Sunday, November 10, 2013

အောင်ဆန်းမော်ကွန်း


မှတ်မှတ်ရရဆိုရလျှင်လွန်ခဲ့သော သုံးနှစ်ဝန်းကျင် အာဇာနည်နေ့အကြိုကာလဖြစ်သည်။ ကွန်ပြူတာပေါ်
တွင် လက်ဆော့နေရင်း ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအသံဖိုင်တခုကိုတွေ့သည်နှင့် ဖွင့်နားထောင် မိခဲ့သည်။ လွတ်လပ်သောကာလဝယ် မည်သို့မည်ပုံနေထိုင်ပြုမူနေထိုင်ကြရမည်ဖြစ်ကြောင်း အညာလေ ခပ်မာမာ ၊ ခပ်ရိုင်းရိုင်းအသံမျိုးကို ကျနော်ကြိမ်ဖန်များစွာ ကြားဖူးနေလင့်ကစား မရိုးအီနိုင်သည့် သတိချပ် နာယူစရာများကြောင့် အာစုံစိုက်နားထောင်နေစဉ် ရုတ်တရက် နောက်ကွယ်မှ အသံတခုပေါ်လာပါသည်။

`ဦးလေး၊ ဒီဘဲကြီး အသံတော်တော်မိုက်တယ်ဗျ၊ ချက်နဲ့လက်နဲ့ပြောတတ်တယ်၊ အဲဒါဘယ်သူတုန်း`

အသံရှင်ကား ကျနော်နှင့်အတူနေတပည့်ကျော်မောင်ဖြိုးဖြစ်ပြီး တောင်ငူဇာတိ ဖြစ်သည်။ ကိုးတန်းအထိ အတန်း ပညာသင်ခဲ့ပြီး ယခုဖူးခက်မှာ ရွေ့ပြောင်းအလုပ်သမားအဖြစ် လွန်ခဲ့သောငါးနှစ် ခန့်က ရောက်နေ
ခဲ့ပြီး ကျနော့်ထံရောက်နေခဲ့သည်ကား တနှစ်ခန့်ရှိပြီ။ သူ့အပြောနှင့် အမေးကြောင့် ကျနော့်စိတ်တွင်
 အောင့်သီး အောင့်သက် ဖြစ်သွားရသည်ကား အမှန်။

`မင်းနှယ်ကွာ၊ ကိုးတန်းလည်းဆိုသေး၊ ဒီအသံတောင်မကြားဖူးတာအံ့ပါရဲ့။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်း အသံကွ`
`ဟာ ၊ ဦးလေးကလည်း ၊ ကျနော်ဗမာပြည်မှာနေတုန်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေအိမ်မှာ ချိတ်ရင်
တောင် အဖမ်းခံရမလိုလိုပြောနေကြတာဗျ၊ ကျနော်တော့ သူ့အသံတခါမှ မကြားဖူးဘူး၊ ဗိုလ်ချုပ်အောင်
ဆန်းက ဘာ တွေလုပ်ခဲ့တုန်းဗျ`

သူ့အမေးသည် ကျနော့်ရင်ကို မချိတင်ကဲဖြစ်စေခဲ့လေ၏။မောင်ဖြိုးကား ကွန်ပြူတာအတွင်းမှ ဒေါမာန်ပါပါ ဗိုလ်ချုပ်အသံကိုစိတ်ဝင်တစား ဆက်နားထောင်နေချိန်တွင် ကျနော်၏စိတ်အစဉ်၌ ယခုခေတ်လူငယ်များ အတွက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြည့်ပြည့်စုံစုံသိနိုင်မည့် အစီအစဉ်အတခုကို အကောင် အ ထည် ဖော်ရသော် ကောင်းလေစွဟု ပိုင်းဖြတ်နှလုံးပိုက်မိခဲ့ပါသည်။ ထိုပိုင်းဖြတ်ချက်အောင်မြင်သည်အထိ အားထုတ်ပါအံ့ ဟူ၍လည်း ကိုယ့်ကိုယ်ကို ပဋိညာဉ်ပြုခဲ့ပါသည်။

