Tuesday, November 12, 2013

တန်းတူအခွင့်အရေး နှင့် ဓလေ့ထုံးတမ်း




ယနေ့  အချိန် မှာ “ လူ့ အခွင့်အရေး …. လူ့ အခွင့်အရေး ”ဆိုပြီး နိုင်ငံတိုင်းပြောနေကြတာ သတင်းစာ မျက်နှာတွေ က သက်သေ ပါပဲ ။  ဒါပင်မဲ့  တစ်နေ့ တခြား ကြီးထွားနေတဲ့ လူတန်းစားကွာဟမှု့ ကိုတော့ ကျနော် တို့ လို ဟိုမရောက်ဒီမရောက် လူတန်းစားများ မျက်မြင်ကိုယ် တွေ့ ပါပဲ ။ လူတန်းစားကွာဟမှု တစ်ခုတည်းမဟုတ်ပါဘူး အရင်းရှင်  အုပ်ချူပ်မှု တွေပါ တွေ့ ရတတ်ပါတယ် ။ ပညာရှင်တွေကတော့ ဒါကို ၂၁ ရာစုရဲ့ လက်ဆောင်တစ်ခုလို့  သတ်မှတ်ထားပါတယ် ။
ဘယ်လိုပဲ ဖြစ်ပါစေ “ လူသားတိုင်း တန်းတူအခွင့်အရေး ” ရှိရမည်ဆိုတဲ့ ကြွေးကြော်သံများကတော့ အားရစရာပါပဲ ။ တစ်ကယ်ပဲ ကျနော်တို့ လူသားများတန်းတူအခွင့်အရေး ရနိုင်မှာလား … ? ။ ကိုယ်တိုင် လည်း ပါဝင်မလုပ်ဆောင်နိုင်တော့ ဘေးကနေကာ  လက်ခုပ်တီးပြီး မျှော်လင့်ရတာပေါ့ ။ ကျနော်တို့ လူသားတိုင်းမှာ စာနာတတ်တဲ့ စိတ်အခြေခံလေးတော့ ရှိတတ်ကြပါတယ် 
ဘယ်သူမဆို ဆင်းရဲဒုက္ခ ရောက်နေတဲ့ သူကို တွေ့ ရင် အနည်းနဲ့  အများတော့ သနားတက်ကြတာ လူ့ သဘာဝပါပဲ ။ ဒီလို ဆင်းရဲမွဲတေတဲ့ လူတန်းစားများအတွက် တန်းတူအခွင့်အရေးဆိုတာ အမှောင်ကမ္ဘာထဲက ဖယောင်း တိုင်လေး တစ်တိုင်လို တန်ဖိုးရှိလှ ပါတယ် ။
  
