Sunday, November 10, 2013

သုခမြို့တာ်

ဘရာဇီးတောင်ပိုင်းက မြို့တစ်မြို့ဟာ လွန်ခဲ့တဲ့ နှစ်(၃၀)အတွင်း ကမ္ဘာ့မြို့တွေထဲ ထိပ်တန်းမြို့ တစ်မြို့ ဖြစ်
လာကြောင်း  ကြားကြားချင်းတော့ ယုံမိမှာမဟုတ်ဘူး။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ လူဦးရေ (၃)သန်းသာ ရှိတဲ့ ဒီမြို့လေးမှာ နေထိုင်ကြ
သူတွေရဲ့ ၉၉-ရာခိုင်နှုန်းက ဒီမြို့ဟာ သူတို့အတွက်တော့ သုခ မြို့တော်ပါဘဲလို့ ဆိုကြသတဲ့။ သူတို့ စကားသံတွေကို နားထောင်ကြည့်ရအောင်။

 
ပန်းခြံတစ်ခု ရဲ့ ခုံတန်းရှည်မှာ ဆွယ်တာထိုးနေတဲ့ မိန်းမငယ်က ''ဒီမြို့ဟာ ကျမတို့အတွက် နေထိုင်မှု စတိုင်တစ်ခုကို ပေးပါတယ်" လို့ပြောတယ်။ ဆက်ပြီးသူမက "ဒီနေရာဟာ အေးချမ်းတယ်။ အဲဒါက
ဒီမြို့မှာ ကျမအကြိုက်ဆုံး ခံစားမှုပါ"..တဲ့။ လမ်းလျှောက်ထွက်လာတဲ့ သက်ကြီးရွယ်အိုစုံတွဲ မှ အဘွားဖြစ်သူက "'ဒီမှာ ရှိတဲ့ အရာတိုင်းက စိတ်ချမ်းသာစရာ ချည်းဘဲ။ အဘွား ဒီမြို့လေးကို တကယ့်ကို မြတ်နိုးတယ်"
လူငယ် စုံတွဲကို မေးကြည့်တော့ "အသက်ရှင်နေသမျှတော့ ဒီ မြီု့သူဖြစ်ပြီးရင် တစ်သက်လုံး ဒီမြို့သူဘဲ
 ဖြစ်သွားမှာဘဲ" လို့ ကောင်မလေးက ရယ်ရင်း ပြောပါတယ်။ သူ့အဖော် ကောင်လေးက " ဒီမြို့ကို ကျနော် တစ်သက်လုံး မခွဲခွာဘူး" လို့ ထပ်လောင်းဖြည့်စွက်ပါတယ်။ သူ့မျက်လုံးတွေ ကြည့်ရတာ ဒီမြို့ကနေ တစ်ခြားပြောင်းသွားရမှာကို စိုးရိမ်နေပုံပါဘဲ။

