Tuesday, October 15, 2013

သံတော်ဆင့်ဖတ်စာ

*        ကလင်တန် မိန်းမကိစ္စ
ကမ္ဘာသို့ ကျော်ခဲ့သည်။
စာနယ်ဇင်းများ ဖော်ထုတ်ခဲ့သည်ကိုး။
အဲဒါပုဂိ္ဂုလ်အရေးဟု
အဘယ်သူ စွပ်စွဲပြစ်တင်ခဲ့ပါသနည်း။
အမေရိကန်သမ္မတကြီး
အများနှင့် သက်ဆိုင်နေသည်လေ။
အာဏာ သူ့ထံ
ပြည်သူပေးခဲ့မဟုတ်ပါလား။
သစ္စာမရှိသူ
အဂတိလိုက်စားသူ
ကိုယ်ကျိုးကြည့်သူ
ပြည်သူ မည်သို့ ယုံကြည်မည်နည်း။
အစွန်းအထင်းရှိက
စာနယ်ဇင်းကတော့ ဖော်ထုတ်မည်ပေါ့။ …
မဖြူသူများ မလုံသူများ
ပြည်သူ့အရေး ကင်းကင်းနေကြပါ။
မဏ္ဍိုင်အားလုံး
သီလပျက်များ မရှိပါစေနှင့်။
ဤကား သံတော်ဆင့်ဆုတောင်း ဖြစ်ပါသတည်း။

*        “ပြည်သူအများ
အခြေခံဥပဒေ ပြင်လိုကြသည်”
အဲဒီစကား သူ မယုံဘူးဟု
ပြောလာဆိုလာ၏။
၂၀၀၈ အခြေခံဥပဒေ
၉၂ ဒသမ ၄၈ ရာနှုန်းထောက်ခံကြောင်း
သူတို့ ကြွေးကြော်ခဲ့သည်များ
ပြည်သူကရော ယုံပါ၏လော။
နဖူးပေါ်လက်တင်၍ စဉ်းစားကြည့်ပါ။
ကြားဖြတ်ရွေးကောက်ပွဲက
သက်သေဖြစ်သည်ပေါ့။
အဲဒီအရှုံး အံ့သြရဟု
သူပင် ပြောခဲ့ဖူးသည်လေ။
ကိုယ့်လူတောင် ကိုယ်
မယုံရဘူးမဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ်
မယုံကြေးပြိုင်တာမကောင်းပါ။
တိုင်းပြည်နာသည်ပေါ့။
အဲဒါကြောင့်
သူလည်းယုံ ကိုယ်လည်းယုံ
တစ်တိုင်းတစ်ပြည်လုံး ယုံမည့်
လမ်းကြောင်းတစ်ခု
ရွေးကြပါစို့လား။
*        ဒီမိုကရေစီရဲတဲ့။
ကြားဖူးကြပါ၏လော။
ရဲချုပ်သုံးနှုန်းလိုက်ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ရင်အေးလိုက်ကြပါ။
အာဏာရှင်ရဲခေတ်
ကျော်လွန်ပြီဟု ယူဆရမည်ပေါ့။
ဒီမိုကရေစီရဲများ
ပြည်သူကို အခြေပြုနိုင်ပါစေ။
ဒါမှ ပြည်သူ့ရဲ
စစ်မည် မှန်မည် ထွန်းလင်းမည်ပေါ့။

*        လူအဟောင်းစနစ်အသစ်
မြန်မာ့ဒီမိုကရေစီ
ကမ္ဘာကျော်နေသည်။
နိုင်ငံအသစ်များနှင့်လည်း
ကမ်္ဗည်းသစ် ရေးထိုးနေသည်ပေါ့။
ပြည်တွင်းရေးမှာလည်း
ယဉ်ကျေးမှုအသစ်များ
ဖြစ်ထွန်းလို့နေ၏။
သို့ပေသော်ငြား
စင်းလုံးချော မဟုတ်သေးပါ။
ဟိုးအဝေး၌
သေနတ်သံ ညံနေထင်၏။
ယမ်းနံ့ ငွေ့ငွေ့
ရှူမိ ရှိုက်မိသည်ပေါ့။ ။

 – ဗဦးမောင်

မူရင်းလင့်

No comments:

Post a Comment