သို့တစေ အသက်သေသည်အထိ ကိုယ်ကျိုးမရှာခဲ့သော မြန်မာလွတ်လပ်ရေးဗိသုကာကြီး၏ မှတ်တမ်း တစုံ တရာအတွက် အားထုတ်ကြိုးပမ်းမည်ဟူသော ကျနော့်ရည်မှန်းချက်သည် ကျနော့်စားဝတ်နေမှု၊ ကိုယ်ကျိုး အလို့ငှာ ဆောင်ရွက်မြဲဗာဟီရ အလုပ်များကြောင့် မှေးမှိန်သွားခဲ့ပြန်ပါသည်။

………………………………………

လွန်ခဲ့သောလ အာဇာနည်နေ့အကြိုတွင် ကျနော်နေထိုင်ရာ ဖူးခက်မြို့သို့ မိသားတစု အလည် အပတ်
ရောက်ခဲ့ပြန်ပါသည်။ သူတို့ကား တောင်အာဖရိကနိုင်ငံတွင် လွန်ခဲ့သောအနှစ်နှစ်ဆယ်က ရောက်ရှိနေခဲ့
ကြပြီး အာဖရိကနိုင်ငံသားအဖြစ်ပင် ခံယူထားခဲ့ကြပြီ။ သို့သော် အလွန်မြန်မာဆန်ကြသည်။ယောက်ျားဖြစ်
သူဆရာဝန်က ဖူးခက်မြို့အနှံ့ ကျနော်လိုက်လံပို့ဆောင်နေချိန်၊ ကားကက်ဆက်မှ ထွက်ပေါ်လာနေသော ကိုအံ့ကြီးသီချင်းကို လိုက်ညည်းနေပြီး ဇနီးဖြစ်သော မန္တလေးသူက ဆယ့်နှစ် နှစ်အရွယ်သမီးငယ်ကို ဗမာ စကားဖြင့် ဗမာပြည်အကြောင်း၊ထိုင်းနိုင်ငံအကြောင်း တတွတ်တွတ်ရှင်းပြနေသည်။ မိခင်၏ကျေးဇူးကြောင့် အာဖရိကဖွားသမီးငယ်မှာ မြန်မာလို မရေးတတ်မဖတ် တတ်လင့် ကစား မြန်မာစကားကိုတော့ ပြောသမျှ
နားလည်ဟန်ရှိသည်။

တခုသောနေ့နံနက်တွင် ဖူးခက်မှ ကျနော့်အိမ်ရှိရာသို့ လာရောက်လည်ပတ်စဉ် ဧည့်ခန်းမှာ ချိတ်ဆွဲ ထားသော ခေါင်းတွင်ပန်းတွေနှင့်ဝေနေသည့် အမျိုးသမီးကြီး၏ ဓာတ်ပုံကို လက်ညှိုးထိုးပြရင်း ဧည့်သည် မိခင်ဖြစ်သူက …
 
`သမီး ၊ ဒါဘယ်သူ့ပုံလဲ သိတယ်နော်`
ဟူသောအမေးကို ကလေးငယ်က ခပ်လေးလေးခေါင်းငြိမ့်လျက်` အောင်ဆန်းစုကြည် `ဟုခပ်လေးလေး ဖြေ ဆိုလိုက်သည်၏ တခဏ၌ ဘေးတွင်ရပ်နေသော ကျနော့်နှုတ်ဖျားမှ မေးခွန်းတခု၊ မထင်မှတ်ပဲ ရုတ်ခြည်း ထွက် ပေါ်သွား ခဲ့ပါသည်။

`ဒါဆို သမီးလေး၊ သူ့အဖေနာမည်ကိုကော သိသလား`
ကလေးငယ်ကား ကျနော့်ကို ဆတ်ကနဲမော့ကြည့်ရင်း ခေါင်းကိုခပ်ဖြေးဖြေး ယမ်းရှာပါသည်။ အော်၊ ဖြစ်ရ
လေဟုသာ ကျနော့်ရင်တွင်းမှ မြည်တမ်းမိတော့သည်။ ကလေးငယ်ကို အပြစ်မဆိုသာပါလေ။ သူတို့သည် နယ်လ်ဆင်မင်ဒယ်လား၊ ကနေဒီ၊ မာတင်လူသာကင်း (ဂျူနီယာ)တို့ကို သိကြလင့်ကစား ဗိုလ်ချုပ်အောင်
ဆန်း အကြောင်းကား အလှမ်းဝေးခဲ့နေကြပြီ။ ကျနော်အပါအဝင် မြန်မာအများစုပင်လျှင် ဗိုလ်ချုပ်အောင် ဆန်းကို အာဇာနည့်နေ့နားရောက်မှ သတိရဖြစ်ကြတော့သည်မှာလည်း ငြင်းမရသောအချက်ဖြစ်ပါသည်။