ကုရ်ချီဘာ မြို့ဟာ ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခုက မြို့တစ်မြို့ပါ။ ဒါပေမယ့် ဒီမြို့မှာ ဖွံ့ဖြိုးပြီးတိုင်းပြည်
တွေက မြို့ပြတွေနဲ့မခြား လူနေမှုအဆင့်အတန်းကောင်းကောင်း ရှိတယ်။ သာယာတဲ့ ပါတ်ဝန်းကျင် ကို ဖန်တီးပေးထားတယ်။  ဒါတွေက လူတစ်ယောက်ရဲ့ ရိုးစင်းတဲ့ စိတ်ကူးစိတ်သန်းတစ်ခုက စတင်ခဲ့တာပါ။ အဲဒါက လူထု ဦးစားပေး ၊ ကားက ဒုတိယ ဆိုတာပါဘဲ။ ဂျေမီလာနာက စိတ်ကူးကောင်းတဲ့ မြို့ပြစီမံကိန်း
ပညာရှင် ဗိသုကာ ပညာရှင် တစ်ဦးပါ။ 1970 ခုနှစ် အစောပိုင်းနှစ်တွေမှာ သူ မြို့တော်ဝန်ဖြစ်လာတော့ ကြပ်တည်းလာတဲ့ ယာဉ်ကြောအတွက် လမ်းတွေကိုချဲ့ဘို့ အဆောက်အအုံအချို့ကို ဖြိုချမယ့် အစီအစဉ်နဲ့ ရင်ဆိုင်ရပါတယ်။ လာနာက "မတူတော့ မတူဘူးပေါ့။ ဒါပေမယ့် ဥပမာပြရရင် ကျွန်တော့ ယောက္ခမ
လိုပေါ့။ ကျနော့် ယောက္ခမတွေ နဲ့ ကျနော်တို့ မိသားစုဟာ ဆက်ဆံရေးကောင်းမွန်သင့်ပါတယ်။ ဒါပေ
မယ့် ယောက္ခမက ကျနော့် မိသားစုဘ၀ကို ဘယ်လိုနေ၊ ဘယ်လိုထိုင် ဆိုပြီး ပဲ့ကိုင်လာမယ်ဆိုရင်တော့ ဒါဟာ နည်းလမ်းမကျတော့ဘူး။"

လာနာက လမ်းချဲ့မယ့်အစီအစဉ် နဲ့ ပြောင်းပြန် ဆုံးဖြတ်ချက် ချပါတယ်။ သူက လမ်းကို လှအောင် ပြန်ခင်း
လိုက်တယ်။ အဲဒီလမ်းကို ယာဉ်တွေ ၀င်ခွင့်မပေးတော့ဘူး။ လမ်းလယ်ခေါင်မှာ သစ်ပင်တွေ တန်းစီစိုက်။
 မောရင် ထိုင်ဘို့ ခုံတန်းတွေလည်း လုပ်ထားပေးတယ်။  ဘယ်နေလိမ့်မလဲ။ အားလုံး ၀ိုင်းကန့်ကွက်ကြ
တာပေါ့။ အခုတော့ အဲဒီကန့်ကွက်တဲ့သူတွေ က ဒီလမ်း ကို ဘာနဲ့ မှ မလဲနိုင်ပါဘူးတဲ့။ အဲဒီလမ်းတွေဟာ ဘရာဇီးမှာတော့ ပထမဆုံး လူလမ်းလျှောက်ဘို့ သီးသန့်ဖန်တီးလိုက်တဲ့ လမ်းတွေပါဘဲ။ လူဝါဒါ ဖလောရက်ဇ် (သို့) Street of Flowers ဟာ မြို့တစ်လျှောက် (၁၅)ဘလောက်စာ ရှည်ပါတယ်။

 
"မြို့ပြတစ်ခုဆိုတာ မိသားစု အမှတ်တရ ပုံလေးလိုပါဘဲ။ ဘယ်လောက်ဘဲ ဟောင်းဟောင်း၊ သင်ဘယ်
တော့မှ ဖျက်ဆီးလိမ့်မှာ မဟုတ်ဘူး။ တကယ်လို့ အဲဒီပုံထဲက ခင်ဗျား အန်ကယ် ဒါမှမဟုတ် တစ်ခြား အမျိုးတစ်ယောက်ယောက်ကို ပုဂ္ဂိုလ်ရေးအရ မနှစ်သက်ရင်တောင်မှ ခင်ဗျား ထိန်းသိမ်းထားမှာပါဘဲ။ အဲဒီပုံလေးက ခင်ဗျားကိုယ်တိုင်ရဲ့ ကြေးမုံပြင် ဘဲလေ။ အဲဒီပုံမှာ ခင်ဗျားတို့ မိသားစုရဲ့ ချစ်ခင်မှု၊ စိတ်ဓါတ်၊ အစဉ်အလာတွေက ကိန်းအောင်းနေတယ်" လို့ လာနာက ဆိုပါတယ်။၁၉၇၁-မှာ မြို့တော်ဝန် နဲ့ ပြည်နယ် ၀န်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ် ခံရပြီးတော့ ၂၀၀၂-ခုနှစ်အထိ သူ ဒီဒေသအတွက် တာဝန်ထမ်း
ဆောင်ခဲ့တယ်။ အခုတော့ သူက ဒီမြို့မှာ ဂန္ဓ၀င် ဖြစ်ခဲ့ပြီလေ။ မြို့က လမ်းမတွေ တစ်လျှောက် သူလမ်း
လျှောက်ထွက်တဲ့အခါ လူတွေက သူ့ကို နှုတ်ဆက်ကြတယ်။ 

