ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က နော်ဝေနိုင်ငံသား ခံယူခြင်း
အခမ်းအနားတစ်ခု အော်စလို မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီမြို့တော်ခန်းမဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတစ်လွှားက ထင်ရှားတဲ့
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေကို ဆုချီးမြှင့်တဲ့ နေရာပေါ့။ ဒါပေမဲ့
ဒီတစ်ခါ ကိုယ်တက်ရမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဘယ်လ် ဆုရှင်တွေကို
ကြိုဆိုတဲ့ အခမ်းအနားမဟုတ်။ မြန်မာနိုင်ငံသား ဘဝကနေ နော်ဝေနိုင်ငံသားအဖြစ်
ခံယူရမယ့် အခမ်းအနားဆိုတော့ စိတ်ထဲမှာ သိပ်ဘဝင်မကျလှပါ။
“ယူချင်လွန်းလို့
ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့
ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား
ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက
ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား
မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့
သူကရှင်းပြပါတယ်။ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။
တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတစ်ရပ်
အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား
အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ
စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား
ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊
အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့်
လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင်
တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ
ဆိုက်လာခဲ့တယ် ဆိုပါတော့။
၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။
ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။
ဒီလူတွေထဲက ဘယ်လောက်များများ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံက လူတွေအပြောတိုင်း ဆိုရင် ‘နိုင်ငံခြားသား’ အဖြစ် ခံယူထားသလဲဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ အခုတစ်လော မြန်မာနိုင်ငံဆီ ပြန်လည်တဲ့လူတွေ များလာနေတဲ့အတွက်၊ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံခြားသား ခံယူပြီးမှ ဒီလိုပြန်လည်နိုင်တဲ့အတွက် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူ ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေလောက်ပြီ ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဧပြီလကုန်ပိုင်းမှာ နော်ဝေနိုင်ငံသား စာအုပ် ရတဲ့အတွက် မေလထဲမှာ မြန်မာနိုင်ငံဆီ သွားလည်ခွင့် Visa ရခဲ့ပြီး ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ပြည်တော်ပြန် ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ တခြားလူတွေထဲမှာလည်း ကျွန်တော့်လို မြန်မာနိုင်ငံ ပြန်ချင်လို့ နိုင်ငံခြားသား ခံယူလိုက်ရသူတွေ ရှိနိုင်သလို အခြားအကြောင်း အမျိုးမျိုးကြောင့် ခံယူလိုက်ရသူတွေ ရှိနိုင်ပါတယ်။
သေချာတာတော့
နိုင်ငံခြားသား ဖြစ်ချင်လွန်းလို့၊ သို့မဟုတ် မြန်မာနိုင်ငံသား
မဖြစ်ချင်တော့လို့၊ မြန်မာနိုင်ငံကို မချစ်တော့လို့ နိုင်ငံခြားသားအဖြစ်
ခံယူလိုက်သူကတော့ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့်
ဒီလိုရှည်လျားထွေပြား နိဒါန်းချီ နေရသလဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့်