တန်ဖိုးရှိလှတဲ့ ဖယောင်းတိုင်လေးလို လူသားတိုင်း တန်းတူအခွင့်အရေး ဆိုတာ ဖြစ်နိုင်၏ ။ မဖြစ်နိုင်၏ ဆိုတာလေးကို ကျနော် ဥာဏ်မှီသလောက် စဉ်းစားမိရင်း ၊ လှု့ အခွင့်အရေးဆုံးခဲ့ရတဲ့ မှတ်တမ်း သမိုင်းစာမျက်နှာတွေ ကိုလည်း  ဖတ်ရှုမိခဲ့ပါတယ် ။ ဒီနေရာမှာ တန်းတူအခွင့်အရေး ဆိုတာအတွက် အတားအဆီးလေးတစ်ခု ကို သတိပြုမိပါတယ် ။ ဒီအကြောင်းအရာလေးကတော့  “ ဓလေ့ထုံးတမ်း ” ဆိုတာပါပဲ … ။
ကမ္ဘာပေါ်မှာ မတူညီတဲ့ လူမျိုးတွေဟာ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေ ၊ ရိုးရာယဉ်ကျေးမှု့ တွေ အမျိုးမျိုး ရှိတာကြောင့်  လူသားတိုင်းအတွက် တန်းတူအခွင့်အရေးဆိုတာဟာ တချို့ နေရာတွေမှာ ဓလေ့ထုံးတမ်း ဆိုတဲ့ အကြောင်းအရာ အောက်မှာ ပျောက်ဆုံးနေတာတွေကို အထင်အရှားတွေ့ ရပါတယ် ။  အဖြစ်များတဲ့ အကြောင်းအရာလေး တစ်ခုကတော့ အမျိုးသား အမျိုးသမီး ခွဲခြားခံရခြင်း ပါပဲ ။ ဓလေ့ထုံးတမ်း အများစုမှာ အမျိုးသားတွေဟာ မြင့်မြတ်တယ် ။ ဒါကြောင့် အမျိုးသားများသာ အုပ်ချူပ်သူ လူတန်းစား ပဲ ဖြစ်သင့်တယ် ဆိုတဲ့ အချက်ပါပဲ ။
ဥပမာတစ်ခုအနေနှင့်ပြောရရင် နီပေါနိုင်ငံမှာ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ အမျိုးသမီးတွေ ဟာ မြေယာပိုင်ဆိုင်ခွင့် မရှိသလို ဘဏ်စာရင်း ထားပိုင်ခွင့်မရှိပါဘူး ။ ဒါအပြင် သမီးဖြစ်သူက အဖေကို အားကိုးရတယ် ။ ဇနီးလုပ်သူက ခင်ပွန်းကို အားကိုးရတယ် ။ အမေလုပ်သူက သားသမီးကို အားကိုးရတယ်လို့  ဓလေ့ထုံးတမ်း တစ်ခုလို လက်ခံ ယုံကြည့်ခဲ့တာ တွေ့ ရပါတယ် ။ နီပေါနိုင်ငံမှာ ၂၀၀၅ ခုနှစ် ကျမှ အမျိုးသမီးများ မြေယာပိုင်ဆိုင်ခွင့် ၊ ဘဏ်စာရင်း ထားရှိခွင့် ဆိုတဲ့ တန်းတူအခွင့်ရေးတချို့  နီပေါအမျိုးသမီးလူထု ခံစားနိုင်ခဲ့ရတာပါ ။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် တန်းတူအခွင့်အရေး ဆိုတာအတွက် ဓလေ့ထုံးတမ်းကို ပယ်ဖျက်ရတယ် ဆိုတာပါပဲ ။ အမျိုးသား အမျိုးသမီး ခွဲခြားခံရ တဲ့ ဖြစ်စဉ် တော်တော်များများဟာ ဓလေ့ထုံးတမ်းကို အခြေပြုနေတာ တိုက်တိုက်ဆိုင်ဆိုင်တွေ့  ရပါတယ်။
ကျနော် အကြောင်းအရာလေးတစ်ခုလောက် ပြောပြချင်ပါသေးတယ်။ မြန်မာနိုင်ငံလူ့ အခွင့်အရေး လှုပ်ရှား မှုတွေထဲက  လိင်လုပ်သားများအတွက် တန်းတူအခွင့်ရေးဆိုတာပါပဲ ။ လိင်လုပ်သားများ တန်းတူအခွင့် အရေး ဆိုတဲ့အကြောင်းအရာဟာ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းကို မျက်ကွယ်ပြုသလို ဖြစ်နေတဲ့ အခြေအနေ ပါ ။
လိင်တူဖြစ်စေ ၊ ပြည့်တန်ဆာ ဖြစ်စေ ဒီလုပ်ငန်းဟာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း နဲ့  ကိုက်ညီမှု့  မရှိဘူး ဆိုတာ အငြင်းပွားဖွယ်ရာ မရှိလောက်ပါဘူး။ ဒါကြောင့်လည်း ၁၉၄၉ ခုနှစ်မှာ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ပြဌာန်း ခဲ့ပြီး တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်ဒဏ်မျိုးကို ထားရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ချနိုင်သည်အထိ ပြင်ဆင်ခဲ့ပြန်ပါတယ်။ ဒီဥပဒေဟာ ထိရောက်မှု့ ရှိမရှိဆိုတာတော့ တစ်နေ့ တခြားအရေအတွက်တိုးနေတဲ့ လိင်လုပ်သားများက သက်သေပါပဲ။
ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ လိင်လုပ်သားများကို တန်းတူအခွင့်ရေးဆိုတာနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကွာဟမှု့ ကြီးမားနေတာတွေရပြန်ပါတယ် ။ ဖြစ်စဉ်များကို ခြုံကြည့်မယ်ဆိုရင် တရားမဝင်ဆိုတဲ့ စကား ရပ်ကြောင့် လူသားအချင်းချင်း ညှင်းပန်နှိက်စက် ခံရတဲ့ အခြေအနေမျိုးတွေထိ ရှိနေတယ်ဆိုတာ အားလုံး လည်း သိလောက်မှာပါ ။ နောက်တစ်ချက်က တရားမဝင် ဆိုတဲ့ စကားရပ်အောက်မှာ လိင်လုပ်သားများရဲ့ ကျန်းမာရေးအသိ ပျောက်ဆုံးနေတာကြောင့်  လိင်မှတစ်ဆင့်ကူးစက်စေတဲ့ ရောဂါများ ကျနော်တို့ နိုင်ငံမှာ သိသိသာသာ တိုးပွားလျှက်ရှိတယ်ဆိုတာ ကျန်းမာရေးစာမျက်နှာတွေက သက်သေတည်လျှက်ပါ ။
အခုလို လိင်မှတစ်ဆင့်ကူးစက်စေတဲ့ ရောဂါများ တိုးပွားနေတာဟာ တနည်းအားဖြင့် ပြည်သူ့ကျန်းမာရေး ကို တိုက်ရိုက်ထိခိုက်လျှက် ရှိနေပါတယ် ။ မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန ၊ UNAIDS ၊ ကမ္ဘာ့ကျန်း မာရေးအဖွဲ့တို့ရဲ့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemio-logical Model Myanmar 2010-2015  ''တွင် ပါရှိတဲ့ ဖော်ပြချက်များအရ မြန်မာနိုင်ငံမှာ HIV ပိုးကူး စက်ခံရသူ နှစ်သိန်းဝန်းကျင်ခန့်  ရှိပြီး တစ်ရက်ကို ၂၃ဦးခန့်  ကူးစက်ခံနေရတယ်လို့  ဖော်ပြထားပါတယ် ။   
ဒီဖြစ်ရပ်များကို ခြုံပြီးကြည့်မယ်ဆိုရင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေရဲ့  တရားမဝင်ဆို တဲ့စကားရပ်ကို အခြေပြုနေတယ်လို့  ကျနော် အနေနှင့် ယူဆမိတယ် ။