"ခင်ဗျား ပထမဆုံးအကြိမ် ရွေးကောက်ခံရကတည်းက ကျုပ်က ခင်ဗျား ရဲ့ အမာခံလေ"
"လာနာ... ခင်ဗျား ဒီနှစ် ၀င်အရွေးခံဦးမှာလား" "No..! ကျနော် နိုင်ငံရေးလောကထဲက ထွက်လိုက်ပါပြီ" လာနာ ဟာ သူ့အိပ်မက်တွေကို ဒီမြို့လေး နဲ့ အကောင်အထည်ဖော်ခဲ့ပြီး၊ ၂၀၀၂-ခုနှစ်မှာ အငြိမ်းစား ယူသွားပါပြီ။ သူဟာ လူကောင်ကြီးသလို အိပ်မက်လည်းကြီးသူပါဘဲ။ ဒီအိပ်မက်က သူ့ကို ဖီလော်ဆော်ဖာ တစ်ယောက် နဲ့ နိုင်ငံရေးသမားတစ်ယောက် အဖြစ် ပီပြင်စေခဲ့ပါတယ်။

"လူ့အဖွဲ့အစည်းတစ်ခု ရဲ့ အနာဂါတ်အတွက် အရေးကြီးတဲ့ အချက်(၃)ချက် ရှိတယ်။ တစ် သွားရေးလာရေး လွယ်ကူမှု။ ဒုတိယက ရေရှည်တည်တံ့နိုင်စွမ်း နဲ့ တတိယက ကိုယ်ပိုင်အရည် အသွေးပါ။ မြို့တိုင်း မြို့တိုင်း
ဟာ ဒီ(၃)ချက် ကို အလေးထားကြရင် ပိုမိုကောင်းမွန်တဲ့ လူသားဘ၀ကို မျှော်လင့်စရာရှိမယ်။ ၁၉၇၀-မှာ
 ကူရ်ချီဘာမြို့ ရဲ့ လူဦးရေဟာ ၁-သန်းကျော်သွားပြီး၊ မြို့က လမ်းတွေဟာ ကားတွေ နဲ့ ပြည့်ကြပ်လာတယ်။ လာနာ က Transport engineer တစ်ယောက်မဟုတ်ပေမယ့် လူထုသယ်ယူပို့ဆောင်ရေး နဲ့ ပါတ်သက်လို့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ နားလည်သူပါ။ နောက် ဘတ်ဂျတ်ချို့တဲ့တဲ့ ဒီမြို့မှာ  အလုပ်ဖြစ်အောင် ဘယ်
လို လုပ်ရမလဲဆိုတာ သူသိတယ်။ "ကူရီတစ်ဘာမြို့ ရဲ့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးရင် တစ်ခုကစိတ်ပိုင်း
ဖြတ်မှုပါ။ ရိုးစင်းတဲ့ အိုင်ဒီယာကို အခြေပြုပြီး သံဓိဌာန် ချရပါမယ်။ ကျနော်တို့ ရိုးစင်းမှုကို မကြောက်ခဲ့ဘူး။ သိတဲ့အတိုင်း မြို့က ဖွဲ့စည်းပုံ သိပ်မရှုပ်ဘူး။ ရှုပ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့.."