နိုင်ငံခြားသားအဖြစ် ခံယူလိုက်ရသူတွေကို မျိုးချစ်စိတ်မရှိ သူတွေ၊
အမေကျော်ဒွေးဒေါ် လွမ်းသူတွေအဖြစ် ဝေဖန်သံတွေ ကြားလာနေရလို့ ဖြစ်ပါတယ်။
တချို့ဝေဖန်သူ တွေကတော့ နိုင်ငံခြားသားအဖြစ် မခံယူဘဲ PR (Permanent Resident- အမြဲတမ်း နေထိုင်ခွင့်) အဖြစ်ပဲ ယူထားပြီး မြန်မာနိုင်ငံ ပြန်လည်ရင်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးမြန်း သိရှိသလောက်ကတော့ PR သမားတွေ မြန်မာနိုင်ငံ ပြန်လည်မယ်ဆိုရင်
နိုင်ငံသားအဖြစ် ခံယူထားသူလို ပုံမှန်လမ်းကြောင်းအတိုင်း Social Visa နဲ့ မသွားနိုင်သေးဘဲ သံရုံးအရာရှိတွေ၊ မြန်မာနိုင်ငံက အစိုးရအရာရှိတွေရဲ့ ခွင့်ပြုချက် စောင့်ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခါ နိုင်ငံခြား ခရီးသွားလက်မှတ် (Travel Document) ကိုင်ပြီး မြန်မာနိုင်ငံဆီ အဝင်အထွက် လုပ်နေသူ တွေဟာလည်း အလားတူ သက်ဆိုင်ရာ သံရုံးနဲ့ အစိုးရ အရာရှိတွေဆီက ခွင့်ပြုချက်ရပြီးမှ သီးခြားစာရွက်မှာ အထူး Visa စာရွက်ကပ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သံရုံးတွေ၊ အစိုးရအရာရှိတွေ၊ အာဏာပိုင်တွေနဲ့ ဘာမှစကားပြောစရာ မလိုဘဲ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ ခရီးသွားချင်တယ်ဆိုရင် နိုင်ငံသားလက်မှတ် ရှိသူတွေက အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဒါက အခုမြန်မာနိုင်ငံဆီ ပြန်လည်ခွင့်ရပြီဆိုတဲ့ အနေအထားရောက်မှ နိုင်ငံခြားသား ခံယူသူတွေရဲ့အခြေအနေကို ပြောတာပါ။
ဒီမတိုင်ခင်ကတည်းက နော်ဝေမှာ ခုနစ်နှစ် ပြည့်ပြီးသူတွေ၊ တခြားနိုင်ငံ အသီးသီးမှာ သတ်မှတ်အချိန်နဲ့ သတ်မှတ် ဘာသာစကားရပြီးလို့ နိုင်ငံခြားသား ခံယူလိုက်သူတွေလည်း အများကြီး ရှိမှာပါ။ ဆိုလိုတာက နိုင်ငံခြားသား ခံယူတာဟာ မြန်မာနိုင်ငံ ပြန်လည်ခွင့်ရဖို့ တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။
ဒါဖြင့် ဘာကြောင့် နိုင်ငံခြားသားအဖြစ် ခံယူကြတာလဲ။ တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် နိုင်ငံခြားသား ခံယူပြီးသူတွေက မြန်မာနိုင်ငံဆီ ပြန်မလာ တော့ဘူးလား။ ဒါကလည်း တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်တာပါပဲ။ ဒီလူတွေ မြန်မာနိုင်ငံဆီ ပြန်လာရင် PR (Permanent Resident - အမြဲတမ်း နေထိုင်ခွင့်) အဖြစ်နဲ့ နေကြမှာလား။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်ရမှာလား။ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိမလဲ။ ဒါကတော့ တစ်ဦးချင်းနဲ့ မဆိုင်တော့ဘဲ သူတို့ကို ပြန်လက်ခံမယ့် အစိုးရတွေ၊ ပါလီမန်တွေနဲ့ ဆိုင်သွားပါပြီ။ ဒီအတွက် PR စနစ်နဲ့ ပြည်တော်ပြန်တွေကို ငါးနှစ်တာ နေထိုင်ခွင့်ပေးမယ့် ဥပဒေတစ်ရပ် ပါလီမန်မှာ အတည်ပြုဖို့ ပြင်နေတယ်လို့ ကြားရပါတယ်။
ဒီလိုပြန်လာတဲ့ လူဦးရေက ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။ သူတို့အတွက် ဒီလောက်အထိ စဉ်းစားပေးစရာ လိုလို့လားဆိုပြီး မေးခွန်းထုတ် သူလည်းရှိရင် ရှိနိုင်ပါတယ်။ တစ်ခါ ဒီလူတွေက ပြန်လာမယ်ဆိုလည်း အပြီးပြန်လာတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထွက်သွားတယ်ပြောပြီး နိုင်ငံရေး အခြေအနေကောင်းတော့ ဘာကြောင့် အပြီးပြန်မလာရဲ သေးတာလဲ ဆိုပြီးလည်း မေးနိုင်ပါတယ်။ ပြီးတော့ ဒီလူတွေက နိုင်ငံခြားမှာ အနေကြာသွားလို့ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူတွေနဲ့အတူ မနေနိုင်တော့ ဘူးလား။ ဒီလူတွေက မျိုးချစ်စိတ် မရှိတော့လို့ မြန်မာနိုင်ငံဆီ ပြန်မလာတော့ တာလားပေါ့။