ကျနော်ရဲ့ blogger မိတ်ဆွေသူငယ်ချင်းများ ခဗျာ …. လိင်လုပ်သားများ တန်းတူအခွင့်အရေး ဆိုတာ အတွက် မြန်မာ့ဓလေ့ထုံးတမ်းကို ပယ်ဖျတ်ပြီး ဥပဒေဖြင့် စီစစ်ထိန်းချူပ်ကာ ပြည်သူ့ကျန်းမာရေး အ တွက် ပြုလုပ်သင့်သည်လော …..  ????? ။ ဒါမှမဟုတ် မြန်မာ့ဓလေ့ထုံးတမ်းကို ထိန်းသိမ်းကာ တိကျပြတ် သားတဲ့ ဥပဒေတစ်ရပ်ဖြင့် ပြည်သူ့ ကျန်းမာရေးအတွက် ပြုလုပ်သင့်သည်လော …. ?????? ။ 
ပြည်သူ့ ကျန်းမာရေးအတွက် တန်းတူအခွင့်အရေးနှင့် ဓလေ့ထုံးတမ်း တစ်ခုခုကိုတော့ ရွေးချယ် လုပ်ဆောင်သင့်တဲ့ အချိန်ရောက်ပြီလို့  တွေးမိရင်း ဒီ post လေးကို အဆုံးသတ်လိုက်ပါတယ် … ။

မောင်ဘုန်း
ကောင်းကင်ဖြူ 

ဆက်စပ်ဖတ်ရှုရန် >>>အမျိုးသား အမျိုးသမီးနဲ့ ခွဲခြားမှု ထင်မြင်ယူဆချက်

No comments:

Post a Comment