ဒါဟာ ကုရ်ချီဘာ သယ်ယူပို့ဆောင်ရေး စံနစ် ရဲ့အစပါ။ လာနာက ပင်မလမ်းကြောင်းတွေ သတ်မှတ်လိုက်တယ်။ လမ်းကြောင်းတစ်ခုမှာ ယာဉ်ကြော(၃)ခုရှိတယ်။ တစ်ခုက မြို့ထဲအ၀င် ၊ နောက်တစ်
ခုက မြို့ထဲက အထွက်၊ အလယ်မှာ သီးသန့်ကာရံထားတဲ့ (၂)ဘက်သွား ဘတ်(စ)ကားလမ်း ထားလိုက်
တယ်။ လူတွေ မြို့ထဲကို ခရီးသွားဘို့ပေါ့။ 



"ကျနော်တို့ စတော့ တစ်ရက်ကို ခရီးသည် နှစ်သောင်းခွဲ။ အခုတော့ တစ်ရက်ကို ခရီးသည်(၂)သန်းကျော်
ကို ၀န်ဆောင်မှု ပေးနေပြီ။"



လာနာက (၃)စီးတွဲယာဉ် တွေကို မိတ်ဆက်ပေးခဲ့ပြီး၊ ခရီးသည် ပိုတင်နိုင်ပါတယ်။ "ဒီရိုးစင်းတဲ့ စံနစ်ကနေ ကျနော်တို့ မြေအောက်ရထားထက်တောင် ပိုများတဲ့ ခရီးသည် ပမာဏကို ကိုင်တွယ်နိုင်ပါတယ်.။ ကုန်ကျ
စရိတ်ကတော့ မြေအောက်ရထားလမ်းဆောက်တာထက် အဆ(၁၀၀)၊ (၂၀၀)လောက် ပိုသက်သာတာပေါ့
ဗျာ။ ဒီစံနစ်ကို တည်ဆောက်ဘို့ ကျနော်တို့ အချိန်ယူခဲ့တာ ၂-နှစ်တောင် မကြာဘူး" သူဖန်တီးမယ့် ဘတ်စ်
ကားအကြောင်းစဉ်းစားနေရင်း တစ်ရက်မှာ လာနာက ဒီဘတ်(စ)ကားတွေမှာ လူဆင်းချိန်တက်ချိန်က အ
တော် အချိန်ယူတာကို သတိထားမိသွားတယ်။ ဒီတော့ ဘတ်(စ)ကားပေါ်ရောက်မှ လက်မှတ်ဖြတ်ရတဲ့
 စံနစ်အစား ဘတ်(စ)ကားဂိတ်မှာကတည်းက လက်မှတ်ကြိုဖြတ်တဲ့ စံနစ်ကို စဉ်းစားမိပါတယ်။ ဒါနဲ့ မှန်ခုံး
တွေနဲ့ တန်ဆာဆင်ထားတဲ့   တိုင်ကီလှဲထားတဲ့ပုံ ဘတ်(စ)ကားဂိတ် ဒီဇိုင်းကို သူရေးဆွဲခဲ့ပါတယ်။ သူက အဲဒီ ဒီဇိုင်းလေးဟာ သူ့အိပ်မက်လေးတစ်ခုလို့ ဆိုပါတယ်။ အခုဆိုရင် ရုံးဆင်းရုံးတက်ချိန် တွေမှာ (၆၆)စက္ကန့်တိုင်းမှာ ဘတ်စ်ကားတစ်စီး နှုန်းနဲ့ပြေးဆွဲနိုင်နေပါပြီ။ Boarding Tube ( လူတင်တဲ့ ပြွန်လေး)
 တွေကနေပေါ့။ ဘတ်(စ)ကားတိုင်းကလည်း လူအပြည့်ပါဘဲ။



နောက်ထပ် ကူရ်ချီဘာမြို့ ရဲ့ သိသာထင်ရှားတာက မြို့အ၀ှန်း ဖြန့်ကျက်ထားတဲ့ ပန်းခြံကွန်ရက်ပါ။ 