‘ဘဝဟာ တစ်ခါတစ်ခါ
စိတ်နာဖို့ ကောင်းပါတယ်’ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပါရဲ့။ မျိုးချစ်စိတ်
ရှိလွန်းလို့ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင်
စစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး အသက်စွန့်
တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အခုတော့ မျိုးချစ်စိတ်
မရှိလို့ နိုင်ငံခြားသား ခံယူသူတွေအဖြစ် စွပ်စွဲခံ နေရပါရော့လား။ ၂၅
နှစ်ဆိုတဲ့ ကာလဟာ လူတွေရဲ့စဉ်းစားပုံနဲ့ တွေးခေါ်ပုံတွေကိုပါ
ပြောင်းလဲသွားစေနိုင်သလား။
အတိတ်မှာ အမှားတွေ
ကျူးလွန်ခဲ့သူတွေက ယူနီဖောင်း လဲလိုက်ရုံနဲ့ အာဏာကို
ဆက်ကိုင်ထားနိုင်တဲ့အခါ အဲဒီလူတွေကိုပဲ အောင်ပွဲရသူတွေအဖြစ်၊
ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက် ကြတော့မှာလား။ အဲဒီလို အမှားကျူးလွန်
ခဲ့သူတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့သူတွေ၊ အမှန်တရားအတွက်
တိုက်ပွဲဝင်ခဲ့သူတွေ၊ ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရ သူတွေကိုတော့ အောင်ပွဲရအောင်
မဆောင်ရွက်နိုင်သူတွေ၊ မျိုးချစ်စိတ် မရှိလို့ ပြည်ပထွက်သွားသူတွေ အဖြစ်
စွပ်စွဲကြတော့မလား။
အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံခြားသား ခံယူမှုဆိုတာ အခြေအနေအရ၊ သက်ဆိုင်ရာ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ဖြစ်သွားရတဲ့ အနေထားလို့ ဆိုချင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးပါ။ ပြန်လာသူတွေကို မဖမ်းပါဘူးလို့ အာမခံချက် ပေးထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှမတွေ့ရသေးပါ။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဝန်ကြီးနဲ့ပိုင်မှ၊ သမ္မတရုံးဝန်ကြီးနဲ့ သိမှ၊ လွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်မှ၊ သံအမတ်နဲ့ခင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။
ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆီ အပြီးပြန်လာရဲသူ ဘယ်ရှိပါ့ဦးမလဲ။ နိုင်ငံခြားသား ခံယူထားမှုကိုလည်း ဘယ်စွန့်လွှတ်ရဲဦးမလဲ။ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်လို့ ပြောနေတဲ့ PR ဥပဒေ၊ အမြဲတမ်း နေထိုင်ခွင့် ဥပဒေ ထွက်လာပြီး ငါးနှစ်တာ နေထိုင်ခွင့်ရမယ် ဆိုရင်တော့ ပြည်ပရောက်နေသူ အတော်များများ ပြန်လာကြမယ်လို့ ထင်ပါတယ်။
အခုလောလောဆယ်
အချိန်မှာတော့ အတွင်း-အပြင်၊ နိုင်ငံသား-နိုင်ငံခြားသား စသဖြင့်
အချင်းချင်း အငြင်းပွားမှုကို အဆုံးသတ်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ
အားလုံးပါဝင် လက်တွဲ ဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့
ထင်ပါတယ်။ နိုင်ငံရေးအာဏာယူမယ့် လူတွေ အတွက် နိုင်ငံသားဖြစ်ခြင်း၊
မဖြစ်ခြင်း ဖြစ်ဆိုတဲ့ ဘောင်တွေနဲ့ စည်းခြားထားတာကို သဘာဝကျတယ်လို့
ဆိုနိုင်ပေမယ့် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ တိုင်းပြည် တည်ဆောက်ရေး အတွက်
ဆောင်ရွက်ဖို့ ပြန်လာသူတွေ ကိုတော့ ဒီလိုစည်းဘောင် မခြားထားသင့်ဘူးလို့
ထင်မိပါတယ်။
တစ်ချိန်တည်းမှာပဲ နယ်စည်းခြားပြီး ဘာလူမျိုး၊ ဘာနိုင်ငံသားဆိုတဲ့ ခွဲခြား သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ခေတ်၊ လူသားအားလုံးကို ကမ္ဘာသူ ကမ္ဘာသားအဖြစ် အားလုံးတန်းတူ ခံယူနိုင်တဲ့ ခေတ်မျိုး အမြန်ရောက်လာစေဖို့လည်း မျှော်လင့်နေမိပါတယ်။
Written by ထက်အောင်ကျော်
မူရင်းလင့်
No comments:
Post a Comment