည်မှန်းထား၏။
            မြို့ပြစီမံကိန်းတွင် အများပြည်သူ သွားလာရေးအဆင်ပြေစေရန်၊ ဝေးလံသည့်နေရာများသို့ သွားလာရာတွင် ခရီး အကွာအဝေးကို လျှော့ချနိုင်ရန် ပေါင်းစပ်စီမံထား၏။ ယခုအခါ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ၅၉% ဖြစ်ပြီး ၇၀% ထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။
            ကိုယ်ပိုင်ကားများ များပြားခြင်းသည် လောင်စာဆီသုံးစွဲမှုနှုန်းကို မြင့်စေသည်။ ကာဗွန်ထုတ်လွှတ်မှုနှုန်း များလာ စေသည်။ ထို့ကြောင့် ကိုယ်ပိုင်ကား ပိုင်ဆိုင်မှုကို ကိုတာ (quota) နှုန်းဖြင့် ထိန်းချုပ်ထားသကဲ့သို့ ကားသုံးစွဲမှုကိုလည်း အဓိကကျသောလမ်းများ၊ အဝေးပြေးလမ်းများနှင့် မြို့တွင်းလမ်းများတွင် လမ်းအသုံးပြုခကောက်ခံခြင်းဖြင့် ထိန်းထား၏။ ဤနည်းဖြင့် ကားကြပ်ခြင်းနှင့် ကားအိတ်ဇောမီးခိုး ထုတ်လွှတ်မှုများခြင်းကို ထိန်းထားနိုင်သည်။
မှတ်ချက်။            ။ စင်ကာပူ၌ လမ်းအသုံးပြုခကို အီလက်ထရောနစ်စနစ်ဖြင့် ကောက်ခံပါသည်။ ၎င်းကို ERP (Electronic Road Pricing) ဟု ခေါ်သည်။ ERP ကို အသွားအလာများသည့် အချိန်များ၌ ဖွင့်ထားလေ့ရှိသော်လည်း လူသွားလူလာ များသည် မြို့တွင်းအချို့နေရာများ၌ တစ်နေ့လုံးလိုလို ဖွင့်ထားတတ်သည်။ လမ်းအသုံးပြုမှုကို ကားအကြီးအသေးအလိုက် မည်မျှဖြစ်ကြောင်း နဖူးစည်း၌ ဖော်ပြထား၏။
            ထို့ပြင် ပြည်သူများအားလည်း ခရီးသွားလာမှု၌ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကိုသာ သုံးကြရန် ပညာပေး၏။ ရထားလမ်းများ (MRT – Mass Rapid Transit) ကိုလည်း စင်ကာပူဒေါ်လာ ၆၀ ဘီလျံထိ တိုးချဲ့ဖောက်လုပ်ရန် စီမံချက်များ ရေးဆွဲထားသည်။ (မှတ်ချက် - ၁ ဘီလျံ = သန်းတစ်ထောင်)
            ၂၀၀၈ ခုနှစ်၌ ရထားလမ်းအရှည် ၁၃၈ ကီလိုမီတာ ရှိရာမှ ယခုဆယ်စုနှစ်အတွင်း ၂၈၀ ကီလိုမီတာအထိ တိုးချဲ့သွား မည်ဖြစ်ပါသည်။ ဘတ်စ်ကားလိုင်းများကိုလည်း တိုးချဲ့သွားရန်ရှိ၏။ နောက် ၅ နှစ်အတွင်း ဘတ်စ်ကားအစီး၈၀၀ ထိ တိုးချဲ့ပြေး ဆွဲပါမည်။