"ပန်းခြံတစ်ခုချင်းဆီက သီးခြားစီ ဆိုတာ ဟုတ်ပါတယ်။ အရေးကြီးတာက သူတို့ကို တစ်ခု နဲ့ တစ်ခု ချိတ်ထားဘို့ပါ။" မစ္စတာ နာကာမူရာ ကို သူရှင်းပြနေတာပါ။ လွန်ခဲ့တဲ့ (၃၅) နှစ်က ပန်းဥယျာဉ်တွေ ရဲ့ ဒါရိုက်တာ အဖြစ် ငှားရမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ နာကာမူရာ ဟာ ဒီတိုင်းပြည် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ  ကြီးမားလှတဲ့ ပန်းဥယျာဉ်ကွန်ရက် ကြီးကို မြို့အနှံ့ အတူတကွ ဖန်တီးခဲ့ကြတယ်။

ဝဲဘက်မှ ရေလျှင် (၃)ဦးမြောက်မှာ ဂျေမီလာနာ ဖြစ်ပြီး၊ ယာဘက်မှ (၃)ဦးမြောက်မှာ မစ္စတာ နာကာမူရာဖြစ်သည်
ဝဲဘက်မှ ရေလျှင် (၃)ဦးမြောက်မှာ ဂျေမီလာနာ ဖြစ်ပြီး၊ ယာဘက်မှ (၃)ဦးမြောက်မှာ မစ္စတာ နာကာမူရာဖြစ်သည်

နဂိုက ပစ်ထားတဲ့ နေရာတွေကို ပန်းခြံအဖြစ် ဖန်တီးခဲ့ကြတာပါ။ တစ်ချို့နေရာက ရေဆိုးတွေ နဲ့ ပြည့်နေတဲ့ ရေအိုင်ကြိးတွေ၊ တစ်ချို့ကတော့ အမှိုက်ပုံ နေရာတွေပေါ့။ ဒီပန်းခြံတွေထဲက တစ်ခုအကြောင်း ပြောရရင် ဒီတစ်ခုဟာ မြို့အတွက် အနားယူစရာ နိဗ္ဗာန်ဘုံတွေ အနေနဲ့တင်မကဘူး။ အနားပါတ်ဝန်းကျင်မြေဈေးကို လည်း မြင့်တက်စေခဲ့တယ်။ ဒီကူရ်ချီဘာ မြို့က အခြားဟာတွေ နဲ့ မတူတာက ဒီပန်းခြံဟာ ရည်ရွယ်ချက် တစ်ခုထက်မက ရှိပါတယ်။ ၁၉၇၀-ခုနှစ်တွေတုန်းက ဒီနေရာဟာ အမြဲ့ရေဖုံးနေတဲ့ နေရာပါ။ ပထမတော့ ဒီနေရာကို စီးဝင်တဲ့ ချောင်းကိုပိတ် ၊ကွန်ကရိတူးမြောင်းတစ်ခုအနေနဲ့ လမ်းလွှဲပေးဘို့ပါ။ 

"'ဒီလို လုပ်တာမျိုးကို ကမ္ဘာတစ်ဝှန်း လုပ်ခဲ့ကြပြီးပြီ၊ စရိတ်လည်း အရမ်းကုန်တယ်။ ဒီလို ၁၀၀-စတုရန်းမီတာလောက်ရှိတဲ့ နေရာကို ကွန်ကရိလုပ်ငန်း ဆောင်ရွက်မယ်ဆိုရင် ကျောင်းတစ်ကျောင်းဆောက်တဲ့ ကုန်ကျစံရိတ်လောက် ကျပါမယ်။" နာကာမူရာက ပြောတယ်။ အဲဒီတော့ ကွန်ကရိ နံရံကာပြီး ရေဖုံးတာကို ရှောင်လွှဲမယ့်အစား ချောင်းကို စီးမြဲအတိုင်းစီးစေ။ ချောင်းဘေးတစ်လျှောက်မှာ ပန်းခြံလုပ်လိုက်ပါတယ်။ တိုးချဲ့ပြီးတဲ့ ပန်းခြံအကျယ်အ၀န်းဟာ စတုရန်းမီတာ ၁.၅-သန်း ကျယ်ပါတယ်။ "အားလုံး သဘာဝအတိုင်းဘဲ။ လူက ဘာမှ ပြုပြင်ထားတာမရှိဘူး။ ဒီထဲက ငါးတွေကိုကြည့်၊ ဇီဝဗေဒ ရှုထောင့်ကကြည့်လည်း ဂေဟစံနစ် အတိုင်းဘဲ ရှိနေတယ်။ ငါးပေါတဲ့ ဒီချောင်းဘေး ပန်းခြံတစ်လျှောက် ငန်းတွေက အစာရှာလို့ နေပါတယ်။ 



အခုတော့ ကုရ်ချီဘာ မြို့ဟာ မြို့ပြတစ်ခုမှာ ရှိသင့်တဲ့ စိမ်းလန်းဧရိယာ သတ်မှတ်ချက်ထက် (၄)ဆပိုတဲ့ ပါတ်ဝန်းကျင်ရှိတယ်။ နာကာမူရာက အင်မတန်ရိုးစင်းတဲ့ အစီအစဉ်တစ်ခုကို ထပ်ပေါင်းပါတယ်။ ဒီပန်းခြံတွင်း မြက်ခင်းပြင် ကို မှန်မှန်ရိတ်ဘို့ သိုးတွေကို လွှတ်ကျောင်းပါတယ်။ သိုးတွေက မြက်ကိုစားရင်း မြက်တွေ မရှည်နိုင်တော့ဘူးပေါ့။


"မြက်ခင်းကို သန့်ရှင်းအောင် ထိန်းသိမ်းဘို့ နဲ့ မှန်မှန်ရိတ်ဘို့ သိုးတွေ သုံးရတာက အခြား စက်တွေ သုံးတာထက် စာရင် ကုန်ကျစရိတ် အများကြီးသက်သာပါတယ်။" လို့ လာဒါလီနာက ရှင်းပြပါတယ်။ ၁၉၈၉-မှာ သူ့ကို မြက်တွေရိတ်ဘို့ ငှားရမ်းခဲ့ပြီး၊ အခုတော့ မြက်ရိတ်ရမယ့် အစား မြို့တော်သိုးထိန်းသမား ဖြစ်လို့လာပါတယ်။ "'ဒီအလုပ်ကို ကျနော် တော့ ကြိုက်တယ်။ အခု သိုးတွေ နဲ့လည်း နေသားကျလာပြီ"

ပန်းခြံတွေ၊ သိုးတွေက ဒီမြို့ရဲ့ အဓိက ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ အဝေးကြီးမှာဘဲ ရှိသေးတယ်။ တစ်ခြား မြို့ပြတွေလိုဘဲ ဒီမြို့မှာ အခြေအနေမဲ့တွေ နေထိုင်တဲ့ ကျူးကျော်ရပ်ကွက်တွေ ရှိတယ်။ 

"ကျူးကျော်ရပ်ကွက်တွေ နဲ့ ပါတ်သက်ပြီး၊ အခြားမြို့ပြတွေ နဲ့ မတူတာတစ်ခုတော့ လုပ်နိုင်ရမယ် လို့ ကျနော်တွေးမိတယ်။ သူတို့ကို ကျနော်တို့ လူရာသွင်းရမယ်။ လေးစားမှု ပြရမယ်။ မြို့ပြတစ်ခု ဖန်တီးရာမှာ သူတို့အတွက်လည်း ကျနော်တို့ စဉ်းစားရမယ်။ တစ်ခုတည်းဖြစ်တည်ခြင်း ဆိုတာကို စဉ်းစားတဲ့အခါ ကျနော်တို့က အတွေးသစ်တွေကို ဖန်တီးဘို့ မဟုတ်ဘူး။ ကျနော်တို့ ကိုယ် ကျနော်တို့ မြို့နေလူတန်းစားတွေရဲ့ နေ့စဉ်ဘ၀ထဲကို ၀င်ခံစားကြည့်ဘို့ဘဲ ဖြစ်တယ်။"

ဒါကြောင့် ဆင်းရဲတဲ့ မြို့ပြနေ လူတန်းသားအတွက် လာနာက "ပူးတွဲတာဝန်ယူမှု တည်ဆောက်ခြင်း"ဆိုတဲ့ အစီအစဉ်တစ်ခုကို လုပ်ပါတယ်။ သူက အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေကို ကိုယ့်ပါတ်ဝန်းကျင် ကိုယ့်တာဝန်ယူပြီး သန့်ရှင်းရေးလုပ်ကြဘို့ ဆော်သြပါတယ်။ အပြန်အလှန်အနေနဲ့ ပြည်နယ်အစိုးရက အဲဒီအမှိုက်လာပစ်သူတွေကို ဟင်းချက်စရာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊  ပြန်လည်ပေးအပ်စေပါတယ်။

ဒီလို မိသားစုတွေထဲက တစ်ဦးဖြစ်တဲ့ အန်ဒရီယာတို့ အတွက် ဒါက ဘ၀ရပ်တည်ရာ လမ်းကြောင်းတစ်ခု ဖြစ်လာပါတယ်။ သူတို့က ပြန်လည်သန့်စင် သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ကောက်ပြီး အမှိုက်ကားလာရင် သွားရောင်းပါတယ်။ 

"ကျမတို့ ဒီလိုအမှိုက်မျိုး ၅-ကီလိုပေးရင် သူတို့က ဟင်းသီးဟင်းရွက် တစ်ကီလို ပြန်ပေးတယ်လေ။ ကျမတို့အတွက် လုံလောက်တဲ့ အာဟာရ ရတယ်။ တစ်ခါတစ်လေ ဟင်းချက်စရာ တစ်ခုခု မရှိရင် အတော်ဘဲ၊ သစ်သီးတွေလည်း ပါတယ်လေ။ သူတို့က သစ်သီးတွေလည်း ပြန်ပေးသေးတယ်" လို့ သူမက ပြောတယ်။ 

ဒါပေမယ့်လည်း ဒီကျူးကျော်ရပ်ကွက်တွေက လူတွေ ရဲ့ ဘ၀ကို ထိထိရောက်ရောက် မြှင့်တင်ဘို့ ခက်ခဲနေတုန်းပါဘဲ။ အမြဲ ဗွက်တွေအိုင်နေတဲ့ ဒီရပ်ကွက်မှာ ခနော်နီခနော်နဲ့ တဲတွေ အကုန်လုံးက ကျူးကျော်တွေချည့်ဘဲ။ သူတို့မှာ တစ်ခြား သွားစရာ အိမ် (ဒါမှမဟုတ်) ကိုယ်ပိုင်မြေနေရာမှ မရှိတာ။

"ကျမတို့အဘို့တော့ ဒီမှာ ရေမြုပ်တာ ခဏ ခဏ ကြုံရတယ်။ ကျမတို့ ဒီမှာ ဘယ်လို ရင်ဆိုင်ရတယ်ဆိုတာ ဘယ်သူမှ သိမှာလည်း မဟုတ်သလို စိတ်လည်း ၀င်စားကြမှာ မဟုတ်ဘူး။ ရှင် ဒီနေရာမှာ လာနေကြည့်စမ်းပါ။ ဘယ်လိုမှ နေလိှု့ ဖြစ်မှာ မဟုတ်ဘူး" လို့ လူမမည် သမီးတစ်ယောက် မွေးထားတဲ့ လူမည်း အမျိုးသမီး ရိုဇီကလဲ က ပြောတယ်။

မကြာပါဘူး။ ဒီညွန်တောကို ပြန်ပြင်ဘို့ အစိုးရက ဒီနေရာမှာ ရှိတဲ့ အဆောက်အအုံ မှန်သမျှ ဖြိုဘို့ လုပ်ပါတယ်။ လက်ရှိနေထိုင်သူတွေကို အခြားယာယီရပ်ကွက်တစ်ခုမှာ နေရာချထားပေးပါတယ်။ အဲဒီယာယီရပ်ကွက်တွေမှာ လမ်းရှိတယ်။ မီးရှိတယ်။ အချိန်ပြည့်လွှတ်ပေးနေတဲ့ ရေလိုင်းလည်း ရှိတယ်။

"ဟန်ကျတာဘဲနော်။ အဲဒီနေရာသစ်မှာ နေရာကလည်း လှတယ်ပြောတယ်။ ပြီးတော့ အထပ် နဲ့ နေရမှာတဲ့.." ရိုဇီကလဲ ရဲ့ စိတ်လှုပ်ရှားမှု နဲ့ ပြောတဲ့စကားပါ။ "ကျောင်းလည်း ရှိတယ်။ ဈေးလည်း ရှိတယ်။ တော်တော် အဆင်ပြေမှာ"

ဆန်ဘာကလင်း က ရိုဇီတို့ တစ်တွေ နောက်ပြန်နေရမယ့် နေရာပါ။ သူမကို သက်သာသော အတိုးနှုန်း နဲ့ အိမ်ကို အပေါင်ပြန်ထားပြီး၊ ချေးငွေထုတ်ပေးပါတယ်။ ဒီအသစ်ဆောက်ပေးတဲ့ အိမ်တွေမှာ အိမ်တစ်လုံးမှာ ရှိသင့်တာတွေ အကုန်ပါနိုင်အောင်လို့ ကြိုးစားထားတယ်။ မြို့က ဗိသုကာတွေက အခမဲ့ ပုံထုတ်ပေးတာပါ။ နေထိုင်မယ့်သူတွေကို သင်တန်းပေးပြီး၊ ဒီရပ်ကွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်မှာ အလုပ်ပြန်ပေးပါတယ်။

နိုင်ငံရေးသမားကနေ အနားယူပြီးနောက် ဂျေမီဟာ အငြိမ်းစားဘ၀ နဲ့ မွေ့လျော်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဗိသုကာ စိတ်ကူးစိတ်သန်းတွေကိုတော့ မစွန့်လွှတ်သေးပါဘူး။ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေက မြို့ပြများစွာအတွက် ရေရှည်တည့်တံ့နိုင်တဲ့ ဖွံ့ဖြိုးမှုရှိဘို့ သူဟာ အကြံပေး ပညာရှင်အဖြစ် ဆက်လက်ဆောင်ရွက်နေပါတယ်။ 

"ကျနော့်အမြင်အရတော့ မြိဲ့ပြတွေမှာ အနာဂါတ်အလားအလာတွေ ရှိနေပါသေးတယ်။ လူတွေက ပြောင်းလဲဘို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ကြတယ်။ တကယ်လို့ သူတို့မှာ မြို့ပြဆိုင်ရာ ယေဘူယျအမြင်ဆိုတာ မရှိရင်တောင်မှ မြို့ပြနေ အလွှာအသီးသီးအတွက် အမြင်ဆိုတာမျိုး ထားသင့်တယ်။ ဒါကြောင့် လူတွေ အတွက် ပိုကောင်းတဲ့ ဘ၀တွေ ရဘို့ဆိုရင် မြို့တွေကို ပိုလို့နေချင်စဘွယ်ဖြစ်အောင် လုပ်ရမှာပါ။" လို့ သူက ဆိုပါတယ်။ 

Thar Lay
Aug 04, 2013
0623 hr

မူရင်းလင့် > Myanmar Urban Cities

No comments:

Post a Comment