ဤတွင်မှ လွန်ခဲ့သောကာလများက ကျနော့်စိတ်အစဉ်တွင် ပိုင်းဖြတ်ခဲ့ပြီးကာမှ အကြွေးတင်လျက်ရှိသော လုပ်ငန်းရပ်တခုကို အမြန်အကောင် အထည်ဖော်အံ့ဟူ၍ ယတိပြတ်ထပ်မံဆုံးဖြတ်ခဲ့ရပါတော့သည်။

…………………………………………

ကျနော်၏ အကြံအစည်ကား ထူးခြားဆန်းပြားလှသည်ဟူ၍ကား ဆိုနိုင်မည်မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း
နှင့်ပတ်သက်သော စုဆောင်းရနိုင်သမျှအချက်အလက် ပေါင်းစုံကို ဓာတ်ပြားတချပ်တွင်ထည့်သွင်းကာ မှတ်တမ်းပြုလျက် ယခုမျိုးဆက်၊ နောင်မျိုးဆက်များသို့ ဖြန့်ချိရန်တည်း။ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ် တမ်းမတင်နိုင်ခဲ့သော သူ၏ပုံရိပ်အချို့တွင် ကောင်းဆိုးနှစ်တန်ဝေဖန်ရန် ရှိနိုင်သော်ငြား သူ၏ ရိုးသား
ဖြောင့်မတ်မှုနှင့် နိုင်ငံချစ်စိတ်ကိုကား စိုးစဉ်းမျှထိပါးဖွယ်ရာမရှိကြောင်း ကာလသံမဏိ ကြာရှည် သည့်တိုင်
မှေးမှိန်မသွားသော သူ့ ရုပ်ပုံလွှာက သက်သေပြလျက်ရှိသည်။

မြန်မာပြည်နှင့်မကင်းနိုင်ကြသူအားလုံး၊ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်သိရှိကြည့်ရှု သိမ်းဆည်း ထားနိုင်ရန် အထူးသဖြင့် ရည်ရွယ်၏။ ထိုဓာတ်ပြားတွင် အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်ရေးရာဇ ဝင်မှသည်၊ အသံဖိုင်၊ အရုပ်ဖိုင် ၊ သတင်း ဖိုင်များအပါအဝင် ကဗျာ၊ သီချင်း၊ ဗိုလ်ချုပ်၏လက်ရေးမူ အပါအဝင် မှတ်တမ်းမှတ်ရာမျိုးစုံကို အပြည့်စုံဆုံးရှာဖွေ စုဆောင်းထည့်သွင်းရန်ဖြစ်၏။ အကယ်၍ ဖြစ်နိုင်
ခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်ကို ပေါ်လွင်စေသော ဇာတ်လမ်းတိုကလေးများကိုပါ ထည့်သွင်းရန်ဖြစ်၏။ လိုအပ်သောနေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် စာတန်းထိုးရန် စကားပြောရန် လည်း ကြံရွယ်သည်။

ထိုဓာတ်ပြားသည် ပါတီတဖွဲ့၊ ပုဂ္ဂိုလ်တဦးတယောက်ကို ထိပါးပုတ်ခတ်ရန် မဟုတ်သကဲ့သို့ ထောက်ခံ ဝေ
ဖန်ရန် လည်း မဟုတ်ချေ။ ရိုးရှင်း ခိုင်မာသော မှတ်တမ်းတခုအဖြစ်သာ ကျနော်ရည်သန်မျှော်လင့်သည်။

……………………………………………..

ယခုကာလကဲ့သို့အင်တာနက်ခေတ်ကြီး၌ ဗိုလ်ချုပ်အောင်ဆန်း ဟူသော မြန်မာ စာလုံးကို ဂူဂဲလ်တွင် ရိုက် ထည့်ရုံဖြင့် ဟိုတစ သည်တစ၊ သိနိုင်ကြသည်ကား မှန်ပါ၏။ သို့တစေ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအရာ အပြည့်အစုံကို တနေရာတည်းတွင် ကြည့်ရှုနိုင်သည်ဟူ၍ကား ကျနော် မကြား မသိသေးချေ။ သားစဉ်မြေးဆက် လက်ဆင့် ကမ်းနိုင်လောက်သော ခိုင်မာပြည့်စုံစွာ စုစည်းထားသည့် မှတ်တမ်းမရှိသေးဟုဆိုသော် ရအံ့ထင်သည်။ နီးလွန်း၍ မမြင်နိုင်ခြင်း သည်လည်း ဖြစ်တန်ချေအချက်တခု
ဖြစ်ပါလိမ့်မည်။

နရသိမ်စံ ကိုဇာဂနာကား ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကြီးရိုက်ရန် စီစဉ်ခဲ့သည်လည်းရှိပါ၏။ အဆိုပါ ရုပ်ရှင်သည်လည်း ဇာတ်လမ်းဇာတ်ကွက်အရ အချိန်အကန့်အသတ်ရှိသည်ဖြစ်၍၊ မှတ်တမ်းတခု အနေနှင့်ကား ပြည့်စုံ မည်ဟူ၍မမျှော်လင့်နိုင်သကဲ့သို့ ကာလအားဖြင့် ကြာမြင့်ပေဦးမည်။

……………………………………..

ကျနော်ကား ကွန်ပြူတာဖွင့်တတ်ပိတ်တတ် အဆင့်မျှသာဖြစ်၍ တယောက်အားဖြင့်ယူ၍ ရနိုင်သော အရာ မဟုတ်လေရာ ကမ္ဘာပြားသောကာလတွင် တတ်သိပညာရှင် တို့ကို၊မှန်ပြားပေါ်တွင် စုစည်းနိုင်ပါမှ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်းကို အိုးမကွာအိမ်မကွာဖန်တီး နိုင်မည်ဟု ယုံကြည်သည့်အလျောက် လက်လှမ်းမီရာ စတင်စုစည်းခဲ့ရာ ပြည်တွင်းမှ နိုင်ငံကျော်ဒါရိုက်တာ လူငယ်ဒါရိုက်တာ နှစ်ဦးက စိတ်ဝင် တစားကူညီပံ့ပိုး မည်ဖြစ်ကြောင်း ညတွင်းချင်းပင် အကြောင်းပြန်လာခဲ့ပါသည်။ ထိုလူငယ် ဒါရိုက်တာနှစ်
ဦးကို စတင်ချိတ်ဆက် ပေးသူကား ကွယ်လွန်သူ အဆိုတော် စိုးလွင်လွင်၏ သားဖြစ်သူ ကိုဒေဝဖြစ်၏။

တချိန်တည်းလိုလိုပင် အမေရိကရောက် ပန်းချီမင်းကျော်ခိုင်ကို အကျိုးအကြောင်းရှင်းပြသည့် အခါတွင်လည်း စိတ်အားထက်သန်စွာ ဝိုင်းဝန်းလုပ်ဆောင်ရန် သဘောတူညီယုံမျှမက အဝေးရောက် စွယ်စုံရအနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေကို အကြံပေးအဖြစ် ကူညီပေးပါရန် မေတ္တာရပ်ခံမည်ဆိုပါသည်။

အမျိုးသားခေါင်းဆောင်ကြီး၏ သြဇာတိက္ကမကား ကြီးမားလှချေ၏။ ကျနော်ဆက်သွယ် အကူအညီ တောင်းခံသူတိုင်းသည် ဗိုလ်ချုပ်၏အမည်ကို ကြားကာမျှနှင့် အားတက်သရောကူညီပါမည် ဆိုသူချည်းပင်။ မလေးရှားမှ ကိုတင်နိုင်ဝင်း၊ ချင်းမိုင်နေ ဘလော့ဂါ ကိုသင်ကာ၊ ပြည်တွင်းမှ အယ်ဒီတာ များ၊ စာရေးဆရာများ၊ အားတက်သရော ဝိုင်းဝန်းအားဖြည့်လာကြရုံမျှမက ဗိုလ်ချုပ်၏ဇာတိ နတ်မောက်မြို့တွင် ပြီးခဲ့သည်အာဇာနည်နေ့က ပြတိုက်အဖြစ်ဖွင့်လှစ်ထားခဲ့သော နေအိမ်တွင် သွားရောက်ရိုက်ကူးထားသည့်မှတ်တမ်း၊ ဗိုလ်ချုပ်အောင်ဆန်း အသက်ထင်ရှားရှိစဉ်က သိမှီ ဆုံတွေ့ဖူးသည့် ဗိုလ်ချုပ်ကြီးတင်ဦး၊ ဆရာဒဂုန်တာရာ၊ မြောင်းမြဦးဘဆွေ အစရှိ သူတို့နှင့်တွေ့ ဆုံမေးမြန်းချက်များကိုပါ ပေးပို့မည်ဖြစ်ကြောင်း၊ ကျရာတာဝန်ကိုထမ်းဆောင်ရန်အသင့်ရှိကြကြောင်း ကတိပြုလာကြပါသည်။ ပြည်တွင်းမှ လူငယ်အချို့ဆိုလျှင် စက်တင်ပုံနှိပ်ခြင်း မပြုရသေးသော၊ စာမျက်နှာထာင်ချီရှိသော ၊ ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိကို ပီဒီအက်ဖ်ဖြင့် ရေးကူးနေကြပြီဖြစ်ပါသည်။