            ကိုယ်ပိုင်ကားပိုင်ဆိုင်မှု လျှော့ချရန် အဓိကလုပ်ဆောင်ချက်တစ်ခုမှာ COE (Certificate of Entitlement) တန်ဖိုးကို တိုးမြင့်လိုက်ခြင်းဖြစ်သည်။
စင်ကာပူ၏ အနာဂတ် ရထားလိုင်းများပြ မြေပုံ
စွမ်းအားထုတ်လုပ်ခြင်း၌ လောင်စာဆီ၏ ကာဘွန်ပါဝင်နှုန်းကို လျှော့ချခြင်း
            တိုးတက်လာသောခေတ်၌ စက်ကိရိယာများကို အဆမတန်သုံးစွဲကြရာ စက်မှန်သမျှ လျှပ်စစ် သို့မဟုတ် လောင်စာဆီဖြစ်သော ဓါတ်ဆီ၊ ဒီဇယ်ဆီတို့ကို သုံးရသည်သာ ဖြစ်သည်။ လျှပ်စစ်ထုတ်လုပ်ရာ၌လည်း လောင်စာဆီ သုံးရသည်။ ထို့ကြောင့် စက်မောင်းရာမှထွက်လာသည့် ကာဗွန်များမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၌ အများဆုံးနေရာမှ ပါဝင်နေ သည်။ သို့မို့ကြောင့် စင်ကာပူသည် ကာဗွန်ထုတ်လုပ်မှုလျှော့ချရန် အစီအမံများလုပ်၏။ ထိုအထဲမှ နမူနာအချို့ကို ဖော်ပြ ပါမည်။
v  ဈေးပင်သက်သာသော်ငြားလည်း လျှပ်စစ်ထုတ်လုပ်ရာ၌ ကျောက်မီးသွေး လုံးဝမသုံးရန် ဆုံးဖြတ်ခဲ့သည်။
v  နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ၌ စွမ်းအင်ကို ချွေတာသုံးစွဲကြစေရန် ဈေးနှုန်းဖြင့် ထိန်းသည်။
v  လောင်စာဆီနှင့်စာလျှင် သဘာဝဓါတ်ငွေ့က ကာဗွန်ထုတ်မှုပိုနည်းသဖြင့် လျှပ်စစ်ထုတ်ရာတွင် ဆီအစား ဓါတ်ငွေ့ကို အစားထိုးသုံးစွဲခဲ့ရာ ၂၀၀၀ ခုနှစ်က သဘာဝဓါတ်ငွေ့သုံးစွဲနှုန်း ၁၉% သာရှိခဲ့ရာမှ ယနေ့ဆိုလျှင် ၈၀% ထိ ရှိနေပြီ ဖြစ်ပါသည်။
            ထို့ကြောင့် ကာဗွန်ထုတ်လွှတ်မှုနှုန်းအား ယခင်နှစ်များ (၁၉၉၄ မှ ၂၀၀၀) က နှစ်စဉ် ၆.၄% တိုးနေရာမှ ယခုအခါ တိုးနှုန်းကို ၁.၁% ထိ (၂၀၀၀ ခုနှစ်တွင် တန်ပေါင်း ၃၉ သန်း မှ ၂၀၀၅ ခုနှစ်တွင် တန် ၄၁ သန်း) လျှော့ချနိုင်ခဲ့ပါသည်။ နေရာ အကန့်အသတ်ပင်ရှိလင့်ကစား နေရောင်ခြည်မှ လျှပ်စစ်ထုတ်ယူသုံးစွဲမှုကိုလည်း နှစ်စဉ်တိုးမြှင့်လျှက်ရှိ၏။
            ကာဗွန်ထွက်နှုန်းလျှော့ချရန် နောက်ခြေတစ်လှမ်းမှာ ကာဗွန်ဈေးနှုန်းသတ်မှတ်ကောက်ခံရန် ဖြစ်သည်။ သည်နေရာတွင် ၀န်ကြီးချုပ်မိန့်ခွန်းကို မူရင်းအတိုင်း ဖောက်သည်ချလိုက်ပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၇၊ မတ်၊ ၂၀၁၃
ဒီနေရာက ကူးယူဖော်ပြပါသည်။
No comments:
Post a Comment