ထိုသို့လျှင် အောင်ဆန်းမော်ကွန်းကို ပြည့်စုံခိုင်မာစွာရေးထိုးကမ္ဗည်းတင်နိုင်ရန် အစပြုနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုဤ စာကို ရေးနေချိန်တွင် ဗိုလ်ချုပ်နှင့်ပတ်သက်သော မှတ်တမ်းအတော်များများကို ၊ ကိုသင်ကာနှင့် ကိုတင်နိုင်ဝင်းတို့ ပူးတွဲလျက် အထိုက်အလျောက်ပြည့်စုံစွာ စုဆောင်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ သို့တစေ လုံးဝ ပြည့်စုံ ပြီဟူ၍ကား မဆိုနိုင်သေးသည်ဖြစ်၍ ပြည်တွင်းပြည်ပမှ အောင်ဆန်းချစ်သူများ၏ အကူအညီ အထောက်အပံ့ လိုအပ်နေဦးမည်ကား သေချာလှပါသည်။ ဤလုပ်ငန်းကို မလွဲမသွေ အောင်မြင်မည်ဟု ယုံကြည်သည့်အလျောက် လက်ရှိအခြေအနေတွင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုခု၏ အလှူငွေ တစုံတရာဖြင့် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်းကိုလည်း ရှင်းလင်းစွာ ကြိုတင် အသိပေးလိုပါသည်။

ထို့အပြင် ကျနော်စိတ်ကူးယဉ်ခဲ့သော တန်းဝင်ဓာတ်ပြားတချပ်ဖြစ်မြောက်လာရေးအတွက် ဇာတ်ညွှန်း ခွဲနိုင်သူ၊ ရုပ်သံရိုက်ကူးပေးနိုင်သူ၊ အသံဖက်ဆိုင်ရာပညာရှင်၊ ဗီဒီယို စိစစ်တည်းဖြတ်နိုင်သူ၊ နောက်ခံဇာတ်
ကြောင်းကို အသံသြဇာအပြည့်ဖြင့် ပြောနိုင်မည့်သူ၊ လိုအပ်သောအထောက်အထားကို ကူညီရှာဖွေပေးနိုင်
သူ စသည်ဖြင့် တတ်ကျွမ်းနားလည်သူ၊ အခမဲ့ကူလီထမ်းလိုသူ အများအပြားလိုအပ်နေဆဲဖြစ်သောကြောင့် ဤစာစုကို တခုတ်တရရေး ပါသည်။ ထက်သန်သောစိတ်ဖြင့် ဝိုင်းဝန်းပံ့ပိုးကြမည်ဟုလည်း ကျနော်ခိုင်မာစွာ ယုံကြည် မျှော်လင့် ပါသည်။

အကယ်၍စာဖတ်သူအနေဖြင့် အထက်ဖော်ပြပါလုပ်ငန်းစဉ်တွင်တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်း လိုသည် ဆိုငြားအံ့။ ဤလုပ်ငန်းစဉ်ကို အဓိကနေရာမှ ဆောင်ရွက်နေကြသော
ကိုသင်ကာ (mmfreethinker@gmail .com )
ကိုတင်နိုင်ဝင်း ( tnaingwin08@gmail.com) နှင့်
တောက်တိုမယ်ရ ကျွမ်းကျင်သူ (mindin3000 @ gmial.com) သို့ အချိန်နာရီမရွေး ဆက်သွယ်ပံ့ပိုးကြပါ
ရန် အလေးအနက်မေတ္တာရပ်ခံလိုပါသည်။

လေးစားမှုများဖြင့်

မင်းဒင်
 

No comments:

Post